One-stop Services စနစ်ဖြင့် ဆောင်ရွက်ပေးရန် လိုအပ်နေသည့် မော်တော်ဆိုင်ကယ် အမည်ပေါက်နာမည်ပြောင်းများ

160

 

‘‘နိုင်ငံတော်က ဆိုင်ကယ်တွေ၊ ကားတွေကို ကိုယ်ပိုင်နာမည်ပြောင်း စေချင်တယ်၊ ဆိုင်ကယ်တွေဆိုရင် ဝှီးတက်ပျောက်ရင် အခွန်ပေးဆောင်ပြီး မှ ဝှီးတက်အသစ်ထုတ်ပေးမယ်သာ သတ်မှတ်ထားတာ၊ အောက်ခြေမှာက One-stop Services မလုပ်ပေးတဲ့အတွက် အများကြီး အခက်တွေ့ ရတယ်၊ အမှန်တကယ်ဆို နိုင်ငံတော်အစိုးရက မော်တော်ဆိုင်ကယ် နာမည်ပြောင်းတွေအတွက် One-stop Services ဆောင်ရွက်ပေးသင့် တယ်’’ဟု ဆိုလာသူက ကလေးမြို့တွင် နေထိုင်လျက်ရှိသူ ဒေါ်တင် တင်မာ။
ပြီးခဲ့သည့် ဇူလိုင်လက ၎င်းပိုင်ဆိုင်သော Canda 125 ဆိုင်ကယ်မှာ ဝှီးတက်ပျောက်ဆုံးသွား၍ အသစ်လျှောက်ထားရာ၌ ဆိုင်ကယ်အမည် ပေါက်ပြောင်းရမည်ဟု ဆိုသောကြောင့် ကြုံတွေ့ခဲ့ရသည့်အခက်အခဲများကို ပြန်ပြောင်းပြောပြလာခြင်း ဖြစ်သည်။
ကလေးမြို့တွင် နေထိုင်လျက်ရှိသော်လည်း ဆိုင်ကယ်ဈေးနှုန်းချိုသာ မှုမှာ မန္တလေးမြို့ဖြစ်သဖြင့် မန္တလေးမြို့ရှိ ဆိုင်ကယ်အရောင်းပြခန်းတစ်ခု ထံမှ Canda 125 ဆိုင်ကယ်တစ်စီးကို ၂ဝ၁၆ ခုနှစ်က ဝယ်ယူခဲ့သည်။ ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ဝယ်ယူခဲ့သည့်အတွက် နောက် ၂ နှစ်အကြာ ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးရာ၌ မန္တလေးမြို့ ကညနတွင် အဆင်ပြေပြေဖြစ်ခဲ့သော်လည်း ယခု ၂ဝ၂ဝ ပြည့်နှစ်တွင် ဒုတိယအကြိမ် ဆိုင်ကယ်လိုင်စင် သက်တမ်းထပ်တိုးရာတွင်မူ အခက်အခဲတစ်ခု စတင် ကြုံတွေ့လာသည်။ အကြောင်းမှာ ၂ဝ၁၉ ခုနှစ် နှစ်ဝက်ခန့်က ဆိုင်ကယ် သော့နှင့်အတူ တွဲထားသော ဆိုင်ကယ်ဝှီးတက်မှာ ပျောက်ဆုံးသွားရာမှ ပြန်ရှာမတွေ့တော့ခြင်းကြောင့် ဖြစ်သည်။
ဆိုင်ကယ်ဝှီးတက် ပျောက်ဆုံးသွား၍ ကလေးခရိုင် ကညနရုံးထံ သွားရောက်စုံစမ်းရာ၌ ကိုယ်ပိုင်အမည်ပေါက်အဖြစ် အခွန်ဆောင်ပြီးမှ သက်တမ်းတိုးခွင့်ပေးမည်ဟု ရုံးချုပ်က ညွန်ကြားထားသည့်အတွက် ပြည် တွင်းအခွန်၌ အခွန်သွားဆောင်ပြီးမှ လာရောက်ရန် တာဝန်ရှိသူအချို့က ပြန်လည်ဖြေကြားခဲ့ကြသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် သက် တမ်းတိုးခြင်းမပြုဖြစ်ခဲ့ဘဲ ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လထဲ၌ သက်တမ်းတိုးမည် ဆိုသည့်အခါတွင် Covid-19 ရောဂါပိုးများ မြန်မာနိုင်ငံ၌ စတင်တွေ့ရှိ လာသဖြင့် ကညနရုံးများ ရက်အကန့်အသတ်မရှိ ပိတ်သွားခဲ့လေသည်။ ထို့ကြောင့် ကညနရုံးများ ပြန်လည်ဖွင့်လှစ်ချိန်အထိ စောင့်ဆိုင်းခဲ့ပြီး ယခု ၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင်လထဲတွင် ဆိုင်ကယ်သက်တမ်းတိုးရန် ပြန်လည် စိုင်းပြင်းခဲ့လေသည်။
‘‘ကျွန်မဆို ဝှီးတက်ပျောက်သွားလို့ အခွန်ဆောင်ရမယ်ဆိုတာနဲ့ အခွန်ဆောင်မယ့်ကိစ္စတွေ လုပ်လိုက်တာ အခွန်ရုံးကို ခြောက်ခေါက်၊ ယာဉ်ထိန်းရုံးကို နှစ်ခေါက်၊ ကညနကို နှစ်ခေါက်၊ မြန်မာ့စီးပွားရေးဘဏ်ကို ပြေးရတာရော ခေါက်တုံ့ခေါက်ပြန် တစ်ရုံးပြီးတစ်ရုံး ပြေးလွားနေရတာ၊ အချိန် တအားပေးရတယ်၊ တစ်ရက်တည်းနဲ့လည်း မပြတ်တော့ တစ်ပတ် လောက် ကြာလိုက်တယ်၊ ဒါကို နိုင်ငံတော်က ဝှီးတက်ပျောက်လို့ အခွန် ဆောင်ရမှာပဲဖြစ်ဖြစ်၊ နာမည်ပြောင်းလို့ အခွန်ဆောင်ရမှာပဲဖြစ်ဖြစ် အခွန် ပေးဆောင်စေချင်တယ်ဆိုရင် One-stop Service ပြုလုပ်ပေးသင့်တယ်’’ ဟု ကလေးမြို့ခံတစ်ဦးဖြစ်သူ ဒေါ်တင်တင်မာက ပြန်ပြောင်းပြောပြသည်။
ကလေးမြို့ အပါအဝင် လက်ရှိ မြန်မာနိုင်ငံအနှံ့ စီးနင်းနေသော ဆိုင်ကယ်အများစုမှာ ကိုယ်ပိုင်အမည်ပေါက်လိုင်စင် အလွန်နည်းပါးပြီး ကုမ္ပဏီလိုင်စင်ဖြင့် စီးနင်းကြသူ ပိုမိုများပြားသည်။ ကုမ္ပဏီလိုင်စင်မှ ကိုယ်ပိုင် အမည်ပေါက်ပြောင်းလိုပါက အိမ်ထောင်စုဇယားမူရင်း+မိတ္တူ တစ်စုံ၊ မှတ်ပုံတင်မူရင်း+ မိတ္တူတစ်စုံ၊ Disk ဝိုင်း မိတ္တူ+မူရင်းတစ်စုံ၊ ယာဉ်ဓာတ်ပုံ (ရှေ့၊ နောက်၊ ဘယ်၊ ညာ)တစ်စုံ၊ အရောင်းအဝယ်စာချုပ် မိတ္တူ+မူရင်းတစ်စုံ၊ ကိုယ်စားလှယ်ဖြစ်ပါက ကိုယ်စားလှယ် လွဲစာယူလာ ရမည်ဖြစ်ကာ ဆိုင်ကယ်ပိုင်ဆိုင်ကြောင်း အုံနာဘုတ်စာအုပ် မိတ္တူ+ မူရင်းတို့ လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် Disk ဝိုင်း ပျောက်ဆုံးပါက ယာဉ်ထိန်းရဲထောက်ခံစာ၊ ကလေးမြို့အိမ်ထောင်စု မဟုတ်ပါက လက်ရှိ နေထိုင်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာတို့ပါ ယူဆောင်လာ ရမည်ဖြစ်ပြီး မော်တော်ယာဉ်၊ သုံးဘီးဆိုင်ကယ်များလည်း အမည်ပေါက် ပြောင်းပါက အဆိုပါအထောက်အထားများ လိုအပ်မည်ဖြစ်ကြောင်း ကလေးမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ ထို့ပြင် ယာဉ်ထိန်းရဲထောက်ခံစာ ယူဆောင်ရာတွင်လည်း ယခင်ကကဲ့သို့ လက် လွတ်စပယ်မပေးတော့ဘဲ ဆိုင်ကယ်ဝှီးတက် ပျောက်ဆုံးထားပါက အမှန် တကယ် ပျောက်ဆုံးထားကြောင်း ကညနရုံးတွင် ဖောင်ဖြည့်၍ ယူဆောင် သွားရသည်။
ထိုသို့ ယူဆောင်ပြီးမှ ယာဉ်ထိန်းရဲရုံးအပြင် အခြားသက်ဆိုင်ရာ ဌာနများနှင့် ထောက်ခံချက်များ၊ ဓာတ်ပုံများစုဆောင်းပြီး ပြည့်စုံမှ ကလေးမြို့နယ် ပြည်တွင်းအခွန်ရုံးတွင် အခွန်သွားရောက်ပေးဆောင် ရကြောင်း ဒေါ်တင်တင်မာက လုပ်ငန်းစဉ်ကို ထပ်မံရှင်းပြသည်။
‘‘အခက်ခဲဆုံးက ကုမ္ပဏီနဲ့ အရောင်းအဝယ်စာချုပ်ပါမှ ရမယ်ဆို တော့ ကျွန်မဝယ်ထားတာက ၂ဝ၁၆ ခုနှစ်ကတည်းက၊ စဝယ်ကတည်းက အရောင်းအဝယ်စာချုပ် မပါဘူးလေ၊ ဆိုင်မှာက ဒီအတိုင်း ဘောက်ချာဖြတ် ပိုင်းနဲ့ပဲ ဝယ်ထားတော့ အဲဒီမှာအခက်တွေ့ရော၊ ဒါနဲ့ ဆိုင်ကယ်ဝယ်ထားတဲ့ မန္တလေးက ကုမ္ပဏီဆီမှာ လှမ်းအကူအညီတောင်းတော့ စာချုပ်ပုံစံကို Viber နဲ့ ပို့ပေးတယ်၊ ဒါနဲ့ Print ထုတ်ပြီး ပြည်တွင်းအခွန်ရုံးကို သွားတော့ ဒါမိတ္တူကြီး မိတ္တူနဲ့မရဘူး၊ မူရင်းလိုတယ်ဆိုတာနဲ့ ကုမ္ပဏီဆီ မူရင်းလှမ်းတောင်းရပြန်ရော၊ မူရင်းလှမ်းတောင်းတော့ အသိမိတ်ဆွေ တစ်ယောက်ကို ကုမ္ပဏီဆီသွားယူခိုင်းပြီး မန္တလေး-ကလေးဂိတ်ကနေ တစ်ဆင့် ပါးခိုင်းလိုက်တယ်၊ မူရင်းရပြီး သွားတဲ့အခါကျတော့ မူရင်းမှာ အခွန်တံဆိပ်ခေါင်း ကပ်လိုက်တယ်၊ ပြီးတော့ မိတ္တူဆွဲခိုင်းပြီး မိတ္တူပဲ ပေးထားခဲ့ရတယ်ပေါ့၊ ပြောချင်တာက ရုံးဌာနတွေမှာ တချို့ Process တွေ တအားကြာတယ်’’ဟု ၎င်းက ထပ်မံရင်ဖွင့်လာသည်။
ကလေးမြို့နယ် ပြည်တွင်းအခွန်ရုံးတွင် လိုအပ်သည့်စာရွက်စာ တမ်းများ ပြည့်စုံသွားပြီဖြစ်၍ အခွန်ပေးဆောင်ရန် ဘောက်ချာဖြတ်ပိုင်း နှင့်အတူ မြန်မာ့စီးပွားရေးဘဏ်သို့ သတ်မှတ်အခွန်ငွေအတိုင်း သွား ရောက်ပေးဆောင်ရသည်။ ထိုသို့ပေးဆောင်ပြီးကြောင်း စလစ်ဖြတ်ပိုင်းကို မိတ္တူဆွဲ၍ ပြည်တွင်းအခွန်ရုံးသို့ ထပ်မံပေးအပ်ကာ အခွန်ပေးဆောင်ပြီး ကြောင်း စာရွက်ပါရှိမှသာ ကလေးခရိုင် မြန်မာ့အာမခံရုံးသို့ သူတစ်ပါး ထိခိုက်မှုအာမခံ သွားရောက်လုပ်ဆောင်၍ ကလေးခရိုင်ကညနရုံးသို့ Final အဆင့်အဖြစ် ရောက်ရှိခဲ့ကြောင်း ဒေါ်တင်တင်မာက ရှင်းပြသည်။ ကညနတွင် လိုင်စင်သက်တမ်းတိုးရာတွင်လည်း အဆင်မပြေမှုအချို့ အနည်းငယ်ရှိခဲ့သော်လည်း နောက်ဆုံးတွင် မြန်မြန်ဆန်ဆန်ရရှိလာခဲ့ ကြောင်း ၎င်းက ထပ်မံပြောပြသည်။
ဆိုင်ကယ်လိုင်စင် ကိုယ်ပိုင်အမည်ပေါက်ဖြင့် ရရှိချိန်တွင်မူ ဒေါ်တင် တင်မာတစ်ယောက် ရုံးဌာနများအကြား ပြေးလွားရင်းနှင့် အရောင်း အဝယ်စာချုပ်ရရှိရန် စောင့်ဆိုင်းရမှုအကြား အချိန်အားဖြင့် တစ်ပတ်ကျော် ကြာမြင့်သွားခဲ့လေသည်။ ဒီမိုကရေစီနိုင်ငံတည်ဆောက်နေဆဲ မြန်မာ နိုင်ငံတွင် အခွန်ပေးဆောင်ရမည်ကို လက်ခံသော်လည်း အစိုးရက အခွန် ငွေ မြန်ဆန်စွာ ပိုမိုရရှိလိုပါက လုပ်ငန်း Process များ မြန်မြန်ဆန်ဆန်ဖြစ် စေရန် One-stop Services လုပ်ဆောင်ပေးသင့်ကြောင်း ကလေးမြို့ခံ အချို့က သုံးသပ်သည်။
‘‘အခုဆို အခွန် ၃ ရာခိုင်နှုန်းကိစ္စက စက်တင်ဘာလကုန်နောက်ဆုံး အထိ၊ ဒီကြားကာလမှာ ကားရော၊ ဆိုင်ကယ်ရော နာမည်ပြောင်း လျှောက်ထားတဲ့သူတွေ တအားများတယ်၊ များတဲ့အချိန်မှာ One-stop Services မလုပ်ပေးတော့ အခွန်ဆောင်မယ့်ပြည်သူတွေမှာ ရုံးတွေ တစ်ရုံး ပြီးတစ်ရုံးသွားရနဲ့ တအားအလုပ်များရတယ်၊ သက်ဆိုင်ရာဌာနတွေ တစ် နေရာတည်းမှာစုပေါင်းပြီး One-stop Services သာ လုပ်ဆောင်ပေး မယ်ဆိုရင် ဘယ်လောက်အထိ ကောင်းလိမ့်မလဲ’’ဟု ကလေးမြို့ခံတစ်ဦးဖြစ် သူ ဦးအောင်သူက အကြံပြုသည်။
မော်တော်ဆိုင်ကယ် ကိုယ်ပိုင်အမည်ပေါက် လျှောက်ထားမှုဖြစ်စေ၊ ဆိုင်ကယ်ဝှီးတက်ပျောက်ဆုံးသောကြောင့် အခွန်ဆောင်၍ ကိုယ်ပိုင်အမည် ပေါက်ပြောင်းရမည့်ကိစ္စဖြစ်စေ ထိုသို့ အခွန်ပေးဆောင်ရာ၌ လတ်တလော တွင် ၃ ရာခိုင်နှုန်း သတ်မှတ်ထားသော်လည်း အခွန်ပေးဆောင်ရန် ဆိုင်ကယ် ရာဖြတ်တန်ဖိုး ပေါက်ဈေးများမှာ အဆမတန်များပြားနေသည့် အတွက် နိုင်ငံတော်အစိုးရက ကာလတန်ဖိုး သတ်မှတ်ချက်နှုန်းထားများ ပြင်ဆင်ပေးသင့်ကြောင်း မော်တော်ဆိုင်ကယ်ဈေးကွက် ကျွမ်းကျင်သူ များက ဝေဖန်သည်။
‘‘ဥပမာ Canda 125 ဆိုင်ကယ်တစ်စီး အပြင်မှာ အသစ်ဘီး ဈေးမှ ခြောက်သိန်းကျော်ပဲ ပေါက်တယ်၊ ဒါပေမဲ့ ပြည်တွင်းအခွန်က ရာဖြတ်တန်ဖိုးထဲမှာက အပြင်ပေါက်ဈေး ခုနစ်သိန်းဆိုပြီး ဖြစ်နေတယ်၊ ပြီးတော့ အခွန်ဆောင်ရမယ့် တချို့ဆိုင်ကယ်တွေဆို မိုဒယ်တွေက နိမ့် နေပြီ၊ မိုဒယ်ဘယ်လောက်နိမ့်နိမ့် အသစ်ပေါက်ဈေးနဲ့ ရာပြတ်ဖြတ်ပြီး အခွန်ဆောင်ဖို့ ပြည်တွင်းအခွန်ရုံးက သတ်မှတ်ထားတော့ တကယ်တမ်း စဉ်းစားကြည့်ရင် ပြည်သူတွေအတွက် တအားနစ်နာတယ်၊ ဆိုလိုချင် တာက ၂ဝ၁၆ မိုဒယ် Canda 125 ဆိုင်ကယ်ပေါက်ဈေးက မြေပြင်မှာ ကျပ် နှစ်သိန်းခွဲလောက်ပဲ ပေါက်ဈေးရှိတော့တယ်၊ အမှန်တကယ်က အဲဒီ မြေပြင်ပေါက်ဈေး နှစ်သိန်းခွဲပေါ်မှာ ရာပြတ်တန်ဖိုးဖြတ်ရမှာ၊ အခုဟာက Brand New အသစ်ပေါက်ဈေးနဲ့ ရာဖြတ်ဖြတ်ထားသလို အဲဒီ ရာဖြတ် တန်ဖိုးကလည်း မြေပြင်ပေါက်ဈေးထက် နှုန်းထားတွေ အဆမတန်များ နေတယ်၊ အဲဒီလိုပဲ တခြားဆိုင်ကယ်အမျိုးအစားတွေလည်း ထိုနည်းလည်းကောင်းပဲ’’ ဟု ကလေးမြို့ခံ မော်တော်ဆိုင်ကယ်ဈေးကွက် ကျွမ်း ကျင်သူတစ်ဦးက ဝေဖန်ပြောဆိုလာသည်။
ထို့ကြောင့် ယခု Covid-19 ရောဂါ ထိန်းချုပ်ဆဲကာလတွင် နိုင်ငံ တော်အစိုးရက အခွန်ရာခိုင်နှုန်းအချို့ ဖြေလျှော့ပေးသကဲ့သို့ မော်တော် ဆိုင်ကယ်များအတွက်လည်း ထည့်သွင်း စဉ်းစားပေးသင့်ပေသည်။ အခွန် ပေးဆောင်နိုင်ရန် မြေပြင်ကာလတန်ဖိုးပေါက်ဈေး နှုန်းထားများ အသစ် ပြန်လည် သတ်မှတ်ရမည်ဖြစ်သကဲ့သို့ မိုဒယ်နိမ့်ဆိုင်ကယ်များ အတွက် လည်း အမှန်တကယ် မြေပြင်ပေါက်ဈေးအတိုင်း အထူး စဉ်းစားပေးသင့် လှသည်။
ဒီမိုကရေစီနိုင်ငံတိုင်း အခွန်စည်းကြပ်လေ့ရှိသော်လည်း အသွင်ကူး ပြောင်းဆဲ မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများနည်းတူ ထပ်တူကျ တစ်ပုံစံတည်း ချက်ချင်းလုပ်ဆောင်၍ မရနိုင်ကြောင်းလည်း နိုင်ငံတော် အစိုးရအဖွဲ့ဝင်များက ထည့်သွင်းစဉ်းစားကြရပေမည်။ ထို့ပြင် မော်တော် ဆိုင်ကယ်စီးနင်းသူ ပြည်သူအားလုံး ကိုယ်ပိုင်အမည်ပေါက်များပြောင်း၍ အခွန်ပေးဆောင်လာအောင် မလိုအပ်ဘဲ အချိန်ကုန်မှု၊ ငွေကုန်မှုမဖြစ် စေသည့် One-stop Servicesလုပ်ဆောင်ပေးခြင်း အပါအဝင် Online မှတစ်ဆင့် ပိုမို၍ လွယ်လွယ်ကူကူ လုပ်ကိုင်နိုင်မည့် နည်းလမ်းများလည်း နယ်ခရိုင် မြို့များပါမကျန် တစ်နိုင်ငံလုံးအတွက် အမြန်ဆုံး အကောင် အထည်ဖော်ပေးရန် လိုအပ်နေပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here