School Bus စနစ်သစ်ကို ကျောင်းတစ်ကျောင်းချင်းစီအလိုက် အများပိုင်ဖွဲ့စည်း၍ ကိုယ်ပိုင်စီမံအုပ်ချုပ်ပြီး ပြေးဆွဲရန် ဆွေးနွေးညှိနှိုင်း

561

ရန်ကုန်၊ မေ

ကျောင်းတစ်ကျောင်းချင်းစီ အလိုက် အများပိုင်စနစ်ဖွဲ့စည်း၍ ကိုယ်ပိုင်စီမံအုပ်ချုပ်သည့်စနစ်ဖြင့် School Bus စနစ်သစ် ပြေးဆွဲရန် ဆွေနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ကျောင်းကားလုပ်ငန်းလုပ်ကိုင်သူများထံမှသိရသည်။

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် မှစ၍ ကျောင်းကားစနစ်သစ် ပြေးဆွဲရန် လျာထားသည့် အစိုးရကျောင်း ၁၈ ကျောင်းမှ ကျောင်းကား စနစ်သစ် ဖော်ဆောင်ရာတွင် ကျောင်းတစ်ကျောင်းချင်းစီအလိုက် စီမံအုပ်ချုပ်မှုဖြင့်သာ ပြေးဆွဲခွင့်ပြုရန် ဝန်ကြီးချုပ်ထံ တင်ပြထားပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

”ကျောင်းကား စနစ်သစ် ပြေးဆွဲဖို့အတွက် ဝန်ကြီးချုပ်နဲ့ ဆွေးနွေးပွဲမှာ ကျောင်းအလိုက် ကိုယ်ပိုင်စီမံအုပ်ချုပ်မှုနဲ့ပဲ ပြေးဆွဲခွင့်ပြုဖို့ ကျောင်းကိုယ်စားလှယ်တွေက တောင်းဆိုခဲ့ကြပါတယ်၊ ဒါကို ဝန်ကြီးချုပ်က တစ်ပိုင်တစ်နိုင် ကိုယ်ရကိုယ်ယူဆိုရင်တော့ ပြေးဆွဲခွင့်ပြုဖို့ အဆင်မပြေဘူး၊ အများပိုင်စနစ်နဲ့ ပြေးဆွဲမယ်ဆိုရင်တော့ ခွင့်ပြုပေးဖို့ စဉ်စားမယ်ဆိုပြီး ပြောခဲ့ပါတယ်၊ နောက်တစ်ကြိမ် အစည်းအဝေးမှာ ကိုယ်ပိုင်စီမံအုပ်ချုပ်မှုနဲ့ ခွင့်ပြု၊ မပြုဆိုတာ သိရှိရမှာဖြစ်ပါတယ်”ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် အထက(၅) ဗိုလ်တထောင်မှ ကျောင်းကားလုပ်ငန်းလုပ်ကိုင်သူ ဦးစိုးသွင်အောင် က ပြောသည်။

ကျောင်းတစ်ကျောင်းချင်းစီ အလိုက် School Bus စနစ်သစ် ပြေးဆွဲရာတွင် YRTA မှ တစ်ဆင့် ကုမ္ပဏီအုပ်ချုပ်ပုံစနစ်ဖြင့် ပြေးဆွဲခြင်းနှင့် ကျောင်းတစ်ကျောင်းချင်းစီအလိုက် အများပိုင်ဖွဲ့စည်း၍ စနစ်တကျစီမံအုပ်ချုပ်ပြေးဆွဲခြင်း စသည့် အချက်နှစ်ချက်ကို ဆွေးနွေးခဲ့ရာ ကျောင်းကားလုပ်ကိုင်သူများက ကျောင်းတစ်ကျောင်းချင်းစီအလိုက် အများပိုင်ဖွဲ့စည်း၍ စနစ်တကျ စီမံအုပ်ချုပ်ပြေးဆွဲမည် ဆိုသည့်အချက်ကို သဘောတူ ဆွေးနွေးခဲ့ကြသည်။

School Bus စနစ်သစ်ကို ပြီးခဲ့သည့် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် YRTA မှ ဖွဲ့စည်းထားသော ရွှေလက်(Golden Hand) ကုမ္ပဏီ၏ အုပ်ချုပ်မှုဖြင့် အဆင့်သုံးဆင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ခဲ့သည်။ သို့ သော် ညှိနှိုင်းမှုများလိုအပ်နေသေးသည့်အတွက် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်မှသာ  ကျောင်းတစ်ကျောင်းချင်းစီအလိုက် အများပိုင်စနစ်ဖြင့် ပြေးဆွဲရန် စီစဉ်ဆောင် ရွက်လျက်ရှိပြီး လက်ရှိတွင် ဝန်ကြီးချုပ်၏ သဘောတူညီချက်ကို တောင်းခံထားဆဲ ဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here