၂၀၁၈ ခုနှစ် အစောပိုင်းမှာ ပေါ်ခဲ့တဲ့ Off-Road အရည်အသွေးနဲ့ ကမ္ဘာ့ပထမဆုံးလျှပ်စစ်စူပါကား MISS R

936

 

ထိုင်ဝမ်ကားကုမ္ပဏီ Xing Mobility ဟာ လူစီးကားကနေ စီးပွားရေးလုပ်ငန်းသုံးကားကြီးတွေအထိ အရွယ်အစားမျိုးစုံရှိတဲ့ ကားတွေကို လျှပ်စစ်စွမ်းအင်နဲ့ မောင်းနိုင်အောင်ထုတ်လုပ်ဖို့ ရည်ရွယ်ကြိုးစားနေပြီး ၂၀၁၈ ခုနှစ်၊ ဧပြီလ အစောပိုင်းက Taipei မှာ ပြုလုပ်ခဲ့တဲ့ AutoTronics ပြပွဲမှာ သူတို့ဖန်တီးထားတဲ့ လျှပ်စစ်ကားမိုဒယ်နှစ်မျိုးကို မိတ်ဆက်ပြသသွားခဲ့တာပါ။ Xing Mobility က ပြသခဲ့တဲ့ လျှပ်စစ်ကားမိုဒယ်နှစ်မျိုးထဲမှာ တစ်ခုက သုံးတန်ခွဲလေးပြီး Mr.T လို့ အမည်ပေးထားတဲ့ ထရပ်ကားဖြစ်ပါတယ်။ နောက်တစ်ခုကတော့ MISS R အမည်ရ စူပါကားဖြစ်ပါတယ်။ အဲဒီတုန်းက ကမ္ဘာ့ကားလောကကို အံ့အားသင့်စေခဲ့တဲ့ လျှပ်စစ်ပြိုင်ကားသစ်ကို Tesla ကုမ္ပဏီက ပြသခဲ့ပြီးမကြာခင်မှာပဲ ပြိုင်ဘက်ဖြစ်လာမယ့် MISS R စူပါကား ထွက်ပေါ်လာခဲ့တာပြီး Tesla Roadster ရဲ့ ကမ္ဘာ့အမြန်ဆုံးကား ဂုဏ်ပုဒ်ကို MISS R စူပါကားက လွှဲပြောင်းရယူနိုင်ခဲ့ပါတယ်။

MISS R စူပါကားဟာ သုညမိုင်ကနေ တစ်နာရီ ၆၂ မိုင် အရှိန်ရဖို့ ၁ ဒသမ ၈ စက္ကန့်ပဲကြာလို့ Tesla Roadster ထက် တစ်စက္ကန့်ရဲ့ ဆယ်ပုံတစ်ပုံပိုမြန်ပြီး ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့အမြန်ဆုံးကား ဖြစ်ခဲ့တာပါ။ MISS R စူပါကားရဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှုနောက်ကွယ်က လျှို့ဝှက်ချက်ကတော့ Xing Mobility က ကိုယ်တိုင်တီထွင်ထားတဲ့ Immersion Cooling Technology ကြောင့်ပါပဲ။ MISS R စူပါကားမှာ ဗို့အား ၃၅ဝ ရှိတဲ့ မိုတာလေးလုံးတပ်ဆင်ထားပြီး မိုတာတွေအတွက် စွမ်းအင်ထုတ်ပေးဖို့ Lithium-ion ဘက်ထရီဆဲလ်တွေပါဝင်တဲ့ Battery Module ၉၈ ခုပါ ဘက်ထရီအုံကို သုံးထားပါတယ်။ အဲဒီ ဘက်ထရီအုံကို 3M Novec 7200 Engineering Fluid အရည်ထဲမှာ အထိုင်ချထားလို့ မြန်နှုန်းမြင့် မောင်းနှင်ချိန်မှာ ဘက်ထရီအပူလွန်ကဲမှုမရှိဘဲ အေးမြနေစေသလို တစ်မီဂါဝပ် စွမ်းအင်အထိ ထုတ်ပေးနိုင်တာကြောင့် MISS R စူပါကားက Tesla Roadster ရဲ့ ကမ္ဘာ့အမြန်ဆုံးကားဂုဏ်ပုဒ်ကို အချိန်တိုအတွင်း လွှဲပြောင်းရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

MISS R စူပါကားရဲ့ နောက်ထပ်အားသာချက်တစ်ခုက ညီညာချောမွေ့တဲ့လမ်းမှာတင်မက ဆိုးရွားတဲ့လမ်းကြမ်းကိုပါ မောင်းနိုင်တဲ့ Off-Road အရည်အသွေး ပါဝင်နေတာပါ။ အသုံးပြုထားတဲ့ တာယာ၊ ဆိုင်းထိန်းစနစ်၊ စွမ်းအင်ဖြန့်ဝေမှုတို့ကြောင့် MISS R စူပါကားဟာ ကျောက်စရစ်ခဲပေါတဲ့လမ်းကိုတောင် အမြင့်ဆုံး စွမ်းဆောင်ရည်နဲ့ မောင်းနှင်ကျော်ဖြတ်နိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့ပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here