School Bus   စနစ်သစ်ပြေးဆွဲရန်   လက်ရှိအချိန်အထိ  ညှိနှိုင်းမှုများ   ပြုလုပ်နေရဆဲဖြစ်

996

School Bus   ပြေးဆွဲရန်အတွက် လက်ရှိအချိန်အထိ ညှိနှိုင်းမှုများ ပြုလုပ်နေရဆဲဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အများပြည်သူသယ် ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 

ကျောင်းကား စနစ်သစ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝယ်ယူထားသည့် School Bus   အစီးနှစ်ရာဖြင့် စတင်မည်ဖြစ်ပြီး ပြေးဆွဲရန် လမ်းကြောင်းသတ်မှတ်ခြင်း အပါအဝင် တာဝန်ယူ ပြေးဆွဲခြင်းအတွက် လက်ရှိအချိန်အထိ ညှိနှိုင်းဆောင်ရွက်နေရဆဲ ဖြစ်ကြောင်း သိရသည်။

 

” School Bus ပြေးဆွဲဖို့ အသေးစိတ် ညှိနှိုင်းဆောင်ရွက်နေဆဲ ဖြစ်ပါတယ်၊ ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးမှသာ စနစ်တကျပြေးဆွဲမှာဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးအများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

 

ယခင် ပြေးဆွဲနေသော ကျောင်းကြို/ပို့ ယာဉ်များသည် ကျောင်းသားများ၏ အိမ်ရှေ့အရောက် ကြို/ပို့ပြုလုပ်ခဲ့သော်လည်း ယခု စနစ်သစ်တွင် စုရပ်နေရာတစ်ခု သတ်မှတ်၍ ပြေးဆွဲမည်ဖြစ်သည့်အတွက် လမ်းကြောင်းများ ပြန်လည်ရွေးချယ်မှုများလည်း ပြုလုပ်နေရကြောင်း သိရသည်။

 

School Bus စနစ်သစ် ဖော်ဆောင်ရန်အတွက် ရန်ကုန်မြို့တွင်း ရှိ အခြေခံကျောင်းပေါင်း ၂၂ ကျောင်းကို လျာထားခဲ့ပြီး ပထမ အဆင့်ပြောင်းလဲခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝယ် ယူထားသည့် School Bus အစီး နှစ်ရာဖြင့် မြို့တွင်းအဓိကလမ်းမကြီးများပေါ်တွင်ရှိသော အထက (၁)ဒဂုံ၊ ပြည်လမ်း TTC နှင့် အထက (၂) စမ်းချောင်း စသည့် အခြေခံပညာကျောင်း သုံးကျောင်း တွင် စတင်ပြောင်းလဲ ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး အစိုး ရ ဝယ်ယူထားသည့် School Bus အစီးနှစ်ရာ ပြေးဆွဲရာတွင် (င) လိုင်စင်ရှိ ယာဉ်မောင်းများကိုသာမောင်း နှင်ခွင့်ပြုမည့်အပြင် ကျောင်းကားတစ်စီးလျှင် ယာဉ်အကူတစ်ဦး ထားရှိ ပြေးဆွဲမည် ဖြစ်ကြောင်း လည်း သိရသည်။

 

ရန်ကုန်မြို့ရှိ အခြေခံကျောင်း ပေါင်း ၂၂ ကျောင်းတွင် School Bus စနစ်သစ် ဖော်ဆောင်ရန် စီစဉ်လျက်ရှိပြီး စနစ်သစ်တွင်  ပြေး ဆွဲမည့် ကျောင်းကြို/ပို့ ယာဉ်များအတွက် စံနှုန်းသတ်မှတ်ချက် ၁၂ ချက်ကို ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့ကာ လာမည့် ပညာသင်နှစ်တွင် ယင်းစံနှုန်းများနှင့် ကိုက်ညီသည့် ကျောင်း ကြို/ပို့ယာဉ်များကိုသာ ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 

ကြည်ပြာ

 

LEAVE A REPLY

Please enter your comment!
Please enter your name here