Original Delivery Van မဟုတ်ပါက လူစီးယာဉ်အတိုင်း အခွန်စည်းကြပ်မည်ဖြစ်သလို အကောက်ခွန်ဒဏ်ကြေး 1/2AV လည်း ပေးဆောင်ရမည်

1007

ရန်ကုန်၊ မတ်

Original Delivery Van မဟုတ်ပါက လူစီးယာဉ်အတိုင်း အခွန်စည်းကြပ်မည်ဖြစ်သလို အကောက် ခွန်ဒဏ်ကြေး 1/2AV လည်း ပေးဆောင်ရမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ယခင်က Delivery Van ကားတင်သွင်းရာတွင် နောက်ဘော်ဒီသံပြား(အသေပိတ်) အလုံပိတ်ပုံစံ ဖြစ်ရမည်၊ Driver အခန်းနှင့် နောက်ဘော်ဒီကြား ကန့်ထားသည့် အကန့်ပုံစံ ပါရှိရမည်၊ ကုန်တင်ရန် ရည်ရွယ်ထားသည့်အတွက် နောက်ဘော်ဒီကြမ်းခင်း တစ်ပြေးညီ ဖြစ်ရမည်၊ နောက်ခန်းတွင် ထိုင်ခုံပါရှိခြင်း မရှိရ၊ လူစီးယာဉ်အမျိုးအစား သို့ ပြုပြင်ပြောင်းလဲခြင်း မပြုရ စသည့်အချက်များဖြင့် စိစစ်ခွင့်ပြုပေးခဲ့သည်။ သို့သော် ကားတင်သွင်းသူအချို့က ယင်းအချက်လေးချက်ဖြင့် ကိုက်ညီအောင် ပြုပြင်ပြီး Delivery Van အဖြစ် တင်သွင်းလာခဲ့သည်။ ယခုအခါ စက်ရုံထုတ် Original Delivery Van ဖြစ်မှသာ ကုန်တင်ယာဉ်နှုန်းထားအတိုင်း အခွန်စည်းကြပ် ထုတ်ယူခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

”ကြီး/ကော်က လက်ရှိဆိပ်ကမ်းမှာရှိတဲ့ Delivery Van အစီးနှစ်ရာကျော်ကို မူရင်းစက်ရုံထုတ်ပုံစံ ဟုတ်၊ မဟုတ်ဆိုတာ ဌာနလေးခု ပေါင်းပြီး စိစစ်ဖို့ရှိပါတယ်၊ လူစီးကားတွေကို Delivery Van အဖြစ်နဲ့ တင်သွင်းတယ်ဆိုရင်တော့ လူစီးယာဉ်အတိုင်း အခွန်စည်းကြပ်မှာဖြစ်သလို Type လွဲ ဒဏ်ကြေး 1/2AV လည်း ကောက်ခံမှာ ဖြစ်ပါတယ်၊ အမိန့်ကြေညာစာရရှိတာနဲ့ ဒီကားတွေကို မြေပြင်စစ်ဆေးမှုတွေ ပြုလုပ်ပြီး အမျိုးအစား အမှန်အတိုင်း အခွန်စည်းကြပ်ထုတ်ပေးမှာ ဖြစ်ပါတယ်၊ အသစ်ထပ်ပြီးရောက်လာမယ့် Delivery Van တွေကိုတော့ စက်ရုံထုတ်မဟုတ်ဘူးဆိုရင် နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမှာ ဖြစ်ပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် ဆိပ်ကမ်းများ၌ ရောက်ရှိနေသည့် Delivery Van အစီးနှစ်ရာကျော်ကို ထုတ်ယူခွင့် မပြုသေးသော်လည်း ပါမစ်သက်တမ်းလွန်ဒဏ်ကြေး မထိစေရန် ID ဖွင့်ခွင့်ပြုထားကြောင်း သိရသည်။ ဆိပ်ကမ်းတွင် ရောက်ရှိသော ကားများနှင့် ကညနတွင် မှတ်ပုံတင်ခွင့်မရသေးသည့် Delivery Van ကားများကိုလည်း စက် ရုံထုတ် ဟုတ်၊ မဟုတ် စိစစ်၍ ကွဲလွဲနေပါက လူစီးယာဉ်တန်ဖိုးအတိုင်း အခွန်စည်းဆောင်ရမည်ဖြစ်ပြီး 1/2AV ဒဏ်ကြေးလည်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here