Spectre ရုပ်ရှင်တွင်  Daniel Craig မောင်းနှင်ခဲ့သည့် 007 လိုင်စင်နံပါတ်ပြားပါ Land Rover Defender ကားကို ပေါင်နှစ်သိန်းခွဲဖြင့် ရောင်းချမည်

770

နာမည်ကျော် Spectre ရုပ်ရှင် ဇာတ်လမ်းတွင် James Bond ဇာတ်ကောင်အဖြစ် သရုပ်ဆောင်သည့် ဟောလိ၀ုဒ်မင်းသား Daniel Craig မောင်းနှင်ခဲ့သော ‘Land Rover Defender လမ်းကြမ်းမောင်း ကားကြီးကို ပေါင်နှစ်သိန်းခွဲဖြင့် ရောင်းချမည်ဖြစ်ပြီး ကားတွင် အထူးဖန်တီးထားသော ‘007 ‘ လိုင်စင် နံပါတ်ပြားကို တပ်ဆင်ထားကြောင်း ဇွန် ၁၈ ရက်တွင် The Sun သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

အဆိုပါကားကို Spectre ဇာတ်လမ်းတွင် James Bond အဖြစ် ပါ၀င်သရုပ်ဆောင်ထားသည့် မင်းသား Daniel Craig က ဆီးနှင်းခဲများ ဖုံးလွှမ်းနေသော သြစတြီးယား တောင်ကြောတွင် ရိုက်ကူးခဲ့သည့် ကားအမြန်မောင်း စွန့်စားခန်း၌  မောင်းနှင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ကိုယ်ထည် အရွယ်အစား ကြီးမားလှသော လေးဘီးယက်စနစ်သုံး Land Rover Defender ကားကြီးသည် အလေးချိန် နှစ်တန်ခွဲရှိပြီး ရှစ်ပေ မြင့်မားသည်။ ကားတွင် အထူးမွမ်းမံထားသည့် လမ်းကြမ်းမောင်း တာယာများ အသုံးပြုထားပြီး ကိုယ်ထည်အပြင်ဘက် Roll Cage နှင့် ၀န်ချီစက်ကိုလည်း တပ်ဆင်ထားသည်။ ထို့ပြင် ကားတွင် အထူးဖန်တီးထားသည့် 0007 SVX မှတ်ပုံတင်ပလိတ်ပြား ပါ၀င်သောကြောင့် James Bond ဇာတ်ကောင်ကို ပိုမို အမှတ်ရစေမည် ဖြစ်သည်။

အဆိုပါ Defender ကားကို Bonhams လေလံလုပ်ငန်းနှင့် ချိတ်ဆက်ပြီး လာမည့် ဇူလိုင် ၁၃ ရက်တွင် ကျင်းပမည့် Goodwood Racecourse Sale တွင် ပေါင် နှစ်သိန်းခွဲဖြင့် ရောင်းချရန် စီစဉ်ထားသည်။ လေလံလုပ်ငန်း၏အဆိုအရ ရုပ်ရှင်ထွက်ရှိပြီးသည့် ၂၀၁၄ ခုနှစ်  နောက်ပိုင်းကတည်းက ကားကို သိပ်အသုံးမပြုခဲ့သည့်အတွက် အကောင်းအတိုင်း ရှိနေသေးသည်ဟု သိရသည်။ James Bond ရုပ်ရှင်အတွက် အထူးမွမ်းမံပြောင်းလဲခဲ့သည့် အဆိုပါ Defender ကားကြီးသည် ၃၇ လက်မ အရွယ် လမ်းကြမ်းသုံးတာယာကြီးများ ပါ၀င်သောကြောင့် Bigfoot ဟု အမည်တွင်ခဲ့သည်။

Ref : The Sun

LEAVE A REPLY

Please enter your comment!
Please enter your name here