Motorbike Market Review

1515

မန္တလေးမြို့တွင် ယခင်တစ်ပတ်က တရုတ်၊ အိန္ဒိယ၊ ထိုင်းစသော ဆိုင်ကယ်များ ပုံမှန်အတိုင်း အရောင်း သွက်နေခဲ့သော်လည်း ဇူလိုင်လ ပထမပတ်တွင် နယ်ဝယ်လက်ကြောင့် ထိုင်းဆိုင်ကယ်များထက် တရုတ်နှင့် အိန္ဒိယဆိုင်ကယ်များမှာ ပိုမိုအရောင်းသွက်လာကြောင်း မန္တလေးမြို့ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ကိုင်နေသူ များထံမှ သိရသည်။

”ဒီရက်ပိုင်းတော့ လကုန်ပြီးရက်မို့ ထင်တယ်၊ ထိုင်း Click ၊ Scoopy i နဲ့ Wave 100 ဆိုင်ကယ်တွေ တစ်ရက်လေးစီး၊ ငါးစီးတော့ ရောင်းရတယ်၊ အရင်တစ်ပတ်ထက်စာရင် ရောင်းအားတော့ တက်လာတယ်၊ ဒါပေမဲ့ ရောင်းကောင်းတယ်လို့ ပြောလို့တော့ မရသေးဘူး၊ ပုံမှန်အနေအထားလောက်ပဲ ရှိတယ်၊ ဒါတောင် ဒီရက်ပိုင်းက မန္တလေးမြို့ပေါ်က လာဝယ်တာ သိပ်မရှိဘူး”ဟု မန္တလေးမြို့ Honda 84 ဆိုင်ကယ် အရောင်းပြခန်း’မှ မဇင်မာက ပြောသည်။

ထိုင်းဆိုင်ကယ်များကို ယခင်က မန္တလေးမြို့ပေါ်မှ ဝယ်လိုအား များပြားခဲ့သော်လည်း ဇူလိုင်လ ပထမပတ်တွင် မန္တလေးမြို့ပေါ်ထက် မတ္တရာ၊ စစ်ကိုင်း၊ သပိတ်ကျင်း၊ သီပေါ၊ ကျောက်မဲစသော နယ်မြို့များမှ လာရောက်ဝယ်ယူမှုများပြားပြီး သွင်းကုန်ကုမ္ပဏီများမှ တင်သွင်းသော ထိုင်းဆိုင်ကယ်များနှင့် Honda ၏ မြန်မာပြည် Authorized Distributor ဖြစ်သည့် NCX Myanmar ကုမ္ပဏီမှ တင်သွင်းသော ထိုင်းဆိုင်ကယ်များပါ ဝယ်ယူမှု ပုံမှန်အနေအထားရှိကြောင်း မန္တလေးမြို့ ဆိုင်ကယ်အရောင်းပြခန်းများမှ သိရသည်။

”ထိုင်းဘီးက မန္တလေးမြို့ပေါ်က ဝယ်လက်များမှ ပဲ ရောင်းရတာ၊ အခုဟာက တချို့ရက်တွေဆိုရင် ဈေးဦးမပေါက်ဘူး၊ ရောင်းရတဲ့ရက် ဆိုရင်တော့ တစ်ရက် နှစ်စီး၊ သုံးစီးပေါ့၊ ဒါတောင် ကျောက်ဆည်၊ စစ်ကိုင်း၊ မြင်းမူဘက်တို့ကပဲ လာဝယ်တာရှိတယ်၊ ဒီ ရက်ပိုင်း ရောင်းအား အတော်လေးကျနေတယ်”ဟု မန္တလေးမြို့ Auto Star ဆိုင်ကယ်ရောင်းဝယ်ရေး’မှ ကိုကျော်စွာလင်းက ဆိုသည်။

မန္တလေးမြို့ Showroom ဆိုင်ကယ်ဈေးကွက်တွင် ထိုင်းဆိုင်ကယ်များ ရောင်းအားကျဆင်းနေသော် လည်း အိန္ဒိယ TVS ဆိုင်ကယ်များနှင့် တရုတ်နိုင်ငံ ထုတ် Yamasuki ၊ ANISHA စသော တံဆိပ်သစ် ဆိုင်ကယ်များမှာ အရစ်ကျစနစ်ဖြင့်သာမက လက်ငင်းစနစ်ဖြင့်ပါ အရောင်းသွက်နေကြောင်း အဆိုပါဆိုင်များမှ သိရသည်။

”လကုန်ပြီးခါစဆိုတော့ ဝန်ထမ်းတွေ လာဝယ်တာ အတော်လေးများတယ်၊ ဒီရက်ပိုင်း TVS Dazz နဲ့ Wego ဘီး Auto အမျိုးအစားတွေချည်း တစ်ရက် ငါးစီးလောက် ပုံမှန်ရောင်းရတယ်၊ အရင်အပတ်တွေထက် အဝယ်လိုက်တယ်”ဟု မန္တလေးမြို့ TVS ဆိုင်ကယ်အရောင်းပြခန်း’ မန်နေဂျာ ကိုသူရမင်းလွင်က ဆိုသည်။

တရုတ်ဆိုင်ကယ် Brand အစုံ ရောင်းချလျက်ရှိ သည့် မန္တလေးမြို့ Yamasuki ဆိုင်ကယ်အရောင်း ပြခန်းပိုင်ရှင် မအိကျော်က ”ဒီရက်ပိုင်း CZI ဆိုင်ကယ်တွေ၊ Mini ဆိုင်ကယ်လေးတွေနဲ့ New I Bo က သွင်းတဲ့ MSX ဆိုင်ကယ်လေးတွေ အရောင်းသွက်တယ်၊ တစ်ရက်ကို လက်ငင်းရော အရစ်ကျပါ ၁ဝ စီးအထိတောင် ရောင်းရတယ်၊ တရုတ်ဘီးက ဈေးငြိမ်နေတာရယ်၊ ဒီ ဇိုင်းသစ် ထွက်တာရယ် နောက်ပြီး လဆန်းရက်ဖြစ် တာရယ်တို့ကြောင့် အရောင်းသွက်တာလို့ ထင်တယ်”ဟု ၎င်း၏ အမြင်ကို ပြောသည်။

မန္တလေးမြို့ Showroom ဆိုင်ကယ်ဈေးကွက် တွင် ဇူလိုင်လ ပထမပတ်၌ ထိုင်းနိုင်ငံထုတ် ၂ဝ၁၇ မိုဒယ် ထိုင်း Click ဒလက် ကျပ် ၂,၄၂ဝ,ဝဝဝ၊ Click စပုတ် ကျပ် ၂,၃၂ဝ,ဝဝဝ၊ Scoopy i ဒလက် ကျပ် ၂,၄၂ဝ,ဝဝဝ၊ Scoopy i စပုတ် ကျပ် ၂,၃၂ဝ,ဝဝဝ၊ Wave 100 ကျပ် ၁,၁၂ဝ,ဝဝဝ နှင့် တရုတ်နိုင်ငံထုတ် CZI-8(SuperAnBo) ကျပ် ၅၅ဝ,ဝဝဝ၊ Wave 100 (Wonjan) ကျပ် ၅၅ဝ,ဝဝဝ၊ MSX (Wonjan) ကျပ် ၉၃ဝ,ဝဝဝ၊ ဆိုင်ကလုန်းပုံပြောင်း (Wonjan) ကျပ် ၇၆ဝ,ဝဝဝ၊ CBR 150(Wonjan) ကျပ် ၁,၁ဝဝ,ဝဝဝ တို့တွင် ရှိနေသည်။

မန္တလေးမြို့ ဆိုင်ကယ် ဝယ်/ရောင်း ဈေးကွက်တွင်လည်း ဇူလိုင်လ ပထမပတ်၌ တရုတ်တစ်ပတ် ရစ်ဆိုင်ကယ်များနှင့် အသစ်ဘီးများမှာ အနည်းငယ် အဝယ်လိုက်လာခဲ့ပြီး ထိုင်း ၂ဝ၁၅၊ ၂ဝ၁၆ စသည့် မိုဒယ်မြင့် ဆိုင်ကယ်များလည်း အဝယ်လိုက်နေကြောင်း ၅၉ ဆိုင်ကယ်ဝိုင်းမှ သိရသည်။

”တရုတ်တစ်ပတ်ရစ် CZI ဆိုင်ကယ်လေးတွေနဲ့ အသစ်ဘီး Aauto ဆိုင်ကယ်လေးတွေ ဒီရက်ပိုင်း အဝယ်လိုက်တယ်၊ တစ်ရက်ကို နှစ်စီး၊ သုံးစီး ပုံမှန် ရောင်းရတယ်၊ အဓိကကတော့ လကုန်ပြီးရက် ဖြစ်တာရော၊ မိုဒယ်နိမ့်နဲ့ မိုဒယ်မြင့် အလဲအထပ်လုပ်ကြတာရောနဲ့ ရောင်းရတယ်၊ တချို့ကျတော့ မိုဒယ်နိမ့် ရောင်းပြီး မိုဒယ်မြင့်ဘီး ပြန်ဝယ်ကြတာတွေရှိတယ်”ဟု မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ ဝါရင့် ဝယ်/ရောင်း တစ်ဦးဖြစ်သူ ကိုညီညီနိုင်က ရှင်းပြသည်။

ထိုင်းဆိုင်ကယ်များ ရောင်းချလျက်ရှိသည့် ကို ထွန်းထွန်းဝင်းကလည်း ”ဒီရက်ပိုင်း ဈေးကွက်က မငြိမ်ဘူး၊ ရောင်းရတဲ့ရက်ဆိုရင် တစ်ရက် သုံးစီးလောက် အထိ ရောင်းရတယ်၊ ကြားထဲမှာ ဈေးဦးမပေါက်တဲ့ ရက်တွေလည်းရှိတယ်၊ နှိုင်းယှဉ်ကြည့်ရင်တော့ ပုံမှန် အနေအထားလောက်လို့ ပြောလို့ရတယ်၊ ဒီရက်ပိုင်းတော့ မိုဒယ်မြင့် Click ၊ Scoopy i လေးတွေ ပုံ မှန်ရောင်းရတယ်”ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့ ဆိုင်ကယ်ဝယ်/ရောင်းဈေးကွက်တွင် ဇူလိုင်လ ပထမပတ်၌ ထိုင်းနိုင်ငံထုတ် ၂ဝ၁၇ မိုဒယ် Click ကျပ် ၂,၂၅ဝ,ဝဝဝ၊ ၂ဝ၁၆ မိုဒယ် Click ကျပ် ၂,ဝ၅ဝ,ဝဝဝ၊ Scoopy i စပုတ် ကျပ် ၁,၉ဝဝ,ဝဝဝ၊ ၂ဝ၁၅ မိုဒယ် Scoopy i ကျပ် ၁,၇၂ဝ,ဝဝဝ၊ ၂ဝ၁၄ မိုဒယ် Scoopy i ကျပ် ၁,၆၈ဝ,ဝဝဝ၊ တရုတ်နိုင်ငံထုတ် တစ်ပတ်ရစ် ဆိုင်ကယ်များမှာ ဆိုင်ကလုန်း ကျပ် ငါးသိန်းမှ ရှစ်သိန်းကြား၊ Super Cub Jailing ကျပ် နှစ်သိန်းခွဲမှ သုံးသိန်းကြား၊ CZI ကျပ်သုံးသိန်းမှ သုံးသိန်းခွဲကြား၊ MSX ကျပ်ခြောက်သိန်းခွဲဝန်းကျင် အစရှိသည့် ဈေးများအသီးသီးတွင် ရှိနေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here