Sports Car Review

818

နာမည်ကျော်စူပါပြိုင်ကားကုမ္ပဏီ Lamborghini ဟာ Aventador ပြိုင်ကားကို ကုမ္ပဏီရဲ့ထိပ်တန်း စူပါပြိုင် ကားမိုဒယ်အဖြစ် ၂ဝ၁၁ ခုနှစ်၊ အစောပိုင်းကတည်းက တည်ဆောက်ထုတ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမိုးဖွင့်ပုံစံ Roadster ဗားရှင်းနဲ့ စွမ်းဆောင်ရည်မြင့် ဗားရှင်း SuperVeloce တို့လို အထူးထုတ်ဗားရှင်းတွေ ထပ်တိုးဖန်တီးခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ် နှောင်း ပိုင်းမှာလည်း Aventador S အမည်နဲ့ ဗားရှင်းသစ် တစ်ခု ထပ်တိုးမွမ်းမံထုတ်လုပ်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်က တရားဝင်ပွဲထုတ်ပြသခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ် အစောပိုင်းကတည်းက အများသုံးလမ်း တွေပေါ်မှာ စမ်းသပ်မောင်းနှင်ခဲ့ပြီးဖြစ်တဲ့ Aventador S ဟာ ထင်သာမြင်သာတဲ့ အပြောင်းအလဲအများကြီး မရှိဘဲ ခပ်ပါးပါးလေး မွမ်းမံထားတာပါ။ ကုမ္ပဏီရဲ့ အဆိုအရတော့ လေခွင်းအားနဲ့ အောက်ခံထည်ပိုင်းကို အပြည့်အဝမွမ်းမံထားတယ်လို့ဆိုပြီး စွမ်းအားပိုပြည့်ဝ တာကြောင့် ကုမ္ပဏီထုတ် စွမ်းဆောင်ရည်အမိုက်စား SuperVeloce ပြိုင်ကားနဲ့တောင် ပိုနီးစပ်ပါတယ်။ Lamborghini ကုမ္ပဏီ ဥက္ကဋ္ဌကိုယ်တိုင်က Aventador S ဟာ စူပါပြိုင်ကားတွေ ဖန်တီးထုတ်လုပ်ရာမှာ စွမ်းဆောင်ရည်နဲ့ နည်းပညာသစ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်လာမှုကို အကောင်းဆုံး ဖော်ကျူးပြသနေတဲ့ Aventador မျိုးဆက်သစ်မိုဒယ်ဖြစ်ကြောင်း ပြောခဲ့သလို အနာဂတ်ရဲ့ရှေ့ပြေးဒီဇိုင်း၊ ခေတ်သစ်နည်းပညာ နဲ့ မောင်းနှင်မှုစွမ်းအားတို့ လိုက်ဖက်ညီစွာ သဟဇာတ ဖြစ်နေတဲ့ Aventador S ဟာ စူပါပြိုင်ကားတွေရဲ့ Concept ပုံစံကို အဆင့်သစ်တစ်ခုဆီ တွန်းပို့ပေးနေ တာလို့လည်း ဆိုပါတယ်။ အဆင့်မြင့်စူပါပြိုင်ကားဈေး ကွက်မှာ 2017 Lamborghini Aventador LP 740-4 S နဲ့ အနီးစပ်ဆုံးပြိုင်ဘက်လို့ ဆိုနိုင်တာကတော့ Ferrari F12berlinetta ပါပဲ။
တံခါးနှစ်ပေါက်နဲ့ စူပါပြိုင်ကားမိုဒယ်သစ် Aventador S ကို အဝေးကကြည့်ရင် အရင်မိုဒယ်နဲ့ တူသယောင် ရှိပေမဲ့ နီးနီးကပ်ကပ် ကြည့်မယ်ဆိုရင်တော့ ဒီဇိုင်းအပြင်အဆင်သစ်တွေကို တွေ့မြင်နိုင်ပါတယ်။ ကားရှေ့မျက်နှာစာမှာ ပိုခံ့ညားထည်ဝါတဲ့ အရှေ့ အလယ်ပိုင်းဧရိယာနဲ့ သိသိသာသာ ဒီဇိုင်းမွမ်းမံ ပြောင်းလဲထားတဲ့ ကားရှေ့ဘမ်ပါတို့က အထင်ရှားဆုံးပါပဲ။ ကားအရှေ့ဘက်စွန်းရဲ့ အလယ်ပိုင်းမှာ အရင်လို ကိုယ်ထည်အရောင်အတိုင်း ဖန်တီးထားတဲ့ သတ္တုပြား မဟုတ်တော့ဘဲ Front Spiltter နဲ့ အရွယ်အစားသေး ငယ်တဲ့ ဘေးဘက်လေစုပ်ပေါက်တွေရဲ့ ဝန်းကျင်ကို အနက်ရောင်ဖန်တီးထားပါတယ်။ ဒါ့ပြင် Spiltter ဟာ လည်း အရင်ထက် ပိုရှည်လျားပြီး ဘမ်ပါရဲ့ ဘေးစွန်း နှစ်ဖက်အထိ ချဲ့ကားထားပါတယ်။ အဲဒီလို မွမ်းမံမှုက လေစီးဆင်းမှုကို ပိုချောမွေ့စေတာကြောင့် လေခွင်း အား ပိုကောင်းစေရုံတင်မကဘဲ အင်ဂျင်ရဲ့ အေးမြမှုကို လည်း ပိုတိုးစေပါတယ်။ ကားဘေးဘက်ဒီဇိုင်းကတော့ ထူးထူးခြားခြား အပြောင်းအလဲမရှိပေမဲ့ Lamborghini ထုတ် ခေတ်ဟောင်းကားမိုဒယ် Countach ရဲ့ ပုံစံကို ခပ်ပါးပါးမှီငြမ်းထားတဲ့ ကားနောက်ဘီးခုံးဒီဇိုင်းသစ်ကို တွေ့မြင်ကြရမှာပါ။ ကားနောက်ဘီခုံးရဲ့ ထိပ်ပိုင်းဟာ လေးထောင့်စပ်စပ်ပုံစံရှိပြီး ဘီးခုံးကောက်ကြောင်းတွေ ကတော့ ကားဘေးဘက် Side Skirt တွေဆီ အချိုး ကျကျ သွယ်ဝိုက်ဆင်းသက်လာပါတယ်။ အသိသာ အထင်ရှားဆုံး အပြောင်းအလဲတွေကို ကားနောက်ပိုင်းမှာ တွေ့မြင်နိုင်ပြီး ကားနောက်မီးတွေရဲ့ အောက်ဘက် ကတော့ အထူးခြားဆုံးပါပဲ။ ကားနောက်မီးနှစ်ခုကြား ဧရိယာကိုလည်း အရင်လိုကိုယ်ထည်အရောင်အတိုင်း မဟုတ်ဘဲ အနက်ရောင်ပဲ ဖန်တီးထားပြီး ဘေးဘက် လေစုပ်ပေါက်တွေက ပိုပြီး သွယ်လျပါတယ်။ လေစုပ် ပေါက်တွေ ပိုသေးသွားတာကြောင့် ဘမ်ပါဟာ ဘေး ဘက်အထိ ပိုရှည်လာပြီး ကားကိုလည်း ပိုပြီးတောင့် တင်းကြံ့ခိုင်တဲ့ ရုပ်ထွက်မျိုးပိုင်ဆိုင်စေပါတယ်။ ဘမ်ပါအောက်ဘက်မှာတော့ ဒီဇိုင်းဆန်းအိပ်ဇောပိုက်ရဲ့ ဘေးတစ်ဖက်စီမှာ ငါးဆူးတောင်ပုံ သတ္တုပြားတွေ ပါဝင်တဲ့ ပြိုင်ပွဲဝင်ကားဆန်ဆန် Diffuser ခပ်ကြီးကြီး ပါဝင်ပါတယ်။ အဲဒီ Diffuser ဒီဇိုင်းသစ်ဟာ ကားကိုယ်ထည်တရွတ်ဆွဲမှုကနေလည်း လျော့နည်းစေပါတယ်။ လေခွင်းအားပိုင်းကို ပြောရမယ်ဆိုရင် ကားအနောက်ဘက် လေပင့်အားထိန်းတောင်ပံအရှင်ဟာ ကားရဲ့အမြန်နှုန်းနဲ့ မောင်းနှင်မှုပုံစံအပေါ်မူတည်ပြီး အနေအထားသုံးမျိုး ပြောင်းလဲနိုင်ပါတယ်။ ဒါ့ပြင် အသစ်မွမ်းမံထားတဲ့ Aventador S မှာ ကိုယ်ထည်အရှေ့ဘက်မြေဝပ်အားကိုလည်း အရင်ထက် ၁၃ဝ ရာခိုင်နှုန်း ပိုတိုးလာအောင် ဖန်တီးထားပါတယ်။
အင်ဂျင်နဲ့ စက်ပိုင်းဆိုင်ရာကိုလည်း ထပ်တိုး အဆင့်မြှင့်တင်ထားတဲ့ Aventador LP 740-4 S ပြိုင်ကားသစ်မှာ နာမည်နဲ့လိုက်ဖက်ညီအောင် မြင်းကောင်ရေ ရ၃ဝ အား 6.5 Liter V12 အင်ဂျင်ကို ISR (Independent Shifting Rod) ဂီယာခုနစ်ချက် နဲ့ တွဲဖက်တပ်ဆင်ထားပါတယ်။ အဲဒီနှုန်းထားအရ Aventador S ဟာ အရင်ထက် မြင်းကောင်ရေအား လေးဆယ်ပိုများပြီး စွမ်းဆောင်ရည်မြင့် Aventador SV ပြိုင်ကားနဲ့ ယှဉ်ရင်တောင် မြင်းကောင်ရေကိုး ကောင်အားပဲ ပိုနည်းပါတယ်။ အဲဒီလို စွမ်းအင်ပိုများ လာရတဲ့ အဓိကအကြောင်းရင်းကတော့ VVT (Variable Valve Timing) နဲ့ VIS(Variable Intake System) တို့လို နည်းစနစ်တွေကြောင့်လို့ ဆိုနိုင်ပါ တယ်။ ကားရဲ့ အမြင့်ဆုံးမောင်းနှင်နိုင်တဲ့ အမြန်နှုန်း ဟာ တစ်နာရီကို ၂၁၇ မိုင်နှုန်းဖြစ်ပြီး ၂ ဒသမ ၉ စက္ကန့်အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ မိုင်ခြောက် ဆယ်နှုန်းရောက်အောင် အရှိန်မြှင့်တင်နိုင်တာကြောင့် အရင်နဲ့ နှုန်းထားချင်း သိပ်မကွာခြားလှပါဘူး။ ကား အိပ်ဇောစနစ်သစ်ကလည်း အရင်ထက် ၂ဝ ရာခိုင်နှုန်း ပိုပေါ့ပါးသလို အင်ဂျင်သံကိုလည်း ပိုကောင်းစေပြီး ကားဘီးမချော်အောင် ထိန်းချုပ်မောင်းနှင်စေနိုင်မယ့် Traction Control နဲ့ ကားရဲ့ မောင်းနှင်နိုင်စွမ်းကို လည်း ပိုတိုးလာစေပါတယ်။ နောက်ထပ်ထူးခြားချက် တစ်ခုကတော့ ကားရဲ့ မောင်းနှင်မှုပုံစံ (Driving Mode) မှာ အရင်လို Strada၊ Sport နဲ့ Corsa တို့နဲ့အတူ Ego Mode လည်း ထပ်တိုးပါဝင်လာပါ တယ်။ Strada Mode က နေ့စဉ်အသုံးပြုဖို့အတွက် အထူးဇိမ်ကျသက်သာမှုကို ရရှိစေပြီး Sport Mode က နောက်ဘီးယက်စနစ်သုံးခံစားမှုမျိုးနဲ့ ပြိုင်ကားဆန် ဆန်ခံစားမှုကို ရရှိစေသလို Corsa ကတော့ တကယ့် ပြိုင်ပွဲဝင်ကားတစ်စီးရဲ့ စွမ်းဆောင်ရည်မျိုး ရရှိစေပါ တယ်။ Ego Mode ကတော့ အင်ဂျင်၊ ဂီယာ၊ စတီ ယာရင်နဲ့ ဆိုင်းထိန်းစနစ်ကို ကားမောင်းသူရဲ့ သဘော ဆန္ဒအတိုင်း ဖန်တီးမောင်းနှင်နိုင်ပါတယ်။ အသစ်မွမ်းမံ ထားတဲ့ 2017 Lamborghini Aventador LP 740-4 S ရဲ့ ဈေးကို အမေရိကန်ဒေါ်လာ ၄၂၁,၃၅ဝ နဲ့ အထက် သတ်မှတ်ပေးထားတာကြောင့် အရင်ထက် ဒေါ်လာနှစ်သောင်းနီးပါး ဈေးပိုကြီးပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here