ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်း ပေါင်း ၂၂ ကျောင်းတွင် ဖော်ဆောင်မည့် School Bus စနစ်သစ်အတွက် ကုမ္ပဏီဖွဲ့စည်း၍ ပြေးဆွဲမည်ဆိုပါက လာရောက် လျှောက်ထားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
School Bus စနစ်သစ်အတွက် ကုမ္ပဏီဖွဲ့စည်း၍ ပြေးဆွဲမည်ဆိုပါက လာရောက်လျှောက်ထားနိုင်ပြီး သတ်မှတ်ထားသည့် စံနှုန်းများနှင့် ကိုက်ညီပါက ခွင့်ပြု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
” School Bus ပြေးဆွဲဖို့ အတွက် အစိုးရအဖွဲ့ပါဝင်တဲ့ Golden Hand ဆိုတဲ့ ကုမ္ပဏီတစ်ခုကို ဖွဲ့စည်းထားတယ်၊ ဒီကုမ္ပဏီကနေ School Bus စနစ် ပြောင်းလဲမယ့် ကျောင်းတွေကို တာဝန်ယူ ပြေးဆွဲ ဖို့ စီစဉ်ထားပါတယ်၊ Golden Hand ကုမ္ပဏီအပြင် တခြားကုမ္ပဏီဖွဲ့ပြီး ပြေးဆွဲမယ်ဆိုရင်လည်း သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီရင် ခွင့်ပြုပေးသွားမှာပါ”ဟု ‘ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။
ရန်ကုန်မြို့ရှိ အခြေခံကျောင်းပေါင်း ၂၂ ကျောင်းတွင် School Bus စနစ်သစ် ဖော်ဆောင်ရန် စီစဉ်လျက်ရှိရာ စနစ်သစ်တွင် ပြေးဆွဲမည့် ကျောင်းကြို/ပို့ ယာဉ်များ အတွက် စံနှုန်းသတ်မှတ်ချက် ၁၂ ချက်ကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့ပြီး လာမည့် ပညာသင်နှစ်တွင် စံနှုန်းများနှင့် ကိုက်ညီသည့် ကျောင်း ကြို/ပို့ ယာဉ်များကိုသာ ပြေး ဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
ကျောင်းကား စနစ်သစ်ကို ယခုပညာသင်နှစ်အတွင်း အဆင့် သုံးဆင့်ဖြင့် ပြောင်းလဲသွားမည်ဖြစ်ပြီး ပထမအဆင့်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝယ်ယူထားသည့် School Bus အစီး နှစ်ရာဖြင့် စတင် ပြောင်းလဲသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
ကြည်ပြာ