Mercedes ကိုမွမ်းမံမြှင့်တင်ထားတဲ့ မြင်းကောင်ရေရှစ်ရာအား 2018 Brabus 800 Sedan

942

စျေးကွက်တင်ပြီးသား Mercedes-Benz ကားတွေကို စွမ်းဆောင်ရည်မြင့်မိုဒယ်အဖြစ် ထပ်တိုးမွမ်းမံရာမှာ လူသိများထင်ရှားတဲ့ ဂျာမနီနိုင်ငံက Brabus ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ် ဂျီနီဗာကားပြပွဲမှာလည်း Mercedes ဇိမ်ခံဆီဒန်ကားကို အခြေခံထားတဲ့ ကားသစ်တစ်စီး ပွဲထုတ်ပြသခဲ့ပါတယ်။ အဲဒါကတော့ တံခါးလေးပေါက်နဲ့ 2018 Brabus 800 Sedan ဇိမ်ခံဆီဒန်ကားမိုဒယ်သစ်ဖြစ်ပြီး Mercedes-AMG E63S မိုဒယ်ကို အခြေခံဖန်တီးထားတာပါ။ 800  ဆိုတဲ့ အမည်ဟာ ကားအင်ဂျင်က ထုတ်လုပ်ပေးမယ့် မြင်းကောင်ရေအားကို ရည်ညွှန်းမှည့်ခေါ်ထားတာ ဖြစ်ပါတယ်။

ကိုယ်ထည်ပုံစံ မွမ်းမံထားသလို စွမ်းဆောင်ရည်ကိုလည်း ထပ်တိုးအဆင့်မြှင့်တင်ထားတဲ့ Brabus 800 ကားသစ်ကို ဆီဒန်ကိုယ်ထည်နဲ့ရော ဝက်ဂန်ကားကိုယ်ထည်ပုံစံနဲ့ပါ ရရှိနိုင်ပါတယ်။

စက်စွမ်းရည်

Mercedes-AMG E63S ကို အခြေခံထားတဲ့ Brabus 800 ကားသစ်မှာ အထူးခြားဆုံး အဆင့်မြှင့်တင် မွမ်းမံထားတာက စက်စွမ်းရည်ဖြစ်ပြီး 3.9 Litre  ဆလင်ဒါရှစ်လုံးထိုး အင်ဂျင် တပ်ဆင်ထားပါတယ်။ အရွယ်အစားကြီးမားတဲ့ Turbocharger နှစ်လုံးကြောင့် မြင်းကောင်ရေ ရှစ်ရာအားအထိ ထုတ်လုပ်ပေးနိုင်ပြီး မူလထက် မြင်းကောင်ရေ ၁၈၈ ကောင်အား ပိုများပါတယ်။ အင်ဂျင်က ထုတ်လုပ်ပေးလိုက်တဲ့ စွမ်းအင်တွေကိုတော့ Auto  ဂီယာကိုးချက်ကနေတစ်ဆင့် ကားဘီးလေးဘီးဆီ ပို့လွှတ်မောင်းနှင်စေမှာပါ။ ကားရဲ့ အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီ ၁၈၆ မိုင်နှုန်းဖြစ်ပြီး သုံးစက္ကန့်အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ ၆၂ မိုင် နှုန်းရောက်အောင် အရှိန်မြှင့်တင်နိုင်ပါတယ်။ ဇိမ်ခံဆီဒန်ကားတစ်စီး ဖြစ်ပေမဲ့ အဲဒီလို လျင်မြန်တဲ့ နှုန်းထားမျိုးကို ပိုင်ဆိုင်ထားတဲ့ Brabus 800 ဟာ စူပါပြိုင်ကားတချို့နဲ့တောင် ယှဉ်နိုင်ပါတယ်။

တည်ဆောက်ပုံ

တံခါးလေးပေါက်နဲ့ ဇိမ်ခံဆီဒန်ကားသစ် Brabus 800 ရဲ့ ကိုယ်ထည်ကို ပေါ့ပါးကြံ့ခိုင်တဲ့ ကာဗွန်ဖိုင်ဘာသားတွေ အသုံးပြုပြီး ပေါ့ပါးသွက်လက်သလို အဆင့်မြင့်ကားပုံစံပေါက်အောင်လည်း ဖန်တီးတည်ဆောက်ထားပါတယ်။ ဒါ့ပြင် လေခွင်းအားကောင်းစေမယ့် ကိုယ်ထည်အစိတ်အပိုင်းတွေကိုလည်း ထပ်တိုးတပ်ဆင်ထားပြီး မြန်နှုန်းမြင့်မောင်းရင်တောင် တည်တည်ငြိမ်ငြိမ် ထိန်းသိမ်းမောင်းနှင်နိုင်ပါတယ်။ ကားရှေ့ မျက်နှာစာက ကားဘမ်ပါရဲ့ ဘယ်ဘက်ရော ညာဘက်မှာပါ အရွယ်အစားကြီးမားတဲ့ လေစုပ်ပေါက်ကြီးတွေပါဝင်ပြီး ကားအရှေ့ဘက် လေပင့်အားထိန်းတောင်ပံကိုပါ ထည့်သွင်းပေးထားတာကြောင့် ကားရဲ့ ရုပ်ထွက်ကို ပိုပြီးထူးခြားလှပစေပါတယ်။ Brabus ကားဒီဇိုင်နာတွေအနေနဲ့ မြန်နှုန်းမြင့် မောင်းနှင်တဲ့အခါ ကားရှေ့ဝင်ရိုးမြောက်တာမျိုးမဖြစ်ဘဲ ကား ကို တည်တည်ငြိမ်ငြိမ် ထိန်းသိမ်းမောင်းနှင်နိုင်စေဖို့ လေခွင်းအားအစိတ်အပိုင်းတွေကို အထူးမွမ်းမံ ဒီဇိုင်းထွင်ပေးထားပါတယ်။ လေခွင်းအား ကောင်းကောင်းရရှိပြီး အရှေ့နဲ့အနောက် လေခွင်းအားမျှတစေဖို့အတွက် ဆီဒန်ကားတစ်စီးဖြစ်ပေမဲ့ ကားရဲ့ အနောက်ဘက်စွန်းမှာ အရွယ်အစားမကြီးဘဲ သိသာထင်ရှားတဲ့ လေပင့်အားထိန်းတောင်ပံကို တပ်ဆင်ပေးထား ပါတယ်။ ကားအနောက်ဘမ်ပါက ကာဗွန်ဖိုင်ဘာသား Rear Diffuser ကလည်း Brabus စပို့စ်အိပ်ဇောစနစ်ရဲ့ နှစ်ခုတွဲဒီဇိုင်းအိပ်ဇောပိုက်တွေကိုလိုက်ဖက်ညီစွာ သေသေသပ်သပ် ဝန်းရံထားပါတယ်။ ပြေပြစ်တဲ့ ကားဘီးခုံးတွေအောက်မှာ ၂၁ လက်မအရွယ် Brabus Monblock Platinum Edition”Forged အလွိုင်းဘီးတွေ တပ်ဆင်ထားပြီး ဒီဇိုင်းအမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။ အဲဒီကားဘီးတွေဟာ Brabus 800 ရဲ့ အလန်းစားရုပ်ထွက်ကို ပိုပြီးပေါ်လွင်စေရုံတင်မကဘဲ ဘီးနဲ့ကားတာယာ အတွဲအစပ်ကလည်း ကားကို ကုပ်အားကောင်းကောင်းနဲ့ ပိုပြီး ဖျတ်လတ် မြန်ဆန်အောင် ထောက်ကူပေးပါတယ်။ ကားကိုယ်ထည် အစိတ်အပိုင်းတွေရဲ့ အရောင်အသွေးကို ရွှန်းစိုပြောင်လက်တဲ့ အရောင်တင်မကဘဲ ခပ်ငြိမ်ငြိမ်ခပ်မှိုင်းမှိုင်း ဆေးရောင်ကိုလည်း ရွေးချယ်နိုင်ပါတယ်။

အတွင်းခန်း

Brabus 800 ဇိမ်ခံဆီဒန်ကားသစ်ရဲ့ ငါးယောက်စီးအတွင်းခန်းကို အနက်ရောင်ကားကိုယ်ထည်နဲ့ လိုက်ဖက်အောင် ဖန်တီးထားပြီး အနက်နဲ့ အနီ နှစ်ရောင်စပ်ဒီဇိုင်းကို တွေ့မြင်ကြရမှာပါ။ အနီရောင်ချုပ်ရိုးလိုင်းတွေနဲ့ ကားထိုင်ခုံတွေရဲ့ နောက်မှီမှာ Brabus အမှတ်တံဆိပ်လိုဂို B စာလုံးကို အနီရောင်ချုပ်ရိုးလိုင်းတွေနဲ့ ဝန်းရံထားပါတယ်။ ကားအတွင်းခန်းအတွက် Alcantara ၊ သစ်ပါးလွှာ၊ ဒါမှမဟုတ် ကာဗွန်ဖိုင်ဘာသား အခင်းအကျင်း တို့ကို ရွေးချယ်ဆင်ယင်နိုင်ပါတယ်။ Brabus အမှတ်တံဆိပ်လိုဂိုကို ကားအောက်ခင်းကြမ်းပြင်မှာတင်မကဘဲ ကားတံခါးအောက်ခံ အတွင်း ပေါင်မှာလည်း အဖြူရောင်စာလုံးတွေနဲ့ အထင်အရှားရေးထိုးထားပါတယ်။

စျေးနှုန်းနှင့် အာမခံ

ကားရဲ့ စျေးကို အတိအကျမသိရသေးပေမဲ့ အာမခံအနေနဲ့ Brabus ကနေ အချိန်သုံးနှစ်၊ ဒါမှမဟုတ် ခရီးကီလိုမီတာတစ်သိန်းအထိ ပေးထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here