SAIC Motor နှင့် Alibaba ပူးပေါင်း၍ လျှပ်စစ်ကားကုမ္ပဏီ တည်ထောင်

115

 

တရုတ်အစိုးရပိုင် အကြီးဆုံးကားကုမ္ပဏီ SAIC Motor နှင့် အွန်လိုင်းအရောင်းအဝယ်၊ နည်းပညာကုမ္ပဏီ Alibaba and Shanghai Pudong New Area Government တို့ပူးပေါင်းကာ လျှပ်စစ်ကားကုမ္ပဏီတစ်ခု တည်ထောင်လိုက်ပြီဖြစ်ကြောင်း South China Morning Post သတင်းစာက နိုဝင်ဘာ ၂၇ ရက်တွင် ဖော်ပြသည်။

ကမ္ဘာ့အကြီးမားဆုံး ဈေးကွက်ကြီးဖြစ်သည့် တရုတ်တွင် လျှပ်စစ်ကားဝယ်လိုအားသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာနေပြီး နိုင်ငံခြားကုမ္ပဏီများနှင့် ယှဉ်ပြိုင်နိုင်ရေးအတွက် ပြည်တွင်းကုမ္ပဏီကြီး သုံးခုနှင့် အခြားကုမ္ပဏီအချို့ပူးပေါင်းကာ Zhiji Motor အမည်ရှိ လျှပ်စစ်ကားကုမ္ပဏီကို ထူထောင်လိုက်ခြင်းဖြစ်သည်။

Zhiji Motor ကို SAIC က ရှယ်ယာ ၅၄ ရာခိုင်နှုန်း၊ Alibaba and Shanghai Pudong New Area Government တို့က ၁၈ ရာခိုင်နှုန်းစီနှင့် အခြား ကုမ္ပဏီများက ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်သည်။

SAIC နှင့် Alibaba တို့သည် ယခုမှ လက်တွဲခြင်းမဟုတ်ဘဲ ၂၀၁၅ ခုနှစ်ကတည်းက လက်တွဲခြင်းဖြစ်ကာ လျှပ်စစ်ကား နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

SAIC ၏ Roewe RX5 SUV မိုဒယ်တွင် Alibaba မှ ထုတ်လုပ်ပေးသည့် YunOS ကို အသုံးပြုခဲ့ပြီး အောင်မြင်မှုရရှိခဲ့သည်။

SAIC သည် Pudong မြို့ရှိ Zhangjiang Hi-Tech Park တွင် အခြေစိုက်သည့် Zhiji Motor အတွက် Alibabi နှင့်အတူ ယွမ် ၅ ဒသမ ၄ ဘီလျံ ထပ်မံရင်းနှီးသွားမည်ဖြစ်ပြီး ယခင်ထည့်သွင်းထားသည့် ငွေပမာဏနှင့်ဆိုလျှင် ယွမ် ၁၀ ဘီလျံ(အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၂ ဘီလျံ)ရှိသွားပြီဖြစ်သည်။

Zhiji Motor အမည်ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၇ ရက်ကျမှသာ တရားဝင် အသိပေးခဲ့သော်လည်း ကုမ္ပဏီများအကြား လျှပ်စစ်ကားထုတ်လုပ်ရန်အတွက် အချိန်ပေးထားပြီးဖြစ်ရာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာပင် ကုမ္ပဏီထုတ် ပထမဆုံးသော လျှပ်စစ်ကားကို ရှန်ဟိုင်း၊ လန်ဒန်နှင့် မြောက်အမေရိကတို့တွင် စတင်မိတ်ဆက်နိုင်ဖွယ် ရှိနေသည်။

လေထုညစ်ညမ်းမှုဒဏ် ရင်ဆိုင်နေရသော တရုတ်အစိုးရသည် လျှပ်စစ်ကား အသုံးပြုမှုကို အားပေးလျက်ရှိပြီး ယခုနှစ် အောက်တိုဘာလ ရောင်းအားအရ လျှပ်စစ်ကားအစီးရေ ၁၆၀,၀၀၀ အထိရှိကာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလရောင်းအားထက် ၁၀၅ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။

ဘာသာပြန်-ခွန်ဝဏ္ဏ
Ref:SCMP

LEAVE A REPLY

Please enter your comment!
Please enter your name here