Opel  ၏  ဒုတိယသုံးလပတ် ဆုံးရှုံးမှုပမာဏ  ဒေါ်လာ  သန်း  ၂၅ဝ  ရှိလာ

368

General Motors က PSA Group သို့ ရောင်းချထားသည့် Opel အမှတ်တံဆိပ်၏ ဆုံးရှုံးမှု တန်ဖိုးမှာ ယခုနှစ် ဒုတိယသုံးလပတ်ကာလအတွင်း ဒေါ်လာသန်း ၂၅ဝ ဝန်းကျင်ရှိလာကြောင်း နိုင်ငံတကာ သတင်းမီဒီယာများက ရေးသား ဖော်ပြခဲ့ကြသည်။

 

Opel သည် ရုံးပိတ်ရက်မပါ နေ့စဉ် ယူရိုလေးသန်း (ဒေါ်လာ ၄ ဒသမ ၇၄ သန်း) ဆုံးရှုံးနေပြီး ယခုနှစ် ပထမသုံးလပတ်ကာလ ဆုံးရှုံးမှုပမာဏမှာ ဒေါ်လာသန်း ၂၁ဝ ရှိကြောင်း Opel ၊ PSA တို့နှင့် နီးစပ်သည့် အမည်မဖော် လိုသော သတင်းရင်းမြစ်အချို့ထံမှ သိရသော်လည်း Opel ဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိပေ။ GM   သည် အရှုံးပေါ်နေသည့် Opel ကို ဥရောပဒေသတွင် ကားသေးထုတ်လုပ်မှု၌ အမြတ်အစွန်း ရရှိနေသော Peugeot ၊ DS နှင့် Citroen အမှတ် တံဆိပ်များ၏ ပိုင်ရှင်ဖြစ်သူ PSA ထံသို့ ရောင်းချခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၇ ခုနှစ်အတွင်း Opel ၏ ငွေကြေးဆုံးရှုံးမှုပမာဏ ပိုမိုများပြားလာနိုင်ကြောင်း PSA အမှုဆောင် အရာရှိချုပ် Carlos Tavares က မေလတွင် ပြောကြားခဲ့ဖူးသည်။ ဥရောပ၏ လေထုညစ်ညမ်းမှု တိုက် ဖျက်ရေး စည်းမျဉ်းသစ်များနှင့် ညီñွတ်စေရန် အသေးစားကားများ ထုတ်လုပ်မှု သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်မှုအတွက် တစ်နှစ်လျှင် အကြမ်းဖျင်း ဒေါ်လာတစ်ဘီလျံ သုံးစွဲခဲ့ရသဖြင့် Opel အနေဖြင့် လွန်ခဲ့သည့် ၁၆ နှစ်အတွင်း အရှုံးပေါ်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက PSA ၊ Opel နှင့် GM တို့မှ ထိပ်တန်းတာဝန်ရှိသူများ တွေ့ဆုံကာ Opel ၏ အနာဂတ် မဟာဗျူဟာနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

 

PSA အနေဖြင့် Opel အား လာမည့် ၂ဝ၂ဝ ပြည့်နှစ်ထက် နောက်မကျစေဘဲ ခိုင်မာသည့် အမြတ်အစွန်းပမာဏ ပြန်လည်ရရှိရန် ဆန္ဒရှိနေသည်။ PSA က Opel နှင့် ဗြိတိန်အမှတ်တံဆိပ် Vauxhall တို့ကို အပြီးသတ် ဝယ်ယူပြီးဖြစ်ကြောင်း ကြေညာခဲ့ပြီး ယင်းဝယ်ယူမှုကြောင့် ဥရောပ၌ Volkswagen ပြီးလျှင် မော်တော်ယာဉ်ရောင်းချရမှုအရ ဒုတိယအကြီးဆုံး ကားလုပ်ငန်း ဖြစ်လာခဲ့သည်။ Opel ကို PSA သို့ ရောင်းချမှု အပါအဝင် လုပ်ငန်းအချို့ ရပ်နားလိုက်သဖြင့် GM ၏ ဆုံးရှုံးမှုပမာဏမှာ ဒုတိယသုံးလပတ်ကာလအတွင်း ဒေါ်လာ သန်း ၇၇ဝ ရှိကြောင်း ဇူလိုင်လတွင် GM က ပြောကြားခဲ့သည်။

Ref: Reuters, Auto News

LEAVE A REPLY

Please enter your comment!
Please enter your name here