Qantas Boeing 787-9 Dreamliner လေယာဉ်ပျံကို ဆွဲယူမောင်းနှင်ပြခဲ့သည့် Tesla Model X လျှပ်စစ်ကားတစ်စီး၏ ဝန်ဆွဲမောင်းနှင်နိုင်မှု စံချိန်ရှင်ဖြစ်လာ

726

အမေရိကန် လျှပ်စစ်ကားကုမ္ပဏီ တစ်ခုဖြစ်သည့် Tesla ထုတ် Model X  ကားမိုဒယ်သည် ပေါင်နှစ်သိန်း ကျော် လေးလံသော Qantas Boeing 787-9 Dreamliner လေယာဉ်ပျံကြီးတစ်စီးကို ကားနောက် မှ ချိတ်ဆက်၍ ဝန်ဆွဲမောင်းနှင်ပြခဲ့ပြီး လျှပ်စစ်စွမ်းအင်သုံး လူစီးကားတစ်စီးအနေဖြင့် အလေးလံဆုံး ဝန်ဆွဲမောင်းနှင်မှုအဖြစ် ဂင်းနက်စ် ကမ္ဘာ့စံချိန်ချိုးခဲ့ကြောင်း မေ ၁၆ ရက်တွင် Daily Mail သတင်းဌာန က ရေးသားဖော်ပြခဲ့သည်။

Elon Musk ၏ လျှပ်စစ်ကား ကုမ္ပဏီ Tesla သည် သြစတြေးလျ နိုင်ငံ၊ Melbourne လေဆိပ်တွင် Tesla Model X P100D ကား မိုဒယ်က သြစတြေးလျ လေကြောင်းလိုင်း Qantas  ပိုင် Qantas Boeing 787-9 Dreamliner လေယာဉ်ကြီးအား ဝန်ဆွဲမောင်းနှင်ပြသည့် ဗီဒီယိုကို အင်တာနက်စာမျက်နှာပေါ် တင်ခဲ့ခြင်းဖြစ်သည်။ မိနစ်ပိုင်းမျှကြာမြင့်သည့် အဆိုပါ ဗီဒီယိုတွင် လျှပ်စစ် SUV ကားက ပေါင် ၂၈၇,ဝဝဝ လေးလံသည့် လေယာဉ်ပျံကြီးကို လေယာဉ်ကွင်း တစ်လျှောက် ပေတစ်ထောင်နီးပါး ဆွဲယူမောင်းနှင်သွားပုံကို ပြသထားသည်။ ထိုကဲ့သို့ စမ်းသပ်မှုအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့်  Tesla နှင့် သြစတြေးလျ လေကြောင်းလိုင်း Qantas တို့ သည် ၂ဝ၁၆ ခုနှစ်တွင် Tesla Model S နှင့် Boeing 737-800 လေယာဉ်တို့ အပြိုင်မောင်းနှင်သည့် စမ်းသပ်မှုကိုလည်း ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ Model X SUV ကားသည် အံ့ဖွယ်ကောင်းလောက်သည့် စက်လည်ပတ်အားကြောင့် နာမည်ကျော်ကြားပြီး ယခင်ကလည်း Tesla သည် Elon Musk ပိုင် The Boeing Company မှ အပျက်အစီးအပိုင်းအစပေါင်း ၁၂၅ တန်ကို တင်ဆောင်ထားသည့် ရထားတွဲများကို SUV ကားတစ်စီးဖြင့် ဆွဲပြသည့် ဗီဒီယိုဖိုင်တစ်ခုကိုလည်း ပြသခဲ့ဖူးသည်။

Ref : Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here