School Bus စနစ်သစ် နောက်ဆက်တွဲကြွေးမြီးများနှင့် Covid ဂယက်ကြောင့် ဦးတည်ရာမဲ့နေသည့် ကျောင်းကားလုပ်ငန်းများ

258

 

Covid-19 ရောဂါကြောင့် အခြေခံပညာကျောင်းတွေကို ရပ်နားထားရ ဆဲဖြစ်ပါတယ်။ ဇူလိုင်လက အထက်ကျောင်းတွေ ပြန်လည်ဖွင့်လှစ် သင်ကြားပေးခဲ့ပေမဲ့ သြဂုတ် ၁၆ ရက်မှာတော့ ရခိုင်ပြည်နယ်မှာ Covid-19 ရောဂါ ပြည်တွင်းကူးစက်မှု ပြန်လည်တွေ့ရှိလာခဲ့ရာက အထက် တန်းကျောင်းတွေ ဖွင့်လှစ်တာကို ပြန်ပြီးရပ်နားထားရပါတယ်။

ကျောင်းကားလုပ်ငန်းတွေ ရပ်နားထားရပေမဲ့ School Bus စနစ် သစ်စတင်ချိန်က စနစ်သစ်နဲ့အညီ ပြေးဆွဲနိုင်ဖို့အတွက် ဘဏ်ချေးငွေနှင့် ကျောင်းကားတွေ ဝယ်ယူခဲ့ရတာကြောင့် လက်ရှိအချိန်အထိ ဘဏ်ချေး ငွေတွေ ပေးသွင်းနေရဆဲ ဖြစ်ပါတယ်။ ဧပြီလကစလို့ ကာလကြာရှည် ကျောင်းကားလုပ်ငန်းတွေကို ရပ်နားထားရတာကြောင့် ပေးသွင်းနေရတဲ့ ဘဏ်ချေးငွေတွေနဲ့ပတ်သက်ပြီး ကျောင်းကားလုပ်ငန်းတစ်ဦးဖြစ်သူ ကိုစိုးသွင်အောင်က အခုလို ပြောကြားပါတယ်။

‘‘ကျောင်းကားလုပ်ငန်းလုပ်တဲ့သူအများစုက သားသမီးကျောင်းသား ရှိတဲ့သူတွေနဲ့ ခေတ်အဆက်ဆက် ကျောင်းကားလုပ်ကိုင်လာတဲ့သူတွေက လက်ဆင့်ကမ်း လုပ်ကိုင်လာတာမျိုးပါ၊ ကျောင်းကားလုပ်ငန်းလုပ်လို့ သူဌေးဖြစ်တာမျိုးလည်း မရှိပါဘူး၊ ကျောင်းကားလုပ်ငန်းတွေကို စနစ်သစ် လုပ်မယ်ဆိုပြီး အဆင့်ဆင့်စပြောင်းကတည်းက ကျောင်းကား လုပ်ငန်းရှင်တွေက ရှိတဲ့ကားတွေကို အရှုံးခံရောင်းပြီး ဘဏ်ချေးငွေတွေနဲ့ စနစ်သစ်မှာ ပြေးဆွဲဖို့ ကျောင်းကားတွေ ဝယ်ခဲ့ရတာပါ၊ ကျောင်းကားလုပ်ငန်း စပြောင်းပြီးကတည်းက အကြွေးတွေနဲ့ ကျောင်းကားလုပ်ငန်းတွေက တဖြည်းဖြည်း အဆင်မပြေ ဖြစ်လာတယ်၊ အခုဆို ရောဂါကြောင့် ဧပြီလက စပြီး နားကြရတာ၊ ဇူလိုင်လမှာ အထက်တန်းဖွင့်ခဲ့ပေမဲ့ ကျောင်းကားတစ်စီးကို တစ်ယောက်နှစ်ယောက် ဒါလောက်ပဲရကြတာ လုံးဝအဆင်မပြေဘူး၊ အခု အထက်တန်းတွေပါ ပိတ်လိုက်ပြီဆိုတော့ ဘာလုပ်ရမှန်းမသိတော့ဘူး၊ လုပ်ငန်းတွေ ရပ်ပေမဲ့ School Bus စနစ်သစ်ရဲ့ အကြွေးတွေကရှိနေတယ်၊ အခုအ ချိန်မှာ အကြွေးရော စားဝတ်နေရေးအတွက်ရောဆိုတော့ ဘာလုပ်ရမှန်း မသိတော့ဘူး၊ အစိုးရဆီက ရမယ့်အကူအညီကိုပဲ မျှော်လင့်နေရပါတယ်’’

ကျောင်းကားလုပ်ငန်းရှင်အများစုဟာ School Bus စနစ်သစ်နဲ့ ညီတဲ့ ကျောင်းကားတွေကို ဘဏ်ချေးငွေတွေနဲ့ အရစ်ကျ ဝယ်ယူခဲ့ ရပါတယ်။ နှစ်ရှည်အရစ်ကျစနစ်နဲ့ ဝယ်ယူထားတာကြောင့် လက်ရှိအချိန် အထိ လစဉ်ပေးသွင်းနေကြရတာပါ။ လက်ရှိ ကျောင်းကားလုပ်ငန်းဟာ ဝင်ငွေ အဆမတန်ကျဆင်းနေပြီး တချို့ ကျောင်းကားလုပ်ငန်းရှင်တွေက ပြေးဆွဲတာရပ်နားနေရတဲ့ အနေအထားအထိဖြစ်နေပါတယ်။ ဒါကြောင့် တခြားသော လုပ်ငန်းရှင်တွေနည်းတူ Covid ကာလ ထောက်ပံ့ ချေးငွေ ရရှိရေးကို ကျောင်းကားလုပ်ငန်းရှင်တွေကလည်း မျှော်လင့်နေကြပါတယ်။

ဒါ့ပြင် School Bus စနစ်သစ်မှာ ကျောင်းကားတွေဟာ ရန်ကုန်အတွင်းနှင့် ကျောင်းကြို/ပို့အတွက် သီးသန့်ပြေးဆွဲခွင့်ပဲ ရရှိတဲ့အတွက် အခုလို Covid-19 ရောဂါကြောင့် ကျောင်းတွေပိတ်ထားရဆဲကာလမှာ အလုပ်လက်မဲ့ ဖြစ်နေကြရပါတယ်။ ပြေးဆွဲတာတွေ ရပ်နားထားကြရလို့ စားဝတ်နေရေးအခက်အခဲ ဖြစ်နေသလို ဘဏ်ချေးငွေပေးသွင်းဖို့ အခက် အခဲတွေကိုပါ ဖြေလျှော့နိုင်ရေးအတွက် ရန်ကုန်နဲ့ စပ်ဆက်မြို့နယ်တွေမှာ ခရီးသည်တင်ယာဉ်တွေအဖြစ် ပြောင်းလဲလုပ်ကိုင်ခွင့်ပြုဖို့နှင့် ထောက်ပံ့ ချေးငွေ ရရှိဖို့ လိုအပ်နေတယ်လို့ ကျောင်းကားလုပ်ငန်းရှင် အများစုရဲ့ မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီး ကျောင်းကားလုပ်ငန်းရှင် ဦးကြည် ဝင်းက အခုလို ပြောကြားထားပါတယ်။

‘‘ဒီကာလမှာက ရောဂါကြောင့် ကျောင်းတွေအကုန်လုံး မဖွင့်နိုင်ဘူး၊ အထက်တန်းဖွင့်တယ်၊ အဲဒီမှာကျောင်းသားက ကားတစ်စီးမှ နှစ် ယောက်၊ သုံးယောက်ပဲပါတယ်၊ တချို့ဆို တစ်ယောက်ပဲရတဲ့သူတောင်ပါတယ်၊ တချို့ကျတော့ လုံးဝကို ရပ်နားနေကြရတယ်၊ အလုပ်တွေက ရပ်နားနေကြရပေမဲ့ School Bus စနစ်ပြောင်းတဲ့အချိန်မှာ စည်းကမ်းချက် တွေ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းရတာတွေကြောင့် ကားတွေအမျိုးမျိုး ပြောင်းလဲ ဝယ်ယူခဲ့ကြရတယ်၊ နောက်ဆုံး ဘဏ်ချေးငွေတွေနဲ့ ဝယ်ထား ခဲ့ကြရတဲ့ အကြွေးတွေက အခုထိ အရစ်ကျပေးသွင်းနေကြရဆဲပါ၊ ဘဏ်ချေးငွေတွေရော စားဝတ်နေရေးအတွက်ရော ကျောင်းကားလုပ်ငန်း လုပ်တဲ့သူတွေအနေနဲ့ အတော်ခက်ခဲနေတယ်၊ ဒီလို အလုပ်လက်မဲ့ ရပ်နားနေရတဲ့ကာလမှာ ကျောင်းကားတွေကို ရန်ကုန်အနီးတစ်ဝိုက် မြို့နယ်တွေမှာ ပြေးဆွဲတာမျိုးလို အစိုးရက ခွင့်ပြုပေးရင် စားဝတ်နေရေး အတွက် အထောက်အပံ့လေး ရနိုင်တယ်၊ နောက်တစ်ခုက ကျောင်းကား လုပ်ငန်းရှင်လည်း ကိုဗစ်ကာလမှာ ထိခိုက်တဲ့ လုပ်ငန်းရှင်ပဲဖြစ်တာကြောင့် ကိုဗစ်ကာလ ထောက်ပံ့ချေးငွေကိုလည်း ရဖို့မျှော်လင့်နေကြပါတယ်’’

YRTA အနေနဲ့ ကျောင်းကားလုပ်ငန်းတွေမှာ School Bus စနစ်သစ်ကို ဦးဆောင်မှုအနေနဲ့ပဲ ပါဝင်ခဲ့ပြီး စီမံခန့်ခွဲတာမျိုး၊ စီမံခန့်ခွဲစရိတ် ကောက်ခံပြီး ဆောင်ရွက်ခဲ့တာမျိုး မရှိခဲ့ဘဲ လက်ရှိ Covid-19 ရောဂါနှင့် ဆက်စပ်နေတဲ့ လုပ်ငန်းအများစုကို ပြည်ထောင်စုဆီ တင်ပြပြီးမှသာ ဆောင်ရွက်ရတာ ဖြစ်လို့ ကျောင်းကားလုပ်ငန်းရှင်တွေရဲ့ သဘောဆန္ဒကို တင်ပြခဲ့မယ်ဆိုရင် ပြည်ထောင်စုအဆင့်ကို တင်ပြပေးမယ်လို့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောထားပါတယ်။

School Bus စနစ်သစ်ကို စတင်ပြောင်းလဲလာခဲ့တဲ့ ၂ဝ၁၇ ခုနှစ်ကစပြီး ကျောင်းကားလုပ်ငန်းရှင်တွေက အခက်အခဲများစွာနဲ့ ရင်ဆိုင် လာကြရတာပါ၊ ကျောင်းကားလုပ်ငန်းအတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အစည်းအဝေးတွေ အကြိမ်ကြိမ်ခေါ်ယူပြီး ၂ဝ၁၇ ခုနှစ်မှာ ကျောင်းကားလုပ်ငန်းထဲက လိုက်ထရပ် ကားတွေကို ကနဦးဖယ်ထုတ်လိုက်ပါတယ်။ ဒီတော့ ကျောင်းကား လုပ်ငန်းရှင်တွေအနေနဲ့ အဲဒီကားတွေကို အရှုံးနဲ့ရောင်းချပြီး အဆင်ပြေမယ့် ကားအမျိုးအစားတွေနဲ့ ဝယ်ယူပြေးဆွဲခဲ့ကြပေမဲ့ ဘယ်မောင်းစနစ်ပဲ ခွင့်ပြု တော့မယ်ဆိုပြန်တော့ ရန်ကုန် လိုင်စင်ပိတ်ထားတဲ့အတွက် ပြည်နယ်၊ တိုင်း အသီးသီးကို သွားလာခွင့် ရရှိသည်ဆိုတဲ့ နယ်လိုင်စင် ဘယ်မောင်းကားတွေ ပြောင်းလဲဝယ်ယူ ပြေး ဆွဲခဲ့ကြရပါတယ်။ နောက်ထပ် နယ်လိုင်စင် ကားတွေ ကျောင်းကား ပြေးဆွဲခွင့်မရှိဘူး ဆိုလာပြန်တော့လည်း အခက်အခဲတွေကြားထဲမှာပဲ ကျောင်းကားတွေကို ပြောင်းလဲဝယ်ယူခဲ့ကြ ရပါတယ်။

အစည်းအဝေးတွေ အကြိမ်ကြိမ်ခေါ်ယူပြီး School Bus စနစ်သစ်ကို အဆင့်ဆင့် ပြောင်းလဲခဲ့ကြပြီး School Bus စနစ်သစ်ရဲ့ တရားဝင် သတ်မှတ်ချက် ၁၂ ချက်က ၂ဝ၁၈ ခုနှစ်၊ ဧပြီလမှာ ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက်မှာ ကျောင်းသားတွေ သက်ဆိုင်ရာမြို့နယ်မှာပဲ ကျောင်းအပ်နှံရမယ်ဆိုတဲ့စနစ် ထပ်ပြီးပြဌာန်းခဲ့ပြန်လို့ ကျောင်းကားလုပ်ငန်းတွေ ပိုပြီးထိခိုက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရပ်နားရဖို့အထိ အခြေအနေ ဖြစ်နေကြရပါတယ်။ အဲဒီလို ကျောင်းကားမူဝါဒ အဆင့်ဆင့် ပြောင်းလဲမှုကို လိုက်ပါ ပြောင်းလဲပေမဲ့လည်း ဒီအချိန်မှာတော့ လုပ်ငန်းဆက်လက်ရပ် တည်ဖို့ ခက်ခဲနေတဲ့အကြောင်းကို ကျောင်းကား လုပ်ငန်းရှင် ဦးစိန်ဝင်း က အခုလို ရှင်းပြပါတယ်။

‘‘School Bus စနစ်သစ်ဆိုပြီး ကျောင်းကားထဲ လိုက်ထရပ်ကားဖယ်၊ ဘယ်မောင်းပြောင်း၊ နယ်လိုင်စင်မရ အဲ့ဒါတွေ အဆင့်ဆင့်ပြောင်းပြီး ကျောင်းကား လုပ်ငန်းရှင်တွေ အကြွေးတွေနဲ့ဖြစ်နေချိန်မှာ ကျောင်းသားတွေကို သက်ဆိုင်ရာမြို့နယ်မှာပဲ ကျောင်းအပ်နှံရမယ် ဆိုတာ ဖြစ်လာပြန်ရော၊ အဲ့ဒီအချိန်ကစလို့ သူငယ်တန်းကျောင်းသားတွေ လုံးဝ မရတော့ဘူး၊ အဲဒီလိုတွေ အမျိုးမျိုး လိုက်ပါ ပြောင်းလဲခဲ့ပေမဲ့ ခုတော့ လုံးဝကို ရပ်နားထားရပါပြီ’’

ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းခြင်းကို ဖြေလျှော့ဖို့အတွက် အဓိက လမ်းမကြီးတွေမှာရှိတဲ့ အခြေခံပညာကျောင်း ၁၈ ကျောင်းမှာ School Bus စနစ်သစ်ကို ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုစနစ်သစ် ဖော်ဆောင်ခြင်းကို ကျောင်းကားလုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲများစွာနဲ့ လိုက်ပါခဲ့ကြပေမဲ့ လက်ရှိအချိန်မှာ ဘဏ်ချေးငွေတွေနဲ့ ရုန်းကန်နေရပြီး လုပ်ငန်းတွေ ရပ်နားထားရဆဲ ဖြစ်လို့ ဦးတည်ရာမဲ့နေတဲ့ ကျောင်းကားလုပ်ငန်းရှင်တွေရဲ့ လတ်တလောအခက်အခဲတွေကို အစိုးရအနေနဲ့ တစ်ဖက်တစ်လမ်းက ကူညီဖြေလျှော့ပေးဖို့ မျှော်လင့်နေကြ ရတဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ်အကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here