Social Distancing သတ်မှတ်ချက် ဝေးကွာနေသည့် YBS ခရီးသည်များနှင့် အစိုးရ၏ အကူအညီကို ငံ့လင့်နေသော ယာဉ်လိုင်းများ

95

 

“အိမ်ထဲမှာပဲနေဖို့ ပြောတယ်၊ မဖြစ်မနေ အပြင်ထွက်ရရင်လည်း Social Distancing နဲ့အညီ နေကြဖို့ပြောတယ်၊ အစိုးရပြောတဲ့ အိမ် ထဲမှာနေဖို့ ဆိုတာလည်း ကျွန်တော်တို့လို အခြေခံလူတန်းစားတွေအဖို့ အဆင်မပြေဘူး၊ အဲဒီတော့ အပြင်ထွက်ကြရတယ်၊ အပြင်ထွက်တဲ့အခါ Social Distancing နဲ့အညီ သွားလာကြရမယ်ဆိုပေမဲ့ တကယ့်လက်တွေ့ မှာ လိုင်းကားစီးတဲ့အခါ YBS ကားတွေက တစ်စီးနဲ့တစ်စီး အချိန် တော် တော်ကွာမှလာတယ်၊ နောက်ကားကို စောင့်ဖို့က ဘယ်အချိန်လာမယ်ဆိုတာ မသေချာဘူး၊ အဲဒီတော့ ရှိတဲ့ကားကိုပဲ ကိုယ့်အလုပ်မီအောင် စီးရတာပဲ၊ ကိုယ့်လိုပဲ စီးတဲ့ခရီးသည်ကများတော့ တိုးကြိတ်စီးကြရတယ်၊ မစီးလို့ လည်း မရဘူးလေ၊ ရွေးချယ်ခွင့်မှမရှိတာကိုး၊ ကိုဗစ်ဗိုင်းရပ်စ်ရောဂါပဲ ငါ့ဆီ ရောက်နေပြီလားလို့ စိတ်ထဲ အမြဲထိတ်လန့်ပြီး စီးနေရတဲ့ပြည်သူ တွေဘက်ကို စဉ်းစားပေးပါ၊ အလုပ်သွား အလုပ်ပြန် အချိန်လေးမှာတော့ ကားအစီးရေ များများလေး ထွက်ပေးပါ၊ အစိုးရညွန်ကြားတဲ့ Social Distancing ဆိုတာကို တကယ် အကောင်အထည်ပေါ်စေချင်ပါတယ်”ဟု ဆိုလာသူက နေ့စဉ် ရုံးတက်၊ ရုံးဆင်းဖို့ရာ YBS ယာဉ်လိုင်း အမြဲတစေအသုံးပြုသွားလာနေရသူ ကုမ္ပဏီဝန်ထမ်း ဦးမြင့်စိုးပင် ဖြစ်သည်။

ရန်ကုန်မြို့တွင် နေထိုင်ကြသည့် ပြည် သူအများစုသည် မြို့တွင်း သွားလာကြသည့် အခါ အစိုးရမှစီစဉ်ပေးထားသည့် အများပြည်သူ သယ်ယူ ပို့ဆောင်ရေးယာဉ်လိုင်းဖြစ်သော YBS ယာဉ်များကိုသာ အဓိကအားထား သွားလာနေကြပါသည်။ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့ကပ်ရောဂါ Covid-19 ဗိုင်းရပ်စ်ကြောင့် ရန်ကုန်မြို့၏ အများပြည်သူသုံး ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းဖြစ်သည့် YBS ယာဉ်လိုင်းနှင့် စီးနင်းသူ ခရီးသည်တို့အကြား ကပ်ရောဂါဘေး ကင်းလွတ်ရေးမှာ စိန်ခေါ်မှု အခြေအနေတစ်ခု ဖြစ်နေပါသည်။ ထိုရောဂါ ဂယက်ကြောင့်ပင် YBS စီး ခရီးသွားဦးရေ သိသိသာသာ ကျဆင်းခဲ့ရပြီး ယာဉ်လိုင်း အတော်များများ ရပ်နားရသည်အထိ ဖြစ်ခဲ့ရ သည်။

၂ဝ၂ဝ ပြည့်နှစ်၊ မတ်လလယ်ခန့်မှစ၍ ရန်ကုန်မြို့၏ Covid-19 ရောဂါပိုးပျံ့နှံ့မှု အစောပိုင်းကာလအတွင်း အလုပ်ရုံများ အားလုံးနီးပါး ရပ်နားခဲ့ကြပြီး ဧပြီ ၂ဝ ရက်အထိ YBS စီးနင်းသည့် ခရီးသည် မရှိသလောက် ဖြစ်ခဲ့သည်။ ထို့နောက်ပိုင်း ပြည်တွင်းကူးစက်မှုနှုန်း အနည်းငယ် လျော့ကျလာခဲ့သလို အလုပ်ရုံအတော်များများ ပြန်လည်ဖွင့်လှစ်လုပ်ကိုင် လာကြရသည့်အတွက် YBS စီး ခရီးသည်များလည်း တစ်ဆထက် တစ်ဆ ပြန်လည်တိုးပွားလာခသည်။ ယင်းကာလတွင် Covid-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ခရီးသည်များ၊ ယာဉ်များအားလုံး Social Distancing နှင့်အညီ သယ်ယူပို့ဆောင် စီးနင်းကြရန် ညွန်ကြားချက် ထုတ်ပြန်ခဲ့သည့်။ ယင်းအမိန့်စာအတိုင်း YBS ယာဉ်လိုင်းများ ပြေးဆွဲခဲ့ကြသော်လည်း လက်ရှိ၌ YBS စီးခရီးသည်နှင့် ပြေးဆွဲနေသည့် YBS အစီးရေ မမျှတမှုကြောင့် Social Distancing ညီမျှအောင်စီးနင်းနိုင်ခြင်းမရှိတော့ဘဲ ခရီးသည်များ တစ်ဦး နှင့်တစ်ဦး နီးနီးကပ်ကပ် အနေအထားများဖြင့်သာ ပြန်လည် စီးနင်းလာ ကြရသည်။ ထို့အတူ ယာဉ်စီးခဝင်ငွေအပေါ်ချိန်ဆပြီး ပြေးဆွဲနေရသည့် YBS ယာဉ်များအနေဖြင့်လည်း အစီးရေ ထပ်တိုးပြေးဆွဲနိုင်ခြင်း မရှိသေး သည်ဖြစ်ရာ ကားမှတ်တိုင်များ၌ လူအများအပြား စုပုံနေခြင်းမျိုးနှင့် ကား အစီးရေ လျော့နည်းသည့်အတွက် ယာဉ်တစ်စီးရောက်သည့်အခါ လူများ စုပြုံတိုးတက်ရင်း Social Distancing ဆိုသည့် အသိတရားများသည် သတိပေးစာတမ်းများပေါ်တွင်သာ ရှိနေတော့သည့် အခြေအနေမျိုး ဖြစ် နေပါတော့သည်။

ယင်းသို့သော အခြေအနေများနှင့်ပတ်သက်၍ ဖြေရှင်းနိုင်ရေး ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က “Covid-19 စဖြစ်တဲ့အချိန်ကစပြီး ခရီးသည်တွေ လျော့ကျသွားတာ ဧပြီလမှာ မရှိသလောက်ဖြစ်သွားတယ်၊ အဲဒီအချိန်ကစပြီး YBS ကုမ္ပဏီတွေရော၊ ယာဉ်ပိုင်ရှင်တွေရော အိပ်စိုက် ပြေးဆွဲရတဲ့အနေအထား ဖြစ်ခဲ့တယ်၊ နောက်ပိုင်း တချို႕ ယာဉ်တွေလည်း ရပ်နားရတယ်၊ လက်ရှိအချိန်အထိ အရှုံးနဲ့ရင်ဆိုင်နေရဆဲ ဖြစ်တဲ့အတွက် ယာဉ်အားလုံးပြေးဆွဲနိုင်ခြင်း မရှိသေးပါဘူး၊ ဒီလိုဖြစ်နေတဲ့ အခြေအနေကို သက်ဆိုင်ရာ အစိုးရဌာနတွေဆီတင်ပြပြီး ခုကာလအတွင်းမှာ CNG ကို အခမဲ့ထည့်ခွင့်ပေးတာဖြစ်ဖြစ်၊ စျေးနှုန်းလျှော့ပြီး ရောင်းတာဖြစ်ဖြစ် လုပ် ပေးပါဆိုပြီး YBS ကုမ္ပဏီတွေ အားလုံးကပါ တင်ပြထားပါတယ်၊ အခုအချိန်အထိ အကြောင်းပြန်တာမရှိပါဘူး၊ အစိုးရကသာ CNG ထောက်ပံ့ ပေးနိုင်မယ်ဆိုရင် ရုံးတက်၊ ရုံးဆင်းချိန်တွေမှာရှိတဲ့ကားတွေ အကုန် ထွက်ခိုင်းပြီး ငါးမိနစ်ခြား တစ်စီးနှုန်းနဲ့ ပြေးဆွဲပေးလိုက်ရင် တော်တော် လေး အဆင်ပြေမယ့် အနေအထားရှိပါတယ်၊ YRTA အနေနဲ့က YBS တစ်စီး ကျပ်လေးထောင်နဲ့ ပေးသွင်းနေရတဲ့ စီမံခန့်ခွဲမှုရန်ပုံငွေကို ရပ်ဆိုင်းပေးထားတာ အခုဆို သုံးလရှိပါပြီ၊ နောက်ထပ် Mask တို့၊ လက်သန့် ဆေးရည်တို့ကိုလည်း YBS ယာဉ်မောင်းတွေကို ဝေငှပေးခဲ့ပါတယ်၊ ဒီကာလမှာ ရင်ဆိုင်နေကြရတဲ့ YBS ကုမ္ပဏီတွေ၊ ယာဉ်ပိုင်ရှင်တွေဘက်ကနေ YRTA က တတ်နိုင်တဲ့ဘက်က လုပ်ပေးနေတာပါ၊ ဒီအခြေအနေကို အဆင်ပြေအောင်လို့် အစိုးရဘက်ကလည်း ကူညီပေးစေချင်ပါတယ်”ဟု ပြောသည်။

Covid-19 ဂယက်ကြောင့် ခရီးသည်ဦးရေ ကျဆင်းလာပြီး အရှုံး များ ဆက်တိုက်ဖြစ်ပေါ်နေသည့်အတွက် ယာဉ်လိုင်းအများစု ရပ်နားလိုက်ရသည်။ မေလမှစ၍ လက်ရှိအထိ ခရီးသည်ဦးရေတရိပ်ရိပ် တိုးလာ သော်လည်း ယခင် Covid-19 မဖြစ်ပွားခင် ကာလကကဲ့သို့ ခရီးသည် အပြည့်အဝ မရနိုင်သေးသည့်အတွက် ယာဉ်လိုင်းများ အပြည့်အဝ ပြန်လည် ပြေးဆွဲနိုင်ခြင်းမရှိသေးသည်မှာ ယာဉ်လုပ်သားစရိတ်၊ ဝန်ထမ်း စရိတ်၊ ကားပြင်စရိတ်၊ CNG ဖိုးစသဖြင့် အထွေထွေကုန်ကျစရိတ်များ သေချာတွက်ချက်ကာ ရေရှည်အဆင်ပြေအောင် လုပ်ဆောင်နေကြရ၍ ဖြစ်သည်။ ထိုအခါ YBS စီးနင်းသည့် ခရီးသည်များလာသည့်အချိန်တွင် YBS အစီးရေမှာ Covid-19 ကာလ မတိုင်ခင်ကထက် ၅ဝ ရာခိုင်နှုန်း ကျော်သာ ပြေးဆွဲနိုင်ကြသည့်အတွက် ရုံးတက်/ရုံးဆင်းချိန်များ၌ တစ် ဦးနှင့် တစ်ဦး Social Distancing သတ်မှတ်ချက်နှင့်အညီ စီးနင်း ခြင်းမျိုး မလုပ်ဆောင်နိုင်ကြတော့ခြင်း ဖြစ်သည်။

ယင်းသို့သော အခြေအနေများနှင့် ပတ်သက်၍ YBS ယာဉ်လိုင်းများ တွင် ပါဝင်ပြေးဆွဲနေသည့် Omni Focus General Services Public Co.,Ltd ၏ မန်နေဂျင်းဒါရိုက်တာ ကိုထွန်းတောက်ဝင်းက “မေလကစပြီး ယာဉ်လိုင်းတွေ တဖြည်းဖြည်း ပြန်ပြေးဆွဲနေပါတယ်၊ ရောဂါကူးစက်မှု အခြေအနေအရရော ခရီးသည်ရရှိတဲ့အပေါ်ရော မူတည်ပြီး ပြန်ပြေးဆွဲ နေရတော့ Covid မတိုင်ခင်ကထက် ၅ဝ ရာခိုင်နှုန်းကျော်လောက်ပဲ ပြေး ဆွဲနိုင်ပါသေးတယ်၊ အဲဒီတော့ ရုံးတက်/ရုံးဆင်းအချိန်တွေမှာ Social Distancing နဲ့မညီတာတွေ ရှိလာပါတယ်၊ ဒါကတော့ အရင်ထဲကလည်း ဒီလိုအခြေအနေမျိုးရှိခဲ့ပေမဲ့ ဒီအချိန်မှာတော့ ပြည်သူတွေအတွက် စိုးရိမ် စရာပါ၊ YRTA ကလည်း ကားတွေ တိုးဆွဲပေးဖို့ ပြောတယ်၊ Maskတို့၊ လက်သန့်ဆေးရည်တို့ နောက်ပြီး သူတတ်နိုင်သလောက် စီမံခန့်ခွဲမှု ရန်ပုံငွေရပ်ဆိုင်းပေးထားတာ သုံးလလောက်ရှိပြီ၊ အဓိကက CNG အတွက် ကုန်ကျစရိတ်ပါ၊ ကားတစ်စီးကို တစ်နေ့ ကျပ် သုံးသောင်းကနေ သုံးသောင်းခွဲဖိုးအထိ ထည့်ရတယ်၊ ဒါပေမဲ့ ပြန်ရမယ့်ဝင်ငွေက တစ် သိန်းဖိုးလား၊ ငါးသောင်းဖိုးလား၊ ခြောက်သောင်းဖိုးလား မသိနိုင်ဘူး၊ တခြားကုန်ကျစရိတ်တွေလည်း အများကြီးရှိတယ်၊ ဒါကြောင့် သက် ဆိုင်ရာ အစိုးရအဖွဲ့အစည်းကို CNG ဖြေလျှော့ပေးဖို့ ကုမ္ပဏီယာဉ်လိုင်း အားလုံး တောင်းဆိုထားပါတယ်၊ ဒီကာလအတွင်းမှာ သယ်ယူပို့ဆောင်ရေး ကဏ ရေရှည်ရပ်တည်နိုင်ဖို့အတွက် အစိုးရရဲ့ ထောက်ပံ့ပေးမှုက အများကြီး လိုအပ်တယ်၊ အရေးလည်းကြီးပါတယ်”ဟု သုံးသပ်ပြောကြားသည်။

ခရီးသည်များ အဆင်ပြေမှုရှိရေးနှင့် ယာဉ်လုပ်သားများ အလုပ်လက်မဲ့ မဖြစ်စေရေး ယာဉ်လိုင်းများ ပြေးဆွဲပေးနေကြသော်လည်း လက်ရှိတွင် Covid-19 မတိုင်ခင်ကကဲ့သို့ YBS စီးနင်းသည့် ခရီးသည် အပြည့်အဝ မရရှိသေးသည့်အပြင် ယာဉ်စီးခအပြည့် မထည့်ကြခြင်းများလည်း ရှိနေ သည်ဖြစ်ရာ ဝင်ငွေလျော့ကျကာ ယာဉ်လိုင်းများ အရံှုးနှင့်ရင်ဆိုင်နေကြ ရဆဲ ဖြစ်သည်။ ထို့ကြောင့် ကုမ္ပဏီများလည်း လုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်ကာ ယာဉ်လိုင်းများ အပြည့်အဝ ပြန်လည်ပြေးဆွဲနိုင်ရေး အစိုးရ ၏ တစ်ဖက်တစ်လမ်း အထောက်အပံ့ကိုသာ မျှော်လင့်နေကြခြင်းဖြစ်သည်။

လက်ရှိ ယာဉ်လိုင်းများ လျှော့ချပြေးဆွဲမှုမှ အလုံးစုံ ပြန်လည်ပြေး ဆွဲကာ ခရီးသည်များ ကျန်းမာရေးသတ်မှတ်ချက်များနှင့်အညီ စီးနင်းနိုင် ရေးနှင့်ပတ်သက်၍ လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုယာဉ်လိုင်း ကုမ္ပဏီ၏ COO ဦးကိုကိုနိုင်က “ယာဉ်လိုင်း ၈ဝ ရာခိုင်နှုန်း ပြေးဆွဲပေးနေပါတယ်၊ ခရီးသည်တွေအတွက် ယာဉ်မထွက်လို့မဖြစ်ဘူး၊ ယာဉ်မောင်းတွေ အလုပ် ရဖို့အတွက်လည်း ယာဉ်ပြေးဆွဲမှဖြစ်မှာဆိုတဲ့ အနေအထားဖြစ်နေတယ်၊ အဲဒီအခြေအနေမှာ တွေ့လာရတာက ယာဉ် စီးခအပြည့်မထည့်တာတွေက တော်တော် များနေတယ်၊ နှစ်ရာတန်ဆို နည်းနည်းပဲပါ တယ်၊ ငါးဆယ်တန်တို့ တစ်ရာတန်တို့ ဒါမျိုး တွေ အများဆုံးပါတယ်၊ တစ်ချို့ဆို တစ် ထောင်တန်တစ်ပိုင်းပြတ်တွေတောင် ထည့်ပြီး ပြန်အမ်းငွေ ကောက်တာမျိုးတွေလည်း ရှိ လာတယ်၊ ခရီးသည်တိုးပေမဲ့ ဝင်ငွေကတော့ ၅ဝ ရာခိုင်နှုန်းကျော် လောက်ပဲရတယ်၊ ဝင် ငွေရှိမှ လုပ်ငန်းကလည်ပတ်နိုင်မှာ ဝန်ထမ်း စရိတ်တွေပေးနိုင်မှာ အခုရတဲ့ဝင်ငွေက ယာဉ် မောင်းလုပ်သားခနဲ့ CNG ဖိုးကာမိရုံပဲရှိတယ်၊ ယာဉ်မောင်းတွေအားလုံး အလုပ်ရအောင်ဆို ပြီး တစ်ယောက်ကို နှစ်ခေါက်စီပဲ အလှည့် ကျပြေးဆွဲခိုင်းနေရတယ်၊ သူတို့လည်း ဝင်ငွေ တစ်ဝက်လောက်ပဲ ရကြတယ်၊ လုပ်ငန်းလည်ပတ်ဖို့ ဘဏ်ချေးငွေနဲ့ ယူလုပ်ထားရတာရှိတော့ ဘဏ်တိုးလည်း မပေးနိုင်ဘူး ဖြစ်နေတယ်၊ ယာဉ်လိုင်းတွေ လက်ရှိဖြစ်နေတဲ့ အခက်အခဲတွေလည်း အဆင်ပြေအောင် ပြည်သူတွေ လည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် ရုံးတက်၊ ရုံးဆင်းအချိန်တွေမှာ Social Distancing နဲ့အညီ စီးနင်းနိုင်ဖို့ဆိုရင် ရှိတဲ့ယာဉ် လိုင်းတွေရော ကားတွေရော အကုန်ထွက်နိုင်ကြဖို့အတွက် အစိုးရက ကူညီမှ ရမယ့်သဘောဖြစ်နေတယ်၊ အစိုးရမှ မကူညီရင် ကူညီမယ့်သူမရှိဘူး၊ အကုန် အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်”ဟု သုံးသပ်ပြောသည်။

စင်စစ် Covid-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွန်ကြားချက်အရ Social Distancing နှင့်အညီ သယ်ယူ ပို့ဆောင်နိုင်ရန် ယာဉ်အစီးရေများစွာ လိုအပ်ပါသည်။ ယခုကဲ့သို့ ခရီးသည် နည်းပါးနေချိန်တွင်ပင် စီးပွားရေး တွက်ခြေမကိုက်သည့်အတွက် ယာဉ်အစီးရေ လျှော့ချပြေးဆွဲကြရသောကြောင့် တစ်နေ့လျှင် YBS တစ်စီးလျှင် ပျမ်းမျှ ခရီးသည် သုံးရာမျှ တင်ဆောင်နေကြရသည်။

ယင်းသို့ တိုးပွားလာသည့် ခရီးသည်အပေါ် မူတည်ပြီး ယာဉ်အစီးရေ လိုက်ပါ တိုးချဲ့ပြေးဆွဲနိုင်ရေးနှင့် ပတ်သက်၍ Power Eleven ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ကိုတရုတ်လေးက “ညွန်ကြားချက်နဲ့ ညီအောင် ပြေးဆွဲမယ်ဆိုရင် Social Distancing အညီ ကားတစ်စီးကို ခရီးသည် ၂၅ ယောက်ပဲ တင်လို့ရမယ်၊ အခုအခြေအနေမှာ တစ်နေ့ကို ခရီးသည် ပျှမ်းမျှ သုံးရာရှိတယ်၊ Social Distancing အရ ကားတစ်စီးစာကို ကား ၁ဝ စီး ပြေးဆွဲပေးရမယ့်သဘောဖြစ်နေတယ်၊ အခုက ခရီးသည် နည်း နေလို့ တွက်ခြေမကိုက်တော့ ကားအစီးရေ အပြည့်မထွက်နိုင်ကြသေး ဘူး၊ YBS ကုမ္ပဏီယာဉ်လိုင်းတွေ အားလုံးတင်ပြထားတဲ့ အစိုးရဆီက CNG ထောက်ပ့ံတာ ရမယ်ဆိုရင် ကားအစီးရေအားလုံး ထွက်လာနိုင်ပြီး ပြည်သူတွေအတွက်တော့ အဆင်ပြေမှုတစ်ခု ရရှိနိုင်ပါတယ်”ဟု ဆိုသည်။

Covid-19 ရောဂါ မြန်မာနိုင်ငံသို့ စတင်ဆိုက်ရောက်ချိန်မှစပြီး ပြည်သူများ စိုးရိမ်ထိတ်လန့်နေခဲ့ကြသည်။ Covid-19 ရောဂါ ကာကွယ်ရေး Mask တပ်ရန်၊ လက်မကြာခဏဆေးရန်နှင့် Social Distancing နေကြရန် စသည့် အစိုးရ၏ ညွန်ကြားချက်များကို လိုက်နာလုပ်ဆောင် လာကြသည်။ သို့ရာတွင် ခပ်ပေါ့ပေါ့သဘောဖြင့် ညွန်ကြားချက်များအား လျစ်လျူရှု သွားလာနေကြသူများလည်း ရှိနေပေသေးရာ YBS ယာဉ် အစီးရေ နည်းပါးနေသေးသည့် ယခု ကာလတွင် ထိုသို့သော ကျန်းမာရေး သတိပေါ့ဆသူများလည်း စီးနင်းပါရှိနေသည့်အတွက် လက်ရှိတွင် Social Distancing ဖြစ်စေရန် ခက်ခဲနေသော အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်၏ အကျပ်အတည်းများကို ဖြေရှင်းဖို့ရာ လိုအပ်နေပြီ ဖြစ်သည်။ ထို့ကြောင့် အစိုးရ၏အကူအညီ လိုအပ်ပါသည်ဟု အဆိုပါယာဉ်လိုင်း များမှ တစ်ခဲနက်တောင်းဆိုနေမှုအပေါ် အစိုးရက မည်သို့ ကူညီစီမံ ပေးမည်နည်းဆိုသည်ကို စောင့်ကြည့်ရတော့မည် ဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here