SKD ကားများနှင့် ကျပ်သိန်းနှစ်ရာအောက် ညာမောင်းကားများ ပုံမှန်အရောင်းအဝယ်ဖြစ်နေသည့် ကားစျေးကွက်

405
Page(Test)

 

ယခုနှစ်အစပိုင်း ဝန်ထမ်းပါမစ်ခွင့်ပြုမည်ဆိုသည့် သတင်းရိုက်ခတ်မှု ကြောင့် ကားအရောင်းအဝယ် ငြိမ်သက်ခဲ့ရာမှ ဖေဖော်ဝါရီနှင့် မတ်လတွင် အရောင်းအဝယ်ပြန်လိုက်လာပြီး ပြည်ပမှ CBU ဖြင့် တင်သွင်းသည့် ကားများ၊ ပြည်တွင်းထုတ် SKD ကားများနှင့် ညာမောင်းကားများလည်း အဝယ်ပြန်ကောင်းခဲ့သည်။ ထိုအချိန်က လုပ်ငန်းသုံးကားများလည်း အရောင်းအဝယ်ကောင်းမွန်ခဲ့ပြီး မတ်လအကုန် ဧပြီလဆန်းမှစ၍ ကားအ ရောင်းအဝယ် စျေးကွက်မှာ Covid-19 ဂယက်ကြောင့် အရောင်းအဝယ် ပြန်အေးသွားခဲ့သည်။ မေလ တတိယပတ်နောက်ပိုင်းတွင် ကားစျေးကွက် တဖြည်းဖြည်း ပြန်လည်လှုပ်ခတ်လာကာ ဂျပန်တစ်ပတ်ရစ် ကားများ၊ CBU ဖြင့် တင်သွင်းသည့် ကားများ၊ Brand New များနှင့် SKD ကားများ အရောင်းအဝယ် ပြန်ဖြစ်လာသည်။ လက်ရှိကားအရောင်းအဝယ် စျေးကွက်ထဲတွင်Suzuki နှင့် Hyundai တို့မှ ထုတ်လုပ်သည့် SKD ကားများမှာ သိသိသာသာ SKD ကားစျေးကွက်တွင် ဦးဆောင်ထားနိုင် ဆဲဖြစ်ပြီး အခြား Brand အသစ်များလည်း ဝင်ရောက်လာကြသည်။ လက်ရှိ ကားအရောင်းအဝယ်စျေးကွက်တွင်လည်း အခွန်နှုန်းထား အပြောင်းအလဲကို စောင့်ကြည့်နေသူများရှိသော်လည်း ကားအရောင်းအဝယ် စျေးကွက်မှာ ပုံမှန်အတိုင်း ဆက်ပြီးအရောင်းအဝယ် ဖြစ်နေသည်။ သို့ရာတွင် ပြည်တွင်းထုတ် SKD ကားများနှင့် ကျပ်သိန်းနှစ်ရာအောက် ညာမောင်းကားများမှာ အရောင်းအဝယ်ဆက်ပြီး ကောင်းနေပြီး ကျပ်သိန်း သုံးရာ အထက်ကားများမှာ အနည်းငယ်အဝယ် ပြန်အေးသွားသည်။

“ဒီရက်ပိုင်းကားစျေးကွက်ကတော့ ပုံမှန်အတိုင်း ဆက်ပြီး သွားနေတာကို တွေ့ရပါတယ်၊ အခွန်နှုန်းထား အပြောင်းအလဲကို စောင့်ကြည့်နေကြတဲ့သူတွေ ရှိကြသလို တချို့အမြင့်ကားဝယ်ဖို့ ရည်ရွယ်ထားသူတွေ ကျတော့လည်း လက်ရှိအခွန်နှုန်းသက်သာချိန်မှာ ကြိုဝယ်တဲ့သူတွေလည်း ရှိကြပါတယ်၊ ဒီရက်ပိုင်းမှာ CBU နဲ့ တင်သွင်းတဲ့ ကားတွေထဲမှာဆိုရင် အမေရိကနဲ့ ဒူဘိုင်းကသွင်းတဲ့ အမြင့်ကားတွေရော၊ ကိုရီးယားကနေတင်သွင်းတဲ့ အမြင့်ကားအမျိုးအစားအချို့ရော အဝယ်လိုက်တာတွေ တွေ့ရ ပါတယ်။ နောက်ပြီး SKD မှာဆိုရင်လည်း Brand တော်တော်များများက Monsoon Promotion နဲ့ ရောင်းချကြတာရယ်၊ ရွေးချယ်စရာ ကားများ လာတာရယ်ကြောင့် ညာမောင်းအမြင့်ကားတချို့ရဲ့စျေးတွေလည်း လဆန်းပိုင်းကစပြီး တဖြည်းဖြည်းနဲ့ ပြန်ဆင်းသွားတာ တွေ့ရပါတယ်၊ လကုန်ပိုင်းမှာတော့ ညာမောင်းအမြင့်ကားတွေ စျေးထပ်ကျတာမျိုး မရှိ ပေမဲ့ အရင်ကျထားတဲ့စျေးနဲ့ပဲ အရောင်းအဝယ်ဖြစ်တာ တွေ့ရပါတယ်”ဟု PPE9 Automobile မှ မန်နေဂျင်းဒါရိုက်တာ ကိုဇော်က ပြောသည်။

လက်ရှိ ကားအရောင်းအဝယ်စျေးကွက်တွင် နံပါတ်ထွက်ပြီးသား ညာမောင်း ကားများထဲမှ စျေးကွက်ဝယ်လိုအားများသည့် Toyota Vitz ၂ဝ၁၁ မိုဒယ်ကို ကျပ်သိန်း ၁၈ဝ ဝန်းကျင်၊ Toyota Probox ၂ဝ၁၁ မိုဒယ်ကို ကျပ်သိန်း ၁၉ဝ ဝန်းကျင်၊ Honda Fit ၂ဝ၁ဝ မိုဒယ်ကို ကျပ်သိန်း ၁၉ဝ ဝန်းကျင်တွင် အရောင်းအဝယ် ဖြစ်နေသည်။ အမြင့်ကားထဲမှ Toyota Crown ၂ဝဝ၄ မိုဒယ်ကို ကျပ်သိန်းလေးရာ ဝန်းကျင်၊ Honda CR-V ၂ဝဝ၆ မိုဒယ်ကို ကျပ်သိန်း ၃၇ဝ ဝန်းကျင်၊ Toyota Klugar ၂ဝဝ၆ မိုဒယ်ကို ကျပ်သိန်း ၄၈ဝ ဝန်းကျင်၊ Toyota Alphard ၂ဝဝ၄ မိုဒယ်ကို ကျပ်သိန်းငါးရာဝန်းကျင်နှင့် Toyota Vanguard ၂ဝ၁၁ မိုဒယ် ကို ကျပ်သိန်း ၅၄ဝ ဝန်းကျင် ပေါက်စျေးရှိပြီး ရန်ကုန်အဝယ်ထက် နယ်အဝယ်ပိုများကြောင်း သိရသည်။ ထို့ပြင် ကားသစ်စျေးကွက်ထဲတွင် မိုးရာသီပရိုမိုးရှင်းအစီအစဉ်များဖြင့် ရောင်းချနေကြသည့် Suzuki ၊ Nissan ၊ Jetour ၊ Hyundai ၊ BAIC ၊ Borgward ၊ Ford ၊ GAC ၊ KIA ၊ Peugeot စသည့် ကားသစ် Brand များမှာ ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်နေကြသည်။

“ကားသစ်စျေးကွက်က လတ်တလောမှာ ဦးဆောင်နေဆဲဖြစ်ပြီး ကားဟောင်းထဲမှာဆိုရင်တော့ ကျပ်သိန်း ၁၅ဝ ကနေ နှစ်ရာကြား ကားလေးတွေ အရောင်းအဝယ် ဖြစ်ပါတယ်၊ ကျပ်သိန်းသုံးရာအထက် ကားဟောင်းတွေထဲမှာ ဒီရက်ပိုင်းအခွန်ကိစ္စနဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုးထွက်လာတဲ့အပေါ် စောင့်ချင်တဲ့သူရော မစောင့်တဲ့သူရော ရှိတဲ့အတွက် နည်းနည်းလေး ပြန်အေးသွားတယ်၊ ကားသစ်စျေးကွက်ကျတော့ ဆလွန်းပဲဖြစ်ဖြစ်၊ SUV ပဲဖြစ်ဖြစ် တတ်နိုင်တဲ့စျေးတန်းတစ်ခုမှာ ကြိုက်နှစ်သက်ရာ Brand ကို ရွေးချယ်ဝယ်ယူခွင့်များလာသလို Down Payment နည်းနည်းပေးသွင်းပြီး အရစ်ကျစနစ်နဲ့ ဝယ်ယူလို့ရလာကြ တဲ့အတွက် နောက်ပိုင်းမှာလည်း ကားသစ်စျေးကွက်က ကောင်းဦးမှာပါ၊ ဒါ့ပြင်စျေးကွက်ထဲကို Car Brand အသစ်တွေ အများကြီး ဝယ်လာကြဦးမှာ ဖြစ်လို့ စျေးကွက်ယှဉ်ပြိုင်မှုများလာဖို့ရှိပြီး အပြိုင်အဆိုင် ပရိုမိုး ရှင်းပေးတာတွေ၊ စျေးချပေးတာတွေကြောင့် ကားသစ်စျေးကွက်က စျေး ကွက်ကို ဆက်ပြီး ဦးဆောင်နိုင်ဦးမယ်လို့ သုံးသပ်ပါတယ်”ဟု Matt Glory Auto Service မှ CEO ကိုသန့်စင်လင်းက ပြောသည်။

ကားအရောင်းအဝယ်စျေးကွက်တွင် အိမ်စီးကားများနည်းတူ လုပ် ငန်းသုံးကားများလည်း အဝယ်ရှိနေပြီး ကျပ်သိန်း ၂၅ဝ ဝန်းကျင် နံပါတ်ထွက်ပြီးသား တစ်တန်၊ တစ်တန်ခွဲကားများထဲတွင် အရောင်းအဝယ်ဖြစ်နေသည်။ စျေးကွက်အကြိုက် ၆၆ဝ ကားများမှာမူ လက်ကျန်ကား နည်းလာခြင်းကြောင့် စျေးနှုန်းအနည်းငယ်မြင့်တက်သွား၍ အရောင်းအ ဝယ်လည်း အဖြစ်နည်းသွားသည်။

“လုပ်ငန်းသုံးကားတွေထဲမှာ ခေါင်းတွဲတွေ၊ တစ်တန်၊ တစ်တန်ခွဲ ကားတွေကတော့ အရောင်းအဝယ် ဖြစ်ကြပါတယ်၊ ဒါပေမဲ့ အရင်က အဝယ်များတဲ့ ၆၆ဝ စီစီကားတွေကတော့ ရောင်းကားရှားလာတာရယ်၊ လက်ကျန်ကားတွေကျတော့လည်း စျေးများနေတာကြောင့် ရန်ကုန်ရော နယ်မှာပါ အရောင်းအဝယ်သိပ်မဖြစ်တော့ဘူး”ဟု United Eleven မှ ဒါရိုက်တာ ကိုအောင်သူက ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here