Sports Car Review(2017 Lotus Exige Sport 380)

462

အဂင်္လန်နိုင်ငံရဲ့ နာမည်ကျော်ပြိုင်ကားကုမ္ပဏီတစ်ခု ဖြစ်တဲ့ Lotus ဟာ ပြိုင်ကားကောင်းကောင်းတွေကို တစ်နှစ်ပြီးတစ်နှစ် မရိုးရလေအောင် ဖန်တီးထုတ်လုပ် ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က စွမ်းဆောင်ရည်မြင့် Exige Sport 350 ပြိုင်ကားမိုဒယ်ကို ထုတ်လုပ်ခဲ့ပြီးတဲ့ Lotus ဟာ အခု ၂ဝ၁၇ ခုနှစ်မှာလည်း အဆင့်အမြင့်ဆုံးနဲ့ နောက်ဆုံးပေါ် Exige မိုဒယ်လို့ဆိုရမယ့် Exige Sport 380 မိုဒယ်သစ်ကို ထပ်တိုးထုတ်လုပ်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ အဆိုအရ Sport 350 မိုဒယ်ကို အခြေခံတည်ဆောက်ထားတဲ့ Exige မိုဒယ်ရဲ့မိသားစုဝင်သစ် လမ်းပေါ်မောင်းခွင့်ရ ပြိုင်ကားသစ်လေး Sport 380 ဟာ အပေါ့ပါးဆုံး၊ စွမ်းဆောင်ရည် အပြည့်ဝဆုံးနဲ့ အလျင်မြန်ဆုံး Exige ကားမိုဒယ်လို့လည်း ဆိုနိုင်ပါတယ်။ သူ့ပြိုင်ဘက်တွေထက်လည်း သာလွန်မြန်ဆန်တဲ့ ၂ဝ၁၇ ခုနှစ်မိုဒယ် Lotus Exige Sport 380 ပြိုင်ကားသစ်လေးအတွက် ကြိုတင်အမှာစာတွေကို ၂ဝ၁၆ ခုနှစ်ကတည်းက လက်ခံခဲ့ပြီး Manual ဂီယာနဲ့ မိုဒယ်ကိုတင်မက Auto ဂီယာနဲ့ မိုဒယ်ကိုလည်း ရွေးချယ်ရရှိနိုင်ပါတယ်။ Manual ဂီယာနဲ့ Sport 350 ပြိုင်ကားကို ၂ဝ၁၇ ခုနှစ် အစောပိုင်းကတည်းက စတင်စျေးကွက်တင်ခဲ့ပြီး Auto ဂီယာတပ် မိုဒယ်ကိုတော့ ၂ဝ၁၇ ခုနှစ်ရဲ့ နွေဦးရာသီမှာ စျေးကွက်တင်ရောင်းခဲ့ပါတယ်။ Coupe ဗားရှင်း ထက် Roadster ဗားရှင်းအရင်ထွက်ရှိလာတဲ့ ၂ဝ၁၇  Lotus Exige Sport 380 ပြိုင်ကားသစ်လေးရဲ့ စျေးကတော့ ဗြိတိသျှစျေးကွက်မှာ ပေါင် ၆၇,၉ဝဝ (အမေ ရိကန်ဒေါ်လာ ၁၁၃,၈၂၉ ဝန်းကျင်) ဖြစ်ပါတယ်။

 

တံခါးနှစ်ပေါက်နဲ့ နှစ်ယောက်စီး ပြိုင်ကား သစ်လေး Lotus Exige Sport 380 ဟာ Sport 350 မိုဒယ်ကိုပဲ အခြေခံပြီး အချိုးအစားကျနစွာ တည်ဆောက်ထားတာကြောင့် အပြောင်းအလဲ နည်းပါးပါတယ်။ ကားကိုယ်ထည်ရဲ့ အပေါ် ယံသွင်ပြင်က မပြောင်းလဲသလို ဗြက်ကျယ်တဲ့ ခပ်ဝပ်ဝပ်ကိုယ်ထည် ဟန်ပန်၊ မြင့်မားပေါ်လွင် တဲ့ ကားဘီးခုံးဧရိယာ၊ ကားတံခါးအနောက်ဘက်က အရွယ်အစားကြီးမားတဲ့ ပါးဟက်ပုံ လေစုပ်ပေါက်တွေနဲ့ ကိုယ်ထည်အတွန့်အချိုး ကောက်ကြောင်းတွေကလည်း ခပ်ဆင်ဆင်တူပါတယ်။ ကား ခေါင်မိုးကောက်ကြောင်းတွေဟာ ကားအနောက်ဘက်ဆီ လှလှပပ ဆင်းသက်လာပြီး တိကျသေသပ်တဲ့ ခပ်ပြားပြား ခပ်တိုတို ကားအနောက်စွန်းဒီဇိုင်းဟာ ကားရဲ့အသွင်ကို ပြိုင်ကားဆန်ဆန် ခံ့ညားလှပဟန် ပေါက်စေပါတယ်။ ကားရှေ့မျက်နှာစာမှာ အနက်ရောင် ပေါင်ကွပ်ထားတဲ့ ကားရှေ့မီး ဒီဇိုင်းသစ်ပါဝင်သလို ကားအနောက်ဘက်မှာတော့ အရင်လို မီးအုံလေးခု မဟုတ်တော့ဘဲ နှစ်ခုကိုပဲ ရိုးရိုးရှင်းရှင်း တပ်ဆင်ပေး ထားပါတယ်။ အရှေ့မျက်နှာစာက ထပ်တိုးထားတဲ့ Canard ပြားတွေနဲ့ အနောက်ဘက်က GT စတိုင်လ် အနက်ရောင် လေပင့်အားထိန်းတောင်ပံတို့က ကားရဲ့ လေခွင်းအားကို ပိုပြီး တိုးတက်ကောင်းမွန်စေပါတယ်။ ကားကိုယ်ထည်တစ်ခုလုံးမှာ မူလကိုယ်ထည်အရောင် တင်မကဘဲ အနက်နဲ့အနီကိုလည်း ရောစပ်ဖန်တီးထားပြီး ကားအရှေ့ဘက် လေကာမှန်ပေါင်၊ ကားခေါင်မိုး ဧရိယာ၊ လေကာမှန်အစွန်း ကားရှေ့စက်ဖုံးပေါ်က အနက်ရောင်ဧရိယာ၊ ကားရှေ့မီးအုံရဲ့ ဘေးပတ်လည်ပေါင်၊ လေစုပ်ပေါက်တွေ၊ ကားဘီးတွေနဲ့ ကား အနောက်ဘက်စွန်းဧရိယာတို့ကို အနက်ရောင်အ ဖြစ် တွေ့မြင်နိုင်ပြီး ကားကိုယ်ထည်အောက်ခံ Undetray  ၊ ကိုင်းနှစ်ခွနဲ့ ဘေးဘက်မှန်တွေ၊ ကား ရှေ့စက်ဖုံးပေါ်က အနက်ရောင် Access Panel ဧရိယာပေါင်၊ ဘေးဘက်လေစုပ်ပေါက်၊ ကားအနောက်ဘက် လေပင့်အားထိန်းတောင်ပံနဲ့ Rear Diffuser တို့ကို အနီရောင် ဆေးခြယ်ဖန်တီးထားပါတယ်။ ကားအရှေ့ဘက်က Front Splitter ၊ အသစ်မွမ်းမံထားတဲ့ Access Panel ၊ ဘမ်ပါမှာ တပ်ဆင်ထားတဲ့ Canard တွေ၊ အရွယ်အစားကြီးမားတဲ့ အနောက်ဘက်လေပင့် အားထိန်းတောင်ပံနဲ့ Rear diffuser တို့လို ကိုယ်ထည်အစိတ်အပိုင်းတွေကို ပေါ့ပါးကြံ့ခိုင်တဲ့ ကာဗွန်ဖိုင်ဘာသားတွေနဲ့ ဖန်တီးထားတာကြောင့် ကားကိုယ်ထည် အလေးချိန်ကို ပိုပေါ့ပါးစေပါတယ်။ အဲဒီလို အလေးချိန်ကို လျှော့ချတည်ဆောက်ထားတာကြောင့်လည်း အရင်မိုဒယ်တွေထက် ပိုပြီး ပေါ့ပါးဖျတ်လတ်ပါတယ်။ ထပ်တိုးထားတဲ့ လေခွင်းအစိတ်အပိုင်းတွေက မြေဝပ်အားကိုလည်း ပိုကောင်းစေတာကြောင့် Sport 380 ရဲ့ မြေဝပ်အားဟာ သူ့ပြိုင်ဘက် Porsche Cayman GT4 ထက်တောင် ပိုကောင်းမွန်ပါတယ်။ ကားကို စွမ်းဆောင်ရည်ကောင်းစေတဲ့ အဓိကအားသာ ချက်ကတော့ ပေါ့ပါးတဲ့ ကိုယ်ထည်အလေးချိန်ပါပဲ။ ကာဗွန်ဖိုင်ဘာသားကားခေါင်မိုးဟာ အရင်ထက် ပိုလေးပေမဲ့ ကာဗွန်ဖိုင်ဘာသား ကားအနောက်ဘက် စွန်းကတော့ အရင်ထက် ပိုပေါ့ပါးပါတယ်။ ဒါ့ပြင် Sport 380 ရဲ့ ကိုယ်ထည်တစ်ခုလုံး အလေးချိန်ဟာ Exige 350 ထက်လည်း ၅၅ ပေါင်လောက် ပိုပေါ့ပါတယ်။

 

Sport 380 ပြိုင်ကားသစ်မှာ Sport 350 မိုဒယ် ရဲ့ အင်ဂျင်ကို ထပ်တိုးအဆင့်မြင့်တင်ထားတဲ့ 3.5 L Supercharged  V6 အင်ဂျင် တပ်ဆင်ထားပြီး မြင်းကောင်ရေ ၃၇၅ ကောင်အားအထိ ထုတ်လုပ်ပေး နိုင်တာကြောင့် Sport 350 ထက် မြင်းကောင်ရေ သုံးဆယ်အား ပိုများပါတယ်။ Sport 380 ရဲ့ အမြင့် ဆုံးအမြန်နှုန်းက တစ်နာရီကို ၁၇၈ မိုင်နှုန်းဖြစ်ပြီး ၃ ဒသမ ၅ စက္ကန့်အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ မိုင်ခြောက်ဆယ်နှုန်းရောက်အောင် အရှိန်မြင့်တင်နိုင်ပါ တယ်။ အဲဒီနှုန်းထားအရဆိုရင် Sport 380 ဟာ Lotus Sprt 350 ထက်လည်း ပိုပြီး မြန်ဆန်ဖျတ်လတ်ပါတယ်။ အင်ဂျင်က ထုတ်လုပ်ပေးလိုက်တဲ့ စွမ်းအင်တွေကိုတော့ အဆင့်မြင့်တင်ထားတဲ့ Manual ဂီယာ ခြောက်ချက်ကနေတစ်ဆင့် ကားဘီးတွေဆီ ပို့လွှတ် မောင်းနှင်စေမှာပါ။ ကားအတွင်းခန်းကိုတော့ Lotus ကားတွေရဲ့ထုံးစံအတိုင်း ကားမောင်းသူကိုပဲ အဓိက အသားပေးထားပြီး ကားအတွင်းခန်းနည်းပညာတွေ ကိုတော့ ခေတ်မီအောင် အဆင့်မြင့်ဖန်တီးထည့်သွင်း ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here