School Bus စနစ်သစ်တွင် တစ်ဦးပိုင်ကျောင်းကား ယာဉ်ပိုင်ရှင်များအတွက် တိကျသည့် မူဝါဒချမှတ်ပေးရန် လိုအပ်

399

တစ်ဦးပိုင်ကျောင်းကား ယာဉ်ပိုင်ရှင်များအတွက် ကုမ္ပဏီသုံးခုမှ School Bus စနစ်သစ်တွင် သတ်မှတ်ထားသည့် အချက်  ၁၂ ချက်နှင့် ကိုက်ညီသည့် ကျောင်း ကြို/ပို့ယာဉ်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန် ကမ်းလှမ်းမှုများရှိနေသောကြောင့် တိုင်းဒေသကြီးအစိုးရအနေနှင့် တိကျသည့် မူဝါဒ ချမှတ်ပေးစေချင်ကြောင်း ကျောင်းကားလုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။

 

School Bus စနစ်သစ် အတွက်  ကညနမှ ပြဌာန်းလိုက်သည့် အချက် ၁၂ ချက်နှင့် ကိုက်ညီသော ယာဉ်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန် ကုမ္ပဏီသုံးခုမှ ကမ်းလှမ်းမှုများ ရှိနေသော်လည်း ဝယ်ယူပြေးဆွဲပါက တစ်ဦးပိုင် အနေဖြင့် ဆက်လက်ပြေးဆွဲခွင့် ပြု၊ မပြုနှင့်ပတ်သက်၍ တိကျ သည့်မူဝါဒ ချမှတ်ထားခြင်း မရှိ၍ မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်ရ မည်ကို ဝေခွဲမရဖြစ်နေသည့်အတွက် မူဝါဒ ချမှတ်ပေးစေလိုကြောင်း ကျောင်းကား လုပ်ငန်းရှင်များက ဆန္ဒရှိနေကြသည်။

”ကညနက သတ်မှတ်ထား တဲ့အချက်နဲ့ ကိုက်ညီတဲ့ ကားတွေကို အရစ်ကျနဲ့ ရောင်းပေးမယ်ဆိုပြီး  ကုမ္ပဏီသုံးခုက လာကမ်းလှမ်းတာ ရှိတယ်၊ ဒါပေမဲ့ ဝယ်ပြီး ပြေးဆွဲ လိုက်ရင် တစ်ဦးပိုင်အဖြစ် ခွင့်ပြုမှာလား၊ ခွင့်မပြုဘူးလားဆိုတာ မသိတဲ့အတွက် ဘာဆက်လုပ်ရမလဲဆိုတာ မသိသေးပါဘူး၊ ဒီကားတွေ ဝယ်ပြီးမှ ကျောင်းကားပေးမဆွဲရင် ပြန်ရောင်းဖို့ခက်လိမ့်မယ်၊ လက်ရှိဆွဲနေတဲ့ကားတွေက ပြန်ရောင်းလို့ရသေးတယ်၊ ဒါကြောင့် ကျောင်းကားလုပ်ငန်းရှင်တွေ အတွက် တိကျတဲ့မူဝါဒ ချပေးစေချင်ပါတယ်”ဟု ကျောင်းကားလုပ်ငန်းရှင်ဦးကြည်ဝင်းက ပြောသည်။

ကျောင်းကားစနစ်သစ်အတွက် သတ်မှတ်ထားသည့်အချက် ၁၂ ချက်နှင့် ကိုက်ညီသောယာဉ်များကို ပြည်တွင်းကားကုမ္ပဏီ သုံးခုမှ ရိုးမဘဏ်နှင့် ချိတ်ဆက်ကာ သုံးနှစ်အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန် ကျောင်းကားလုပ်ငန်းရှင်များထံ လာရောက်ကမ်းလှမ်းထားကြောင်း ကျောင်းကားလုပ်ငန်းရှင်များ အသိုင်းအဝိုင်းမှ သိရသည်။

School Bus စနစ်သစ်အတွက် ကညနမှ ပြဌာန်းထားသည့် ဥပဒေ အတည်ပြုပြီးပါက ကျောင်းကြို/ပို့ယာဉ်အဖြစ် ပြေးဆွဲမည့် ယာဉ်များအနေဖြင့် ယာဉ်မှတ်ပုံတင်ပြုလုပ်ပြီးမှသာ ကျောင်းကြို/ပို့ ယာဉ်များအဖြစ် ပြေးဆွဲခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

လက်ရှိ ပြေးဆွဲနေသည့် ကျောင်းကြို/ပို့ ယာဉ်များထဲမှ လိုက်ထရပ်များကို လာမည့်စာသင်နှစ်တွင် လုံးဝပြေးဆွဲခွင့်ပြုတော့မှာ မဟုတ်ကြောင်း၊ လိုက်ထရပ်များ အပြင် ကျန်ရှိသည့် မှန်လုံကျောင်း ကြို/ပို့ယာဉ်များကိုလည်း တဖြည်းဖြည်းစစ်ထုတ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည် သူသယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရ သည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here