Mitsubishi Pajero Final Edition အစီးတစ်ထောင်ကို  ဥရောပစျေးကွက်အတွက် နောက်ဆုံးအသုတ်အဖြစ်  ရောင်းချမည်

750

ဂျပန်ကားကုမ္ပဏီ Mitsubishi မှ ဂန္ထဝင် SUV ကားအမျိုးအစား ဖြစ်သည့် Pajero ကို ဥရောပစျေးကွက်အတွက် နောက်ဆုံးအသုတ်အဖြစ် အစီးရေ တစ်ထောင် အား ယခုနှစ်ကုန်ပိုင်း၌ ရောင်းချပြီး နောက်ထပ် ထပ်မံရောင်းချမည် မဟုတ်ဘဲ ရပ်နားတော့မည်ဟု ဧပြီ ၂၃ ရက်တွင် နယူးဒေလီ အခြေစိုက် auto.ndtv ဝက်ဘ်ဆိုက်မှ ရေးသားဖော်ပြခဲ့သည်။

Mitsubishi Pajero ကား မိုဒယ်ကို ဥရောပတိုက်တွင် ၁၉၈၂ ခုနှစ်မှ စတင်ရောင်းချခဲ့သော်လည်း လက်ရှိအချိန်တွင် ပြိုင်ဘက်များ များပြားလာခြင်း၊ ဥရောပတိုက်၏ တင်းကြပ်သော ညစ်ညမ်းဓာတ်ငွေ့ထုတ်လုပ်မှု စံသတ်မှတ်ချက် စသည့်အချက်များကြောင့် ရောင်းအား သိသာစွာ ကျဆင်းလျက်ရှိသည်။

Mitsubishi သည် ဥရောပတိုက်တွင် Pajero  ကား စတင်ဖြန့်ချိမှု ၃၆ နှစ်မြောက် အထိမ်းအမှတ်အဖြစ် Mitsubishi Pajero Final Edition ဟု အမည်ပေးထားသော ကားအစီးရေတစ်ထောင်ကို နောက်ဆုံးအသုတ်အဖြစ် ဖြန့်ချိရောင်းချပေးသွားမည် ဖြစ်သည်။ Mitsubishi Pajero Final Edition တွင် တံခါးသုံးပေါက်ပါ မိုဒယ်နှင့် တံခါးငါးပေါက်ပါ မိုဒယ် နှစ်မျိုး ထပ်မံခွဲခြားထားပြီး တံခါးသုံးပေါက် ပါ မိုဒယ်မှာ Wheelbase တိုပြီး Off-Road  အရည်အသွေးပိုပါရန် အနက်ရောင် စတီး Bull Bar ၊ လေးမီလီမီတာအထူရှိ အလူမီနီယမ် Front Skid Plate ၊ Roof Ralis ၊ ၁၈ လက်မ အလွိုင်းဘီးခွေတွင် All-Terrain တာယာများ တပ်ဆင်ထားသည်။ တံခါးငါးပေါက်ပါ မိုဒယ်မှာ Wheelbase ပိုရှည်ပြီး လက်မ နှစ်ဆယ် အလွိုင်းဘီးခွေ များ တပ်ဆင်ထားကာ ထိုင်ခုံတန်း တစ်တန်း ပိုပါမည်ဟု သိရသည်။Mitsubishi Pajero Final Edition တွင် 3.2 L DI-D ဒီဇယ်အင်ဂျင်၊ Auto  ဂီယာငါးချက်နှင့် လေးဘီးယက်စနစ်များ ပုံမှန်ထည့်သွင်းပေးမည်ဖြစ်ကာ တံခါးသုံးပေါက်ပါမိုဒယ်ကို ယူရို ၄ဝ,၉၉ဝ ဖြင့် အစီး သုံးရာ၊ တံခါးငါးပေါက်ပါ မိုဒယ်ကို ယူရို ၅၂,၉၉ဝ ဖြင့် အစီးခုနစ်ရာအား နောက်ဆုံး အသုတ် အဖြစ် ရောင်းချသွားမည်ဟု သိရသည်။

Ref : auto.ndtv.com

LEAVE A REPLY

Please enter your comment!
Please enter your name here