Myanmar Drift Championship 2018 ပြိုင်ပွဲ မတ် ၂၄ ရက်သို့ ပြောင်းလဲသတ်မှတ်

598

မန္တလေး၊ မတ်

Myanmar Drift Championship 2018 ပြိုင်ပွဲကို ဖေဖော်ဝါရီလ၌ ကျင်းပရန် စီစဉ်ထားသော်လည်း နိုင်ငံတကာမှ Drift ပြိုင်ပွဲဝင်များအား ဖိတ်ခေါ်ရန် ကမ်းလှမ်းထားမှုများကြောင့် လာမည့် မတ် ၂၄ ရက်သို့ ပြောင်းလဲပြုလုပ်သွားမည် ဖြစ်ကြောင်း MSAM မှ ဒါရိုက်တာ အဖွဲ့ဝင် ကိုမင်းသန့်ထက်က ပြော သည်။

အဆိုပါပြိုင်ပွဲတွင် အမေရိကန်နိုင်ငံသားနှစ်ဦး၊ တရုတ်နိုင်ငံမှ ပြိုင်ပွဲဝင်များနှင့် မန္တလေးမြို့ရှိ ပြိုင်ကားဝါသနာရှင်များအပြင် ရန်ကုန်၊မူဆယ်၊ ကျောက်ဆည်၊ ရွှေဘို၊ နေပြည်တော်၊ တောင်ကြီး၊ မုံရွာ၊ လားရှိုး၊ မကွေး အစရှိသည့်မြို့များမှ ပြိုင်ပွဲဝင်များလည်း ပါဝင်သွားမည် ဖြစ်ပြီး နိုင်ငံခြားဒိုင်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ Drift ပြိုင်ပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ပြိုင်ကားနှင့်ပတ်သက်သည့် အားကစားများကို ပြည်သူနှင့် ထိတွေ့ခွင့်ရှိစေရန်၊ အားကစားတစ်ခုအနေနှင့် ဖြစ်ပေါ်လာစေရန်၊ နိုင်ငံတကာနှင့်ရင်ပေါင်တန်း၍ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်နှင့် မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာစံနှင့်အညီ ပြိုင်ပွဲများ လက်ခံကျင်းပနိုင်ရန်၊ လူငယ်များအကြားတွင်လည်း အားကစားစိတ်ဓာတ် ဖြစ်ပေါ်လာစေရန်တို့ဖြစ်သည်ဟု သိရသည်။

ပြိုင်ပွဲစည်းကမ်းများအနေဖြင့် မူးယစ်သောက်စားပြီး ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိရန် သတ်မှတ်ထားသည့် စည်းကမ်းချက် ၁၁ ချက်နှင့် အညီ ပြိုင်ပွဲဝင်ရမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကို မန္တလေး ပြင်ဦးလွင်လမ်း အရှေ့ဘက် ပြင်စာရွာအနီးရှိ Cyber City အတွင်း ကျင်းပသွားမည်ဖြစ်ပြီး မတ် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် နေ့စဉ် နံနက် ကိုးနာရီ မှ ညနေခြောက်နာရီအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

MDC ပြိုင်ပွဲကို Pro ၊ Semi Pro ၊ Time Attack ဟူ၍ ပညာရှင် နှင့် အပျော်တမ်း Class များခွဲကာ ပြိုင်ပွဲအမျိုးအစားသုံးမျိုးအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပြီး ဆုဖလားများနှင့် လက်ဆောင်များ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကို တိုက်ရိုက်ကြည့်ရှုရန်အတွက် Wolver Engine Oil Myanmar Facebook Page မှ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ပြီး လာရောက်ကြည့်ရှုသူများမှလည်း ဝင်ကြေးအခမဲ့ဖြင့် ကြည့်ရှုနိုင်ကြောင်းသိရသည်။

MSAM(Motor Sport Association of Mandalay) မှ MDC ၂ဝ၁၈(Myanmar Drift Championship 2018 ) ပြိုင်ပွဲကို ဒုတိယအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ် ကျင်းပစဉ်ကလည်း အောင်မြင်မှုများစွာရရှိခဲ့ကာ ပြိုင်ကားဝါသနာရှင်များ၏ စိတ်ဝင်စားမှုအများဆုံး ရရှိခဲ့ကြောင်း သိရသည်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here