ရန်ကုန်၊ မေ
ကျောင်းကားစနစ်သစ်အတွက် ချမှတ်ထားသည့် အချက် ၁၂ ချက် ထဲမှ ဘယ်မောင်း ညာအပေါက်ပါသော ယာဉ်များဖြစ်ရမည် ဆိုသည့်အချက်ကို ဖြေလျှော့ပေးရန် အစိုးရကျောင်း ၁၈ ကျောင်းမှ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းထံ တင်ပြထားကြောင်း ကျောင်းကားလုပ်ငန်းရှင်များထံမှ သိရသည်။
ကျောင်းကားစနစ်သစ် ပြေးဆွဲရန် အစိုးရကျောင်း ၁၈ ကျောင်း ကို ခေါ်ယူဆွေးနွေးခဲ့ရာ ယင်းကျောင်းများတွင် ပြေးဆွဲနေသည့် ကျောင်းကား ၉ဝ ရာခိုင်နှုန်းမှာ ညာမောင်း ဘယ်အပေါက်ယာဉ်များ ဖြစ်နေသည့်အတွက် အချက် ၁၂ ချက်ထဲ၌ပါဝင်သော ဘယ်မောင်း ညာအပေါက် ယာဉ်များဖြစ်ရမည် ဆိုသည့်အချက်အား ဖြေလျှော့ပေးရန် အစိုးရထံ တင်ပြရခြင်းဖြစ်ကြောင်း သိရသည်။
”အခုပြေးဆွဲနေတဲ့ ကျောင်းကားတွေ အားလုံးနီးပါးက ညာမောင်း ဘယ်အပေါက်ကားတွေပဲ ဖြစ်နေတဲ့အတွက် ဒီပညာသင်နှစ်မှာတော့ အဲဒီအချက်ကို ဖြေလျှော့ပြီး ပြေးဆွဲခွင့်ပြုပေးဖို့ ဝန်ကြီးချုပ်ကို တောင်းဆိုထားပါတယ်၊ တခြားလိုအပ်တဲ့အချက်တွေကိုတော့ ပြင်ဆင်ပြေးဆွဲသွားမှာပါ”ဟု ‘အထက (၁) ဒဂုံ ကျောင်းကားကြို/ပို့ ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ’အတွင်းရေးမှူး ဒေါ်အေးအေးသန့်က ပြောသည်။
School Bus ကျောင်းကားစနစ်သစ်တွင် ပါဝင်ပြေးဆွဲမည့်ယာဉ်များအတွက် ကနဦးမှတ်ပုံတင်ရာ၌ စံနှုန်းသတ်မှတ်ချက် ၁၂ ချက်အဖြစ် (၁) ခရီးသည် ၁ဝ ဦး အထက် တင်ဆောင် Micro Bus/Mini Bus ယာဉ်များဖြစ်ရမည်၊ (၂) ထိုင်ခုံတိုင်းတွင် အသက်ကယ်ထိုင်ခုံခါးပတ်ပါရှိရမည်၊ (၃) ဘယ်မောင်းယာဉ်နှင့် ယာဉ်၏ညာဘက် တွင် အတက်/အဆင်းတံခါးပေါက် ပါရှိရမည်ဖြစ်ပြီး လုံခြုံစိတ်ချရသော သော့စနစ် တပ်ဆင်ရမည်၊ (၄)ရှေးဦးသူနာပြုသေတ္တာ ပါရှိရမည်၊ (၅)ယာဉ်အတွင်း ဓာတုဗေဒပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဘူး အနည်းဆုံးနှစ်ဘူး ပါရှိရမည်၊ (၆)ယာဉ်၏ဆေးရောင်ကို အဝါရောင်သတ်မှတ် ၍ ယာဉ်၏/ရှေ့နောက်တွင် School Bus စာလုံး ထင်ရှားစွာ ပါရှိရမည်၊ (၇) ကျောင်းအမည်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ယာဉ်၏ဘေးတွင် ရေးသားရမည်၊ (၈) ယာဉ်မောင်းသူသည် အနိမ့်ဆုံး (ဃ)လိုင်စင်ပါရှိရမည်၊ (၉) အမြန်နှုန်း တစ်နာရီ ကီလိုလေးဆယ် (တစ်နာရီ ၂၅ မိုင်နှုန်း) ထက် ပိုမိုမောင်းနှင်ခြင်းမပြုရန် ကန့်သတ်ထားရမည်၊ (၁ဝ) အငှားယာဉ် (ကျောင်းကြို/ပို့ လုပ်ငန်းသုံးယာဉ်) အဖြစ် ဆောင်ရွက်ရမည်၊ (၁၁) ကျောင်းသားများ အသက် ၁၂ နှစ်အထက်ဖြစ်ပါက လူကြီးထိုင်ခုံ သတ်မှတ်ပေးရမည်၊ (၁၂)ကျောင်းသားများ အသက် ၁၂ နှစ်အောက် ဖြစ်ပါက မူလလူကြီးထိုင်ခုံအရေအတွက် တစ်ဆခွဲထက် မပိုရသည့်အပြင် ထိုင်ခုံခါးပတ်အပြည့်အစုံ ပါရှိရမည်ဖြစ်ကြောင်း သတ်မှတ်ထားခြင်း ဖြစ်သည်။
ကြည်ပြာ