Off-Road မိတ်ဆက် – 2018 Hyundai Santa Fe XL

1362

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ အခြေစိုက်တဲ့ Hyundai Motor Company  ဟာ KIA ၊ Genesis အမှတ်တံဆိပ်တွေကိုပါ ပိုင်ဆိုင်တာကြောင့် ကမ္ဘာ့တတိယအကြီးဆုံးကားထုတ်လုပ်သူအဖြစ် ရပ်တည်နေပြီး ကားအမျိုးအစားမျိုးစုံကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာ ဖြန့်ချိရောင်းချနေပါတယ်။ Hyundai အနေနဲ့ လက်ရှိစျေးကွက်အတွင်း လူကြိုက်များ ရေပန်းစားနေတဲ့ Crossover SUV ကားတွေထုတ်လုပ်မှုကို ၂ဝဝဝ ပြည့်နှစ်တုန်းက Hyundai Santa Fe  နဲ့ စတင်ခဲ့ပြီး ၂ဝဝ၄ ခုနှစ်မှာ Hyundai Tucson ၊ ၂ဝ၁၇ ခုနှစ်မှာ Hyundai Kona  တို့ကို ထပ်မံ ထုတ်လုပ်ခဲ့ပါတယ်။ Hyundai ရဲ့ပထမဆုံး SUV ကားဖြစ်တဲ့ Hyundai Santa Fe ဟာ စထွက်ချိန်တုန်းက မီဒီယာတွေရဲ့ဝေဖန်မှုခံခဲ့ရပေမဲ့ ဝယ်သူတွေအကြိုက်တွေ့မှုကြောင့် ရောင်းမလောက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒုတိယမျိုးဆက်၊ တတိယမျိုးဆက်တွေနဲ့ အောင်မြင်မှုရနေဆဲ Hyundai Santa Fe  ကို ၂ဝ၁၈ ခုနှစ်မှာ စတုတ္ထမျိုးဆက်အဖြစ် ပြောင်းလဲမှုတချို့နဲ့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ မိတ်ဆက်ပေးခဲ့ပါတယ်။ Hyundai Santa Fe XL  လို့ အမည်ပြောင်းထားတဲ့ စတုတ္ထမျိုးဆက်မှာ ရှေ့ဘီးဝင်ရိုးနဲ့ နောက်ဘီးဝင်ရိုးအကြားအကွာအဝေး(Wheelbase)  ပိုရှည်လာတာက သိသာထင်ရှားတဲ့ အချက်ပါပဲ။

2018 Hyundai Santa Fe XL မှာ နောက်ခန်းအတွင်း ပစ္စည်း ပိုတင်နိုင်အောင် ဖန်တီးထားပြီး Smart Power Liftgate  စနစ်ကို တပ်ပေးထားလို့ ကားသော့ရှိသူက ကားအနောက်ဘက် သုံးပေအကွာအတွင်း သုံးစက္ကန့်ကြာရပ်လိုက်ရုံနဲ့ နောက်ခန်းတံခါးက အလိုလိုပွင့်သွားမှာ ဖြစ်ပါတယ်။ မလိုအပ်တဲ့လှုပ်ရှားမှုတွေ လုပ်စရာမလိုဘဲ နောက်ခန်းတံခါးဖွင့်နိုင်တာကြောင့် လက်နှစ်ဖက်သုံးပြီး ပစ္စည်းတွေအတင်အချလုပ်နိုင်သလို နောက်တံခါးအမြင့်ကိုလည်း စိတ်ကြိုက်ချိန်ညှိလို့ရပါတယ်။ ပတ်ဝန်းကျင် မြင်ကွင်းတွေ ပိုခံစားနိုင်တဲ့ မြင်ကွင်းကျယ် Sunroof  ကို ကားအမိုးမှာ တပ်ထားသလို ကားဘီးခွေက ၁၈ လက်မအလူမီနီယံအလွိုင်းခွေဖြစ်ပြီး ၁၉ လက်မအရွယ်ဘီးခွေကိုလည်း ရွေးခွင့်ပေးထားပါတယ်။ HID  ရှေ့မီးအုံက တောက်ပတဲ့အလင်းတန်းထုတ်ပေးပြီး စတီယာရင်လက်ကိုင်လှည့်တဲ့အတိုင်း အလင်းတန်းလိုက်ထုတ်ပေးတဲ့ Adaptive Cornering System  ၊ ရှေ့ကင်မရာကနေ ယာဉ်ကြောအခြေအနေကို အဆက်မပြတ်စောင့်ကြည့်ပြီး ရှေ့မီးကြီး အဖွင့်အပိတ် အလိုအလျောက်လုပ်ပေးတဲ့ High Beam Assist  နည်းပညာတွေ ပါဝင်ပါတယ်။LED နောက်မီးအုံကလည်း နေ့ရောညပါ ကြည်လင်ပြတ်သားစွာမြင်နိုင်တဲ့ ဒီဇိုင်းပုံစံပါ။ အပူပေးစနစ်ပါပြီး ပါဝါနဲ့ ချိန်ညှိနိုင်တဲ့ LED ဘေးကြည့်မှန်တွေက မြင်ကွင်းပိုကောင်းစေပါတယ်။ ရှေ့လေကာမှန်မှာ နှင်းခဲတွေကို အမြန်ဆုံးရှင်းလင်းဖယ်ရှားပေးတဲ့ Windshield Wiper Deicer ပါတာကြောင့် အေးမြလွန်းတဲ့ရာသီဥတုမှာ မောင်းဖို့ အခက်အခဲမရှိပါဘူး။ ပြိုင်ကားအသွေးအမွေးထွက်အောင် ခရိုမီယမ်ကွပ် အိပ်ဇောပိုက် နှစ်ချောင်းကို တပ်ပေးထားပါတယ်။

2018 Hyundai Santa Fe XL အတွင်းပိုင်းမှာ လူခြောက်ဦး၊ ဒါမှမဟုတ် ခုနစ်ဦးစီးနိုင်တဲ့ ထိုင်ခုံအမျိုးအစားနှစ်မျိုးထဲက တစ်မျိုးကို ရွေးချယ်နိုင်ပြီး ထိုင်ခုံတိုင်းကို အနံ့မထွက်ဘဲ ဖုန်၊ သဲမှုန့်ဒဏ်ခံနိုင်ကာ သက်တမ်းကြာရှည်သုံးနိုင်တဲ့ YES Essentials  အဝတ်စနဲ့ ဖန်တီးထားတာပါ။ ရှေ့ထိုင်ခုံတန်းမှာ အပူနဲ့အအေးပေးစနစ်တွေတပ်ထားပြီး  နောက်ထိုင်ခုံတန်းနှစ်တန်းမှာလည်း အပူပေးစနစ်တပ်လို့ရပါတယ်။ လူခြောက်ဦးစီး အမျိုးအစားဆိုရင် အလယ်ခုံတန်းမှာ လက်တင်ပါတဲ့ ထိုင်ခုံ (Captain’s Chairs) သုံးနိုင်မှာပါ။ ကားနောက်ခန်းအတွက် နေရောင်ကာမှန် တပ်ထားသလို ကားအတွင်းပိုင်းအပူချိန်ကို လိုချင်တဲ့အတိုင်း ရှိနေစေမယ့် Dual-Zone Climate Control  စနစ်ပါဝင်ပါတယ်။ သားရေ အုပ်ထားပြီး အပူပေးစနစ်ပါတဲ့ စတီယာရင်လက်ကိုင်မှာ လုပ်ဆောင်ချက်တချို့ကိုခိုင်းစေနိုင်တဲ့ ခလုတ်တွေပါပြီး ပါကင်ထိုးရာမှာ သုံးတဲ့ Electronic Parking Brake စနစ်ကို ခလုတ်နှိပ်ပြီး လွယ်ကူစွာသုံးနိုင်အောင် စီစဉ်ထားပါတယ်။ သွားမယ့်အရပ်နေရာကို လမ်းညွှန်ပေးခြင်း၊ စားသောက်ဆိုင်၊ ဆီဆိုင်၊ ATM  စက်တွေရှာဖွေခြင်း၊ စမတ်ဖုန်းကတစ်ဆင့် သီချင်းဖွင့်ခြင်း၊ Bluetooth  နဲ့ ဖုန်းကို Hands-Free သုံးခြင်းတို့အတွက် ရှစ်လက်မ အရွယ် Touch Screen ကို သုံးစွဲနိုင်မှာပါ။ အသံစနစ်အတွက် စပီကာ ၁၂ လုံး ပါတဲ့ 500-Watt Infinity Audio System ကို တပ်ထားပါတယ်။

2018 Hyundai Santa Fe XL မှာ Gasoline Direct Injection  နည်းပညာပါတဲ့ မြင်းကောင်ရေ ၂၉ဝ အား 3.3L V6  အင်ဂျင်တပ်ထားပြီး SHIFTRONIC  ပါတဲ့ Auto ဂီယာခြောက်ချက်စနစ်ကြောင့် ပေါင် ငါးထောင်ဝန်အလေးချိန် ဆွဲနိုင်စွမ်းရှိပါတယ်။ ရှေ့ဘီးယက်စနစ်၊ ဒါမှမဟုတ် လေးဘီးယက်စနစ်ကို ရွေးချယ်ခွင့်ပေးထားပြီး လေးဘီးယက်စနစ်မှာ Active Cornering Control  စနစ်ထည့်သွင်းထားလို့ လိုအပ်ရင် နောက်ဘီးတွေဆီ ဘရိတ်အားပို့လွှတ်ပေးပြီး ဘီးကုပ်အားပိုကောင်းစေအောင် လိမ်လှည့်အားထိန်းပေးလို့ အချိုးအကွေ့တွေကျရင် အကောင်းဆုံးစွမ်းဆောင်နိုင်မှာပါ။ ရာသီဥတုနဲ့လမ်းအခြေအနေအလိုက် Eco ၊ Normal ၊ Sport စတဲ့မောင်းနှင်မှုပုံစံ(Driving Modes) တွေ ရွေးချယ်သုံးနိုင်ဖို့လည်း စီစဉ်ပေးထားပါတယ်။ နည်းပညာပိုင်းတွေအဖြစ် မိမိကားနဲ့ ရှေ့က မောင်းနှင်နေတဲ့ ယာဉ်အကြား လုံလောက်တဲ့အကွာအဝေးရှိအောင် အလိုအလျောက် ထိန်းချုပ်ပေးတဲ့ Adaptive Cruise Control ၊ မောင်းသူမမြင်နိုင်တဲ့ နေရာကယာဉ်တွေကို ထောက်လှမ်းဖော်ပြပေးလို့ ယုံကြည်စိတ်ချစွာ လမ်းကြောင်းပြောင်းနိုင်တဲ့ Blind Spot Detection with Lane Change ၊ မောင်းနေတဲ့လမ်းကြောင်းရှေ့က လူနဲ့ယာဉ်တွေကို ထောက်လှမ်းပေးပြီး တိုက်မိနိုင်ခြေရှိရင် သတိပေးကာ မောင်းသူက အချိန်မီတုံ့ပြန်နိုင်စွမ်းမရှိရင် အပြည့်အဝ ဘရိတ်ဖမ်းပေးတဲ့ Autonomous Emergency Braking with Pedestrian Detection ၊ လတ်တလော မောင်းနေတဲ့လမ်းကြောင်းက ချော်ထွက်သွားရင် အချက်ပြတဲ့ Lane Departure Warning System ပါဝင်လို့ သက်သောင့်သက်သာ မောင်းနိုင်မှာဖြစ်ပါတယ်။ ကားရဲ့ ပတ်ပတ်လည် ၃၆ဝ ဒီဂရီ မြင်ကွင်းတွေကြည့်နိုင်တဲ့ Multi-View Camera System ၊ ကားနောက်မှာ ရှိတဲ့ အရာဝတ္ထုတွေရှိရင် အသံနဲ့ သတိပေးတဲ့ Rear Parking Assistance Sensors ၊ နောက်ပြန်ဆုတ်ချိန်မှာ ဘေးနှစ်ဘက်ကချဉ်းကပ်လာတဲ့ ယာဉ်တွေကို ထောက်လှမ်းပေးတဲ့ Rear Cross-Traffic Alert တို့ ကြောင့်လည်း ပါကင်ထိုးတဲ့အခါ အခက်မတွေ့နိုင်ပါဘူး။ မတ်စောက်တဲ့ တောင်တက်လမ်းမျိုးမှာ ဘရိတ်နဲ့လီဗာ ပြောင်းနင်းချိန်အတွင်း အောက်ပြန်လျှောမကျစေတဲ့ Hillstart Assist Control ၊ အဆင်းလမ်းကျရင်  ပုံမှန်အရှိန်နှုန်းနဲ့ပဲမောင်းစေတဲ့ Downhill Brake Control စနစ်တွေလည်း တပ်ဆင်ထားပါတယ်။ အဆင့်မြင့်လေအိတ်ခုနစ်လုံးကို ကားအတွင်း ပတ်ပတ်လည်မှာ တပ်ထားလို့ မတော်တဆမှုဖြစ်ရင် စီးသူတွေ ကြီးကြီးမားမား ထိခိုက်မိခြင်းမရှိအောင် ကာကွယ်ပေးမှာပါ။

အပြင်ပိုင်းကိုယ်ထည်ကို အရောင်ရှစ်မျိုး၊ အတွင်းပိုင်းကို အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်ထားတဲ့ 2018 Hyundai Santa Fe XL  မှာ သီးသန့်မျိုးကွဲမရှိဘဲ ရှေ့ဘီးယက်စနစ်၊ လေးဘီးယက်စနစ်၊ လူခြောက်ဦး စီးနိုင်တဲ့ထိုင်ခုံ၊ လူခုနစ်ဦးစီးနိုင်တဲ့ထိုင်ခုံ ဆိုတဲ့ရွေးချယ်မှု Package အလိုက် စျေးနှုန်းကွာခြားမှုရှိမှာပါ။ ရှေ့ဘီးယက်စနစ်နဲ့ဆိုရင် အမေရိကန်ဒေါ်လာ ၃၂,၁၉၉ ပေးရမှာဖြစ်ပြီး အမြင့်ဆုံး Package ဖြစ်တဲ့ Luxury က အမေရိကန်ဒေါ်လာ ၄၂,၂၉၉ ကျသင့်မှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here