School Bus ပြေးဆွဲရန်အတွက် ယာဉ်မောင်းနှင့်ယာဉ်ကြီးကြပ်သူ ဦးရေနှစ်ရာကျော် ခန့်အပ်မည်

606

ရန်ကုန်၊ မေ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝယ်ယူထားသည့် ကျောင်းကားများ ပြေးဆွဲရန်အတွက် ယာဉ်မောင်းနှင့် ယာဉ်ကြီးကြပ်သူဦးရေနှစ်ရာကျော်ခန့်အပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု ကော်မတီမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝယ်ယူထားသည့် School Bus အစီးနှစ်ရာတွင် အစီးတစ်ရာဖြင့် ကနဦးပြေးဆွဲရန် လျာထားပြီး ယာဉ် မောင်းတစ်ရာကျော်နှင့် ယာဉ်ကြီးကြပ်သူအမျိုးသမီးတစ်ရာကျော် ခန့်အပ်မည်ဖြစ်ရာ လျှောက်ထားသူဦးရေတစ်ရာဝန်းကျင်ရှိနေပြီဖြစ်ကြောင်း သိရသည်။

”ကျောင်းကားစနစ်သစ်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝယ်ယူထားတဲ့ School Bus အစီးတစ်ရာကျော်နဲ့ ကနဦးပြေးဆွဲဖို့အတွက် ယာဉ်မောင်းနဲ့ ယာဉ်ကြီးကြပ်သူနှစ်ရာကျော် ခန့်အပ်မှာပါ၊ မေလဆန်းက စပြီး ခေါ်ယူနေတာ လက်ရှိအချိန်အထိ အယောက်တစ်ရာကျော် လာရောက်လျှောက်ထားပါတယ်၊ ယာဉ်ကြီးကြပ်သူနေရာကို အမျိုးသမီးတွေပဲ ခေါ်တာဖြစ်တဲ့အတွက် လိုအပ်ရင် လုံခြုံရေးကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး ခေါ်ယူဖို့စီစဉ်နေပါတယ်”ဟု ‘ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုကော်မတီ’ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

ယခု ပညာသင်နှစ် ဇွန် ၁ ရက်မှစ၍ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးသင်တန်းကျောင်း TTC(ကမာရွတ်) နှင့်၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးသင်တန်းကျောင်း TTC (ရန်ကင်း) တို့တွင် အစိုးရအဖွဲ့မှ ဝယ်ယူထားသည့် School Bus အစီးတစ်ရာကျော်ဖြင့် ပြေးဆွဲမည်ဖြစ်ရာ ကျောင်းကားတစ်စီးလျှင် ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်ကြီးကြပ်သူ အမျိုးသမီးတစ်ဦးစီ ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။

ကျောင်းကားများ မောင်းနှင်ရန်အတွက် ယာဉ်မောင်းအနေဖြင့် အနည်းဆုံး ပညာအရည်အချင်း ခုနစ်တန်းအောင်မြင်ရမည်ဖြစ်ကာ အသက်သုံးဆယ်မှ ၅၅ နှစ်အကြား ရှိရမည်ဖြစ်ပြီး အနိမ့်ဆုံး (ဃ) လိုင်စင် ရရှိပြီးသူလည်း ဖြစ်ရမည်ဖြစ်သည်။ ယာဉ်ကြီးကြပ်သူအမျိုးသမီးများအနေဖြင့် အသက်နှစ်ဆယ်မှ ၃၅ နှစ် အကြား မည်သူမဆိုလျှောက်ထားနိုင်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here