School Bus စနစ်သစ်အတွက်   ကျောင်းကား  အစီးငါးဆယ်သာ ကနဦးမှတ်ပုံတင်ပြုလုပ်ထား

867

ရန်ကုန်၊ ဧပြီ

ကျောင်းကားစနစ်သစ် စတင်ရန်  အတွက် ကနဦးမှတ်ပုံတင်ပြုလုပ်ထားသည့် ယာဉ်အစီးရေငါးဆယ် သာ ရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးခွဲ (ရွာသာကြီး)မှ သိရသည်။

School Bus စနစ်သစ်ကို ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် စတင်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝယ်ယူထားသည့် ကျောင်းကား အစီးနှစ်ရာထဲ မှ အစီးငါးဆယ်သာ ကနဦးမှတ်ပုံတင်ပြုလုပ်ထားကြောင်း သိရသည်။

”ပြည်ပကနေ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝယ်ယူထားတဲ့ School Bus တွေထဲက ကနဦးမှတ်ပုံတင်ပြုလုပ်တဲ့ကား အစီးငါးဆယ်ပဲ ရှိပါသေးတယ်၊ အခုအချိန်ထိတော့ နောက်ထပ် ကနဦး မှတ်ပုံတင်ပြုလုပ်တဲ့ကား မရှိသေးပါဘူး၊ ကျောင်းကားအတွက် သတ်မှတ်ထားတဲ့အချက် ၁၂ ချက်နဲ့ ကိုက်ညီတယ်ဆိုရင်တော့ ဘယ်ကားမဆို ခွင့်ပြုပေးမှာဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ရုံးခွဲ(ရွာသာကြီး) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၂၂ ကျောင်း ကို လာမည့် ပညာသင်နှစ်တွင် School Bus စနစ်သစ် စတင်ဖော်ဆောင်မည်ဖြစ်ပြီး ပြေးဆွဲမည့် ကျောင်းကြို/ပို့ ယာဉ်များအတွက် စည်းကမ်းချက် ၁၂ ချက်ထုတ်ပြန် ထားကြောင်း သိရသည်။

ပြောင်းလဲမည့် ကျောင်းကား စနစ်သစ်အတွက် တိုင်းဒေသကြီး အစိုးရမှ ကိုရီးယားနိုင်ငံနှင့် အစိုးရချင်းချိတ်ဆက်ကာ School Bus အစီးနှစ်ရာ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းကားများမှာ ၂ဝ၁၇ မိုဒယ် ၂၈ ယောက်စီး County Bus အမျိုးအစားဖြစ်ကာ တစ်စီးလျှင် အမေရိကန်ဒေါ်လာ သုံးသောင်းကျော်ဖြင့် ဝယ်ယူထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here