Off-Road (2017 Porsche Cayenne Turbo)

842

 

ဂျာမန်ကားကုမ္ပဏီကြီး Volkswagen က ပိုင်ဆိုင်တဲ့ Porsche AG ဟာ ၁၉၄၈ ခုနှစ်ကျမှ ပထမဆုံးကိုယ်ပိုင်ကားဖြစ်တဲ့ Porsche 365 ကားမိုဒယ်ကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချခဲ့တာပါ။ စွမ်းဆောင်ရည် မြင့်မားတဲ့ ပြိုင်ကား၊ ဆီဒန်နဲ့ SUV ကားတွေကို အထူးပြုထုတ်လုပ်တဲ့ Porsche ဟာ လက်ရှိအချိန်မှာ Boxster  ၊ Cayman  ၊ 911 ၊ Panamera ၊ Macan  နဲ့ Cayenne ကားအမျိုးအစားတွေ ရောင်းချပေးနေပြီး အရွယ်အလတ်စား ဇိမ်ခံ Crossover SUV ဖြစ်တဲ့ Porsche Cayenne မိုဒယ်ကို ၂၀ဝ၂ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Porsche Cayenne ကားအမျိုးအစားထဲမှာ အသစ်ထပ်မံထုတ်လုပ် ထားတဲ့ 2017 Porsche Cayenne Turbo ဟာ ဆန်းသစ်တဲ့ဒီဇိုင်းနဲ့ နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာတွေ ပေါင်းစပ်ထားပြီး ပြိုင်ကား တစ်စီးလို အသွေးအမွေး ထွက်နေပါတယ်။

2017 Porsche Cayenne Turbo ကိုယ်ထည်ကို အရင်မိုဒယ်တွေ ထက်ပိုပြီး ကြံ့ခိုင်မာကျောမှုရှိတဲ့ ပုံစံထွက်အောင် ဖန်တီးပေးထားပါတယ်။ ရှည်လျားတဲ့ ကားဘောနတ်က ရှေ့ဘမ်ပါရှဲလ်ဆီ စိုက်ဆင်းသွားပုံဟာ လေခွင်းအားကောင်းစေသလို အင်ဂျင်ခန်းလေဝင်ပေါက် (Air Intake ) သုံးပေါက်ကို ပိုကြီးအောင်ပြုလုပ်ထားလို့ တစ်ခါမြင်ရုံနဲ့ မှတ်မိ စေမယ့်ဒီဇိုင်းမျိုးပါ။ ကားအရောင်က ပုံမှန်ဆို အဖြူရောင်ဖြစ်ပြီး နောက်ထပ် Metallic အရောင်ငါးမျိုးအထိ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိပါတယ်။ ၂၁ လက်မအရွယ် Cayenne Exclusive Design ကားဘီးခွေငါးမျိုး ထဲက နှစ်သက်ရာပုံစံ ရွေးခွင့်လည်း ပေးထားပါတယ်။ အထူးခြားဆုံးက ကားအမိုးနောက်စွန်းမှာ တပ်ထားတဲ့ Roof Spoiler ဖြစ်ပြီး လေခွင်း အားကောင်းအောင် လုပ်ဆောင်ပေးသလို တိုတောင်းတဲ့ အကာအဝေး အတွင်းမှာ ဘရိတ်မိအောင်လည်း လေဘရိတ်သဖွယ် စွမ်းဆောင်ပေးပါ တယ်။ ကားဘီးတွေမှာ ပထမဆုံးတီထွင် အသုံးပြု ထားတဲ့ Porshce Surface Coated  Brake (PSCB ) စနစ်မှာ Cast-iron ဘရိတ်ပြားတွေရဲ့ မျက်နှာပြင်ကို (Tungsten Carbide ) အုပ်ထားတာကြောင့် အညစ်အကြေးတင်မှု လျော့ကျသွားပြီး ပုံမှန်ထက် ၃၀ ရာခိုင်နှုန်း သက်တမ်းကြာရှည်သုံးစွဲနိုင်သလို ဘရိတ်ဖမ်းတဲ့အခါ တုံ့ပြန်အားပိုကောင်း စေပါတယ်။

လူငါးဦးစီးနိုင်တဲ့ 2017 Porsche Cayenne Turbo ကားထိုင်ခုံတွေနဲ့ အတွင်းပိုင်းအပြင်အဆင်ကို အရောင်သုံးမျိုးထဲက နှစ်သက်ရာ ရွေးနိုင်သလို ခေါင်းမှီမှာ Turbo  လိုဂိုတံဆိပ်ပါတဲ့ ရှေ့ထိုင်ခုံတန်းကို Comfort Seat၊ ဒါမှမဟုတ် Sport Seat Plus ဆိုပြီး ရွေးချယ်ခွင့် လည်း ပေးထားပါတယ်။ Comfort Seat မှာ စိတ်ကြိုက်အနေအထား ၁၄ မျိုး၊ Sport Seats Plus မှာ စိတ်ကြိုက်အနေအထား ၁၈ မျိုးကို ပါဝါနဲ့လုပ်ဆောင်ပေးတဲ့ မှတ်ဉာဏ်စနစ်ပါ ပါတယ်။ ရှေ့ထိုင်ခုံတန်း အလယ်က Center Console မှာ ဂီယာအုံနဲ့တွဲဖက်ထားတဲ့ အရေးကြီး လုပ်ဆောင်ချက်တွေ ခိုင်းစေနိုင်တဲ့ Direct Touch Control မျက်နှာ ပြင်က မှန်လိုချောမွေ့ပြီး တို့ထိအသုံးပြုရတဲ့ခလုတ်တွေက အသုံးပြုရ လွယ်ကူပါတယ်။ ဒက်ရှ်ဘုတ်ပေါ်က Porsche Communication Management နည်းပညာပါဝင်တဲ့ ၁၂ လက်မအရွယ် HD Touch Screen ကတစ်ဆင့် သီချင်းဖွင့်ခြင်း၊ ဖုန်းခေါ်ခြင်း၊ သွားလိုတဲ့ နေရာ ညွှန်ကြားခြင်း စတာတွေကို အသံစနစ်နဲ့ ခိုင်းစေနိုင်လို့ အာရုံမများ တော့ဘဲ ကားကို ပိုပြီး ဂရုစိုက်မောင်းနှင်နိုင်မှာပါ။ ကားရဲ့ လုပ်ဆောင် ချက်၊ မြေပုံနဲ့ တခြားအချက်အလက်တွေ ကြည့်ရှုနိုင်တဲ့ အချက်ပြဒိုင် ခွက်က Porsche ရဲ့ ဒီဇိုင်းအသစ်ဖြစ်ပြီး ကားအတွင်းမှာ စိတ်ကြိုက် အရောင်အသုံးပြုနိုင်တဲ့ Coloured Ambient Lighting စနစ်ကို ထပ်ဆောင်းတပ်ဆင်လို့လည်း ရပါတယ်။ နောက်ခုံတန်းကို 40:20:40 အချိုးနဲ့ ချိုးချလိုက်ရင် နောက်ဖုံးထဲပစ္စည်းတင်နိုင်တဲ့နေရာအကျယ်က ၇၄၅ လီတာကနေ ၁,၆၈၀ လီတာအထိရှိလာမှာပါ။ အသံစနစ်အတွက် Burmester High -End  3D Surround ၊ Bose Surround ၊ Sound Package Plus သုံးမျိုးထဲက တစ်မျိုးကို ရွေးခွင့်ပေးထားပါတယ်။ စီးနင်း သူတွေအတွက် ကျယ်ဝန်းတဲ့နေရာရှိအောင် ဖန်တီးထားသလို သုံးစွဲထားတဲ့နည်းပညာ၊ ပစ္စည်းကိရိယာတွေကြောင့် 2017 Porsche Cayenne Turbo အတွင်းပိုင်းဟာ ပြိုင်ကားတစ်စီးထဲ ရောက်နေသလိုမျိုး ခံစားရ စေမှာပါ။

2017 Porsche Cayenne Turbo မှာ မြင်းကောင်ရေ ၅၅၀ အား Twin-turbo 4.8L V8 အင်ဂျင်တပ်ဆင်ပေးထားလို့ သုညကီလိုမီတာကနေ ကီလိုမီတာတစ်ရာ အရှိန်နှုန်းရဖို့ အချိန် ၄ ဒသမ ၁ စက္ကန့်သာ ကြာမြင့်မှာဖြစ်သလို တစ်နာရီကို ၂၈၆ ကီလိုမီတာအမြန်နှုန်းအထိ မောင်းနှင်နိုင်ပါတယ်။ Auto ဂီယာရှစ်ချက်၊ လေးဘီးယက်စနစ်နဲ့ တွဲသုံးတဲ့ အခါ ပျမ်းမျှဆီစားနှုန်းက ကီလိုမီတာ တစ်ရာကို ၁၁ ဒသမ ၇ ကနေ ၁၁ ဒသမ ၉ လီတာအကြား ရှိပါတယ်။ Porsche 4D Chassis Control နည်းပညာသစ်က ကားစမောင်းတာနဲ့ အသက်ဝင်လာပြီး ကားအနိမ့် အမြင့် ချိန်ညှိပေးမယ့် ၊ အရှိန်နှေးနှေးနဲ့ ချိုးကွေ့ချိန်မှာ နောက်ဘီးတွေရဲ့လားရာကို ရှေ့ဘီးတွေရဲ့ လားရာနဲ့ ဆန့် ကျင်ဘက် အနေအထားရှိစေခြင်းအားဖြင့် ချိုးကွေ့မှုစက်ဝန်းကို ကျဉ်းသွားစေတဲ့ Rear – axle Steering တို့နဲ့ ပေါင်းစပ်ကာ တည်တည်ငြိမ်ငြိမ် မောင်းနိုင်အောင်လုပ်ဆောင်ပေးသလို မညီညာတဲ့လမ်းမျိုးမှာ ကားသိပ်မဆောင့်အောင် လုပ်ဆောင်ပေးပါလိမ့်မယ်။ ကားရှေ့မီးအလင်းရောင် မရောက်တဲ့ နေရာက လမ်းသွားလမ်းလာနဲ့ တိရစ္ဆာန်တွေကို အနီ အောက် ရောင်ခြည်ကင်မရာနဲ့ ကြိုတင်ထောက်လှမ်းပေးတဲ့ Night Vision Assist ၊ လမ်းဆုံ လမ်းခွတွေမှာ ပတ်ဝန်းကျင်မြင်ကွင်းပိုကောင်း စေတဲ့ Porsche Dynamic Light System Plus (PDLS Plus )တို့ကို လည်း ကားမောင်းသူအတွက် အထောက်အကူပေးတဲ့ နည်းပညာတွေ အဖြစ် ထည့်သွင်းပေးထားပါတယ်။ Porsche Connect နည်းပညာနဲ့ Apple Car Play သုံးခြင်း၊ နောက်ဆုံး မောင်းနှင်ခဲ့တဲ့ ခရီးလမ်းအချက် အလက်တွေကြည့်ခြင်း၊ တံခါးနဲ့မှန်တွေ ပိတ်ထားမထား စစ်ဆေးခြင်း စတဲ့ လုပ်ဆောင်မှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ 2017 Porsche Cayenne Turbo ဟာ ညီညာတဲ့လမ်းမှာ စိတ်ကြိုက်အရှိန်နဲ့ မောင်းနိုင် သလို လမ်းကြမ်းတွေကို ကျော်ဖြတ်နိုင်တဲ့ Off-road အရည်အသွေးကို လည်း ပိုင်ဆိုင်ထားပါတယ်။ လှပဆန်းသစ်တဲ့ လက်ရာတွေပါဝင်တဲ့ 2017 Porsche Cayenne Turbo ရဲ့ ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၁၁,၆၅၀ဝ ကနေစပြီး ပေးရမှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here