NRCS ၏ ရည်မှန်းချက် နီးကပ်စပြုလာသော မန္တလေး

354

‘‘ပြီးခဲ့တဲ့ ၂ဝ၁၉ က အရင်နှစ်တွေနဲ့ ယှဉ်လိုက်ရင် ယာဉ်တိုက်မှုလည်း စံချိန်တင်ကျတယ်၊ ဒဏ်ရာရသူရော၊ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ရော စံချိန်တင်လျော့သွားတယ်’’ဟု ဆိုလာသူက မန္တလေးတိုင်းအမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ယာဉ်ထိန်းရဲအရာရှိတစ်ဦး။
အထက်အရာရှိများထံ တင်ပြရသော နှစ်ချုပ်စာရင်းစာအုပ်ကို ကိုင်၍ ၎င်း၏ဝမ်းသာအားရ ပြောဆိုလာမှုက ထူးခြားနေသည်။ မန္တလေး တိုင်းအတွင်းရှိ ခရိုင်ခုနစ်ခု၏ ယာဉ်ထိန်းရဲတပ်ဖွဲ့စုများကို အုပ်ချုပ်ရသော မန္တလေးတိုင်း အမှတ်(၁၄)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးတွင် နှစ်တစ်နှစ်ကူးပြီးတိုင်း ယာဉ်တိုက်မှုစာရင်းများ နှစ်ချုပ်ချုပ်ရာတွင် ယခင်နှစ်များက တစ်နှစ်ထက်တစ်နှစ် များပြားလေ့ရှိသော်လည်း ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်က စံချိန်တင်လျော့ကျလာမှုကို ဂုဏ်ယူသည့်လေသံဖြင့် နှစ်ချုပ်စာ ရင်းစာအုပ်ကိုထုတ်ပြရင်း ၎င်းက ပြောဆိုလာသည်။
‘‘လူတွေရှိနေသရွေ့ စက်ယန္တရားတွေ၊ ယာဉ်တွေရှိနေမှာပဲ၊ ယာဉ်တွေရှိနေသရွေ့ ယာဉ်တိုက်မှုဆိုတာလည်း အနည်းနဲ့အများ ဖြစ်နေမှာပဲ၊ ယာဉ်တိုက်မှုကြောင့် တစ်နှစ်တစ်နှစ် သေတဲ့သူတွေ အများကြီး၊ စာရင်းဇယားတွေကြည့်လိုက်ရင် တစ်နှစ်ထက်တစ်နှစ် အတိုးဖြစ်နေတော့ စိတ်မကောင်းဖြစ်မိတယ်၊ ၂ဝ၁၉ မှာတော့ အရင်နှစ်ထက် အများကြီးလျော့ကျလာလို့ ဝမ်းသာမိတယ်၊ ယာဉ်တိုက်မှု ဆိုတာကတော့ မဖြစ်တာအ ကောင်းဆုံးပေါ့’’ ဟု ၎င်းက ထပ်မံဆိုလာသည်။
မန္တလေးတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်က ယာဉ် တိုက်မှု ၂ဝဝ၉ မှု ဖြစ်ပွားခဲ့သည့်အနက် ဒဏ်ရာရရှိသူ ၃,၂၃၈ ဦး ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆ဝ၅ ဦးရှိခဲ့ကာ ၂ဝ၁၄ ခုနှစ်တွင် ယာဉ်တိုက်မှု ၂,ဝ၉၇ မှု၊ ဒဏ်ရာရရှိသူ ၃,၆၇၃ ဦးနှင့် သေဆုံးသူ ၇၁၇ ဦးရှိခဲ့ကြောင်း၊ ထို့ပြင် ၂ဝ၁၅ ခုနှစ်တွင်လည်း ယာဉ်တိုက်မှု ၂,ဝ၆၄ မှုဖြစ်ပွားခဲ့သည့်အနက် ဒဏ်ရာရရှိသူ ၃,၄၄၄ ဦးနှင့် သေဆုံးသူ ၆၃၂ ဦးရှိခဲ့ကာ ၂ဝ၁၆ ခုနှစ်တွင်မူ ယာဉ်တိုက်မှု ၂,၁၉၈ မှုဖြစ်ပွားခဲ့သည်အနက် ဒဏ်ရာရရှိသူ ၃,၄၃ဝ ဦးနှင့် သေဆုံးသူ ၆၈၅ ဦးရှိခဲ့ကြောင်း မန္တလေးတိုင်း အမှတ်(၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက ထုတ်ပြန်ထားသည်။
ထို့ပြင် ၂ဝ၁၇ ခုနှစ်တွင် ယာဉ်တိုက်မှု ၂,၂၃၃ မှုအနက် ဒဏ်ရာရရှိ သူ ၃,၅၆၅ ဦး၊ သေဆုံးသူ ၇၈၉ ဦးအထိရှိလာခဲ့ပြီး ၂ဝ၁၈ ခုနှစ်တွင် ယာဉ်တိုက်မှု ၂,၂၄၃ မှု၊ ဒဏ်ရာရရှိသူ ၃,၄ဝ၉ ဦးနှင့် သေဆုံးသူ ၇၄၄ ဦးအထိ ရှိလာခဲ့ကာ ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်တွင်မူ တစ်နှစ်တာအတွင်း ယာဉ်တိုက်မှု ၁,၈၇၅ မှုအနက် ဒဏ်ရာရရှိသူ ၂,၇၆ဝ ရှိခဲ့ပြီး သေဆုံးသူ ၆၃၁ ဦး ရှိခဲ့ကြောင်းနှင့် ယခင်နှစ်ထက် သိသိသာသာကျဆင်းလာခဲ့ကြောင်း အမှတ်(၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး၏ မှတ်တမ်းများတွင် ဖော်ပြ ထားသည်။
မြန်မာနိုင်ငံ၏ ဒုတိယယာဉ်စီးရေ အများဆုံးဖြစ်သော မန္တလေးတိုင်းဒေသကြီး၌ ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ ခုနစ်နှစ်တာကာလအတွင်း ယာဉ်တိုက်မှုပေါင်း ၁၄,၇၁၃ မှု၊ ဒဏ်ရာရရှိသူပေါင်း ၂၃,၅၁၃ ဦးနှင့် သေဆုံးသူပေါင်း ၄,၈ဝ၃ ဦး ရှိခဲ့သည်။ ခရိုင် ခုနစ်ခရိုင်၊ မြို့နယ် ပေါင်း ၂၈ မြို့နယ်ဖြင့် ဖွဲ့စည်းထားသော မန္တလေးတိုင်းတွင် ပြင်ဦးလွင် ခရိုင်၊ မိတ္ထီလာခရိုင်နှင့် မန္တလေးခရိုင်တို့မှာ ယာဉ်တိုက်မှုအများဆုံးဖြစ်ပြီး ညောင်ဦးခရိုင်မှာ ယာဉ်တိုက်မှုအနည်းဆုံးဖြစ်ကြောင်း၊ အဆိုပါ ယာဉ်တိုက်မှုများအနက် ခရီးသွားများပြားချိန်ဖြစ်သည့် ဧပြီလ၊ မတ်လနှင့် ဇန်နဝါရီလတို့မှာ ယာဉ်တိုက်မှုအများဆုံးလများဖြစ်ပြီး ဆိုင်ကယ်ချင်းတိုက်မှု၊ ဆိုင်ကယ်နှင့်ယာဉ်တိုက်မှု၊ ဆိုင်ကယ်တိမ်းမှောက်မှု၊ ဆိုင်ကယ်မှ အခြားတိုက်မှု၊ ဆိုင်ကယ်မှ လူတိုက်မှုတို့မှာ အများဆုံးပါဝင်ကြောင်း အမှတ်(၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
မန္တလေးတိုင်းအတွင်း ယာဉ်တိုက်မှုဖြစ်စဉ်များအနက် ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ်တို့မှာ အများဆုံးဖြစ်ပြီး မော်တော်ဆိုင်ကယ် ပါဝင်သော ယာဉ်တိုက်မှုမှာလည်း အများဆုံးဖြစ်ကာ ဌာနဆိုင်ရာယာဉ်နှင့် စစ်တပ်ပိုင်ယာဉ်တို့ပါဝင်မှုမှာ အနည်းဆုံးဖြစ်သည်။ ထို့ပြင် ယာဉ်တိုက် မှုဖြစ်စဉ်အများစုမှာ နေ့လယ် ၁၂ နာရီမှ ညနေ ၆ နာရီအတွင်း အများ ဆုံးဖြစ်ပွားကာ နံနက် ၆ နာရီမှ နေ့လယ် ၁၂ နာရီအတွင်းမှာ ဒုတိယအများဆုံး ဖြစ်ပွားလေ့ရှိကြောင်း အဆိုပါရုံး၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
မန္တလေးတိုင်းတွင် ယာဉ်တိုက်မှုကျဆင်းရေးအတွက် အသိပညာပေး ဟောပြောမှုများအပြင် ဆိုင်ကယ်ဦးထုပ်များ အခမဲ့ဝေငှခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ကို ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်အတွင်းက ၆ဝ၆ ကြိမ် ပြုလုပ်ခဲ့သည်။ မန္တလေးတိုင်းအတွင်း ယာဉ်တိုက်မှုများ ကျဆင်းလာရသည့်အကြောင်းရင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးမှုများအပြင် မြို့ချင်းဆက်လမ်းများနှင့် မြို့တွင်းလမ်းများ ကောင်းမွန်လာမှု အပါအဝင် ညပိုင်းအချိန် လမ်းမီးများထွန်းညှိပေးခြင်းကလည်း ယာဉ်တိုက်မှုကျဆင်းစေခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်ကြောင်း မန္တလေး မြို့ခံ အချို့က သုံးသပ်သည်။
‘‘အခု မန္တလေးက တအား သိသိသာသာပြောင်းလဲလာတယ်၊ တစ်မြို့လုံးနီးပါး လမ်းမီးတွေ ထိန်ထိန်လင်းလာတယ်၊ လမ်းမီးတွေရှိလာပြီး နောက်ပိုင်း ယာဉ်တိုက်မှုရော၊ တခြားအမှုအခင်းတွေရော သိသိသာသာ လျော့ကျလာတယ်၊ အခု မန္တလေးတိုင်းထဲက မိတ္ဃီလာတို့၊ ကျောက်ပန်း တောင်းတို့ တခြားမြို့တွေမှာဆိုလည်း လမ်းတွေက ပိုကောင်းပြီးပိုကျယ်လာတော့ ယာဉ်အန္တရာယ်လျော့ကျဖို့ အများကြီးအထောက်အပံ့ဖြစ်သွား တာပေါ့၊ မြို့တိုင်းမှာ မန္တလေးလို ထောင့်စုံက တိုးတက်ရင် ယာဉ်တိုက်မှုလည်း မလွဲမသွေကျလာမှာပဲ’’ ဟု အောင်မြေသာစံမြို့နယ်တွင် နေ ထိုင်သူ မန္တလေးမြို့ခံ ဦးမျိုးလွင်က သုံးသပ်ပြောဆိုသည်။
မန္တလေးတိုင်းတွင် ယာဉ်တိုက်မှုနှင့် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ အရေအတွက် သိသိသာသာလျော့ကျသွားသော်လည်း မြန်မာတစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုက များပြားနေဆဲဖြစ်သည်။ ယာဉ်တိုက်မှုဖြစ်ပွားလိုက်ပါက လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးစေခြင်း၊ လူ့အသက်များဆုံးရှုံးခြင်းနှင့် ငွေကြေးစည်းစိမ်အပြင် စိတ်အေးချမ်းမှုပါ ပျောက်ကွယ်စေသဖြင့် မဖြစ်ပွားသည်မှာ အကောင်းဆုံးပင်ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် ယာဉ်တိုက်မှုကျဆင်းလိုပါက လက်ရှိပညာပေးဟောပြော မှုများနှင့် လက်တွေ့ ကွင်းဆင်းပညာပေးမှုများအပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အခြေခံဘာသာရပ်ကို မူလတန်း၊ အလယ်တန်းမှစ၍ အစိုးရစာသင်ကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများရှိ သင်ရိုးညွန်းတမ်းများတွင် ကလေးငယ်များလိုက်မီနိုင်မည့် သင်ရိုးဖြင့် ထည့်သွင်းသင်ကြားသင့်ကြောင်း မန္တလေးမြို့ လမင်းယာဉ်မောင်းသင်တန်းကျောင်းမှ ကျောင်း အုပ်ကြီး ဦးလွင်လွင်ထွန်းက အကြံပြုသည်။
‘‘အင်္ဂလိပ်လိုသင်ပေးတဲ့ နိုင်ငံတကာကျောင်းတွေမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဘာသာရပ်ကို စာတွေ့တော့ သင်ကြတယ်၊ သိထားရတယ်၊ ဒါကလည်း စာတွေ့ပဲ၊ လက်တွေ့တော့ နည်းနေသေးတာပေါ့၊ အထူးသဖြင့် အစိုးရ အခြေခံစာသင်ကျောင်းတွေမှာပါ သင်ကြားနိုင်ရင် ပိုကောင်းတယ်၊ မူလတန်းအရွယ်မှာကတည်းက ကလေးတိုင်းဟာ ဉာဏ် ရည်ဖွံ့ဖြိုးမှုကောင်းတဲ့အရွယ်၊ တစ်ခုခုဆိုတတ်လွယ်တဲ့အရွယ်၊ မှတ်မိလွယ်တဲ့အရွယ်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာရပ်ကို ထည့်သင်နိုင်ရင် နိုင်ငံအတွက် အများကြီးအကျိုးရှိမယ်၊ ငယ်ငယ်လေးကတည်း က သူတို့လိုက်မီနိုင်မယ့်သင်ရိုးနဲ့ တစ်ဆင့်ချင်းတစ်ဆင့်ချင်း သင်ပေး လာခဲ့ရင် ကြီးလာတဲ့အခါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကောင်းကောင်း သိလာမယ်၊ ယာဉ်အန္တရာယ်ဖြစ်တာ နည်းလာမယ်၊ ဒါဆို ယာဉ်မောင်းသူ တွေအတွက်လည်း ကောင်းမယ်၊ နိုင်ငံအတွက်လည်း ကောင်းမယ်၊ ဒါကို
ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်သင့်တယ်’’ဟု ၎င်းက အကြံပြု ပြောဆိုသည်။
ထိုသို့ ပညာရေးဝန်ကြီးဌာနက ကလေးငယ်များမှတ်သားရလွယ်ကူ သောနည်းလမ်းများဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဘာသာရပ်ကို အချိန်အနည်းငယ်ပေးပြီး ထည့်သွင်းသင်ကြားနိုင်ပါက လက်ရှိ ဒု-သမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော အမျိုးသားယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးကောင်စီ(NRSC) ၏ လာမည့် ၂ဝ၂ဝ ပြည့်နှစ် တွင် မြန်မာတစ်နိုင်ငံလုံး ယာဉ်တိုက်မှု ၅ဝ ရာခိုင်နှုန်းကျဆင်းရေး စီမံချက်ကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ အခြေခံ စာသင်ကျောင်းများသင်ရိုးတွင် ထည့်သွင်းသင်ကြားခြင်းဖြင့် နောင်မျိုးဆက်များ လက်ထက်တွင် ယာဉ်အန္တရာယ်ဖြစ်ပွားမှု အလွန်လျော့နည်းသွားနိုင်ပြီး အသက်ဆုံးရံှုးမှုနှင့် မလိုလားအပ်သော ငွေကြေးကုန်ကျမှုများပါ လျော့နည်းလာစေမည်ဖြစ်ကြောင်း ဦးလွင်လွင်ထွန်းက ထပ်မံအကြံပြုသည်။
‘‘KG တန်း ကလေးငယ်အရွယ်ကစပြီး သူ့အတန်းအရွယ်နဲ့လိုက်မီ မယ့် သင်ကြားမှုပုံစံနဲ့ တစ်ဆင့်ချင်း သင်သွားမယ်ဆိုရင် ကြီးလာတဲ့အခါ ယာဉ်အန္တရာယ်ဖြစ်မှု လုံးဝနည်းသွားမယ်၊ အခုဆိုရင် ကျွန်တော့် လမင်း ယာဉ်မောင်းသင်တန်းကျောင်းကနေ ၂ဝ၁၉ နိုဝင်ဘာလက မန္တလေးမှာ ပထမဦးဆုံးအဖြစ် ILBC က KG တန်းလေးတွေကို သူတို့စိတ်ဝင်စားနိုင်မယ့် ရုပ်ပြကာတွန်းလေးတွေ စုစည်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာရပ်အနည်းငယ် လက်တွေ့ပြပြီး သင်ကြားပေးဖြစ်တယ်၊ ပုဂ္ဂလိက ကျောင်းတွေအပြင် အစိုးရကျောင်းတွေရောပါ အဲဒီလိုအကောင်အထည် ဖော်စေချင်တာ’’ဟု ၎င်းက ထပ်မံပြောဆိုသည်။
မည်သို့ပင်ဆိုစေ၊ ယခုဆိုလျှင် ၂ဝ၂ဝ ပြည့်နှစ် နှစ်ဆန်းပိုင်းသို့ ရောက်ရှိလာပြီဖြစ်ရာ အစိုးရသစ်၏ တာဝန်ယူရမည့်သက်တမ်းမှာလည်း တစ်နှစ်သာ ကျန်ရှိတော့သည်။ လတ်တလောအခြေအနေအထိ မန္တလေး တိုင်းအနေဖြင့် ယာဉ်တိုက်မှု ကျဆင်းလာသော်လည်း မြန်မာတစ်နိုင်ငံ လုံးအနေဖြင့်မူ လက်လှမ်းဝေးနေသေးသည်။ ထို့ကြောင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဘာသာရပ်ကို ကျောင်းသင်ရိုးညွန်းတမ်းတွင် အတန်းပညာအလိုက် လက်လှမ်းမီနိုင်သည့် စိတ်ဝင်စားမှုများဖြင့် အသီးသီးဖော်ပြ ပြဌာန်းရန်လည်း လိုအပ်နေကာ ပြင်ဆင်ရန်ကျန်ရှိနေသော မော်တော် ယာဉ်ဥပဒေ၊ နည်းဥပဒေများကိုလည်း အချိန်မီပြင်ဆင်ရန် လိုအပ်နေ သည်။ ဒီမိုကရေစီရချင်သည်ဟု ကြွေးကြော်ထားကြသည့် မန္တလေးမြို့ ခံများ အပါအဝင် မြန်မာပြည်သူပြည်သားများအားလုံးအနေဖြင့် ဒီမို ကရေစီ၏အနှစ်သာရများထဲမှတစ်ခုဖြစ်သည့် စည်းကမ်းရှိမှုနှင့်အတူ လမ်း ပေါ်တက်သည့်အခါတိုင်းနှင့် ယာဉ်မောင်းသည့်အခါတိုင်း ပိုမိုစည်းကမ်း ရှိကြရန်လည်း လိုအပ်နေသည်။ သို့မှသာ NLD အစိုးရ၏ ကျန်ရှိနေသော တစ်နှစ်တာကာလအတွင်း NRCS ၏ ရည်မှန်းချက်ပြည့်မီရန် နီးစပ်စေ မည်လည်း ဖြစ်သည်။ လတ်တလောအချိန်အထိမူ မန္တလေးတိုင်းအနေဖြင့် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်က ယာဉ်တိုက်မှု ကျဆင်းခဲ့သော်လည်း မြန်မာ တစ်နိုင်ငံလုံး၏ ၂ဝ၂ဝ ပြည့်နှစ် ယာဉ်တိုက်မှု ထက်ဝက်ခန့်ကျဆင်းေရး ရည်မှန်းချက်မှာ မေသချာမှုများနှင့် ေဝဝါးေနဆဲပင် ြဖစ်ေပသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here