SKD စနစ်မှ CKD စနစ်ဖြင့် ထုတ်လုပ်ရန် အစီးရေ အကန့်အသတ်၊ နှစ်အကန့်အသတ်ထား၍ ကူးပြောင်းစေရန် စီစဉ်နေ

940

ရန်ကုန်၊ ဖေဖော်ဝါရီ
SKD စနစ်မှ CKD စနစ်ဖြင့် ထုတ်လုပ်ရန်အတွက် အစီးရေ အကန့်အသတ်၊ နှစ်အကန့်အသတ်တစ်ခုထားပြီး ကူးပြောင်းစေရန် စီစဉ်နေ ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

စက်မှုဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲသည့် မော်တော်ယာဉ်ထုတ်လုပ်မှုဆိုင်ရာဥပဒေကို အပြီးသတ် ရေးဆွဲပြီးဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မော်တော်ယာဉ်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေကို ပြည်ထောင်စု လွှတ်တော် အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မရှင်က စိစစ်မှုများ ပြုလုပ်နေပြီး SKD နှင့် CKD ကားများ၏ အကျိုးခံစားခွင့် အသေးစိတ်ကို ကြေညာပေးမည်ဖြစ်သည်။

”ပြည်တွင်းထုတ် SKD ၊ CKD ကားတွေရဲ့ အဓိပ္ပာယ်သတ်မှတ်ချက်၊ အကျိုးခံစားခွင့်တွေ၊ SKD စနစ်ကနေ CKD စနစ်ကို မဖြစ်မနေ ကူးပြောင်းရမယ့် ကိစ္စရပ်တွေကို မော်တော်ယာဉ်ထုတ်လုပ်ဆိုင်ရာမူဝါဒမှာ ထည့်သွင်း ရေးဆွဲထားပါတယ်၊ SKD စနစ်ကနေ CKD စနစ်ကူးပြောင်းဖို့အတွက် ထုတ်လုပ်တဲ့ကားအရေအတွက်နဲ့ဖြစ်ဖြစ် ၊ နှစ်ကန့်သတ်ချက်နဲ့ဖြစ်ဖြစ် ပြောင်းလဲဖို့လည်း ထည့်သွင်းရေးဆွဲထားပါတယ်”ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြည်တွင်း၌ ထုတ်လုပ်နေသည့်ကားများကို SKD 1 မှ SKD 2 အမြန်ဆုံးကူးပြောင်းရန် စက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်မှညွှန်ကြားထားကြောင်း သိရသည်။ မော်တော်ယာဉ်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေကို လက်ရှိနှစ်အတွင်း ထုတ်ပြန်နိုင်ရန် ဆောင်ရွက်နေသလို မော်တော်ယာဉ်ထုတ်လုပ်မှုဆိုင်ရာ မူဝါဒ ထုတ်ပြန်ရာတွင် SKD စနစ်ဖြင့် ကားထုတ်လုပ်သည့် ကုမ္ပဏီများကို CKD စနစ်သို့ ငါးနှစ်အတွင်း ကူးပြောင်းခိုင်းရန်အတွက် လျာထားကြောင်း သိရသည်။

”မော်တော်ယာဉ်ထုတ်လုပ်မှုဆိုင်ရာဥပဒေမှာ တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ်တဲ့ SKD စနစ် ကားတွေကို ဘယ်အချိန်မှာ CLD စနစ် မဖြစ်မနေ ကူးပြောင်းရမယ် ဆိုတဲ့အချက် ထည့်သွင်းရေးဆွဲသင့်ပါတယ်၊ ဖြစ်သင့်တာက ပြည်တွင်းမှာ အစီးရေ နှစ်ထောင်ထုတ်လုပ်ပြီးရင်၊ ဒါမှမဟုတ် SKD စနစ်နဲ့ထုတ်လုပ်တာ ၂ နှစ်ပြည့်ရင် CKD စနစ်ကို မဖြစ်မနေ ကူးပြောင်းခိုင်းသင့်ပါတယ်”ဟု ‘ AADA အသင်း’ဒုဥက္ကြ ဦးအေးထွန်းက အကြံပြုပြောကြားခဲ့သည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here