ရန်ကုန်၊ မေ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ School Bus မောင်းနှင်ရန်အတွက် ယာဉ်မောင်းကိုးဆယ်ကျော် လာရောက်လျှောက်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
ကျောင်းကားစနစ်သစ်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ယူပြေးဆွဲပေးမည့် School Bus အစီးနှစ်ရာကို မောင်းနှင်ရန် ယာဉ်မောင်းများ ခေါ်ယူလျက်ရှိရာ YBS အထူးသင်တန်းဆင်းယာဉ်မောင်းများအပါအဝင် ဦးရေကိုးဆယ်ကျော် လာရောက်လျှောက်ထားကြောင်း သိရသည်။
”လာမယ့် ပညာသင်နှစ်မှာ School Bus မောင်းနှင်ဖို့အတွက် လာရောက်လျှောက်ထားတဲ့ ယာဉ်မောင်း ၉၇ ဦးရှိပါတယ်၊ ဒီထဲမှာ အမျိုးသမီးယာဉ်မောင်း သုံးဦးလည်း ပါဝင်ပါတယ်၊ ကျောင်းကားမောင်းမယ့် ယာဉ်မောင်းတွေကို ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေဖို့နဲ့ ဝန်ဆောင်မှုကောင်းမွန်အောင် ပေးနိုင်ဖို့အတွက် သင်တန်းတွေပေးပြီးမှ မောင်းနှင်ခွင့်ပြုမှာဖြစ်ပါတယ်”ဟု ‘ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့’ မှ ဒေါက်တာမောင်အောင်က ပြောသည်။
ကျောင်းကားမောင်းနှင်ရန်အတွက် ယာဉ်မောင်းများ ထပ်မံခေါ်ယူဦးမည်ဖြစ်ပြီး ယင်းထဲမှ သင့်တော်သည့် ယာဉ်မောင်းများကို စိစစ်ရွေးချယ်မည် ဖြစ်သည်။ အစိုးရကျောင်းများတွင် ကျောင်းကား မောင်းနှင်ရန်အတွက် အနိမ့်ဆုံး ပညာအရည်အချင်း ခုနစ်တန်းအောင်မြင်ရမည်ဖြစ်ပြီး (ဃ) လိုင်စင် ရရှိထားသူလည်း ဖြစ်ရမည်ဖြစ်သလို အသက်သုံးဆယ်မှ ၅၅ နှစ်ကြား သတ်မှတ်ထားကြောင်း သိရသည်။
ကျောင်းကားမောင်းနှင်ရန်အတွက် လျှောက်ထားမည်ဆိုပါကYTRA ရုံးချုပ်ဖြစ်သည့် အမှတ်-၆၅၊ လေးထောင့်ကန်လမ်း၊ တာမွေမြို့နယ်တွင် လျှောက်ထားနိုင်ကြောင်း သိရသည်။
ကြည်ပြာ