Lockdown ကာလအတွင်း ယာဉ်တိုက်မှုဖြစ်ခဲ့၍ ဂရီးလစ်ရှ် ပြစ်ဒဏ်ကျခံရဖွယ်ရှိ

189

 

အက်စတွန်ဗီလာ အသင်းခေါင်းဆောင်နှင့် အင်္ဂလန်လက်ရွေးစင် ကွင်းလယ်တောင်ပံ ကစားသမား ဂျက်ဂရီးလစ်ရှ်သည် ဗြိတိန်တစ်ဝန်း Lockdown ချထားသည့် ကာလအတွင်း တစ်ကြိမ်၊ လွန်ခဲ့သည့် အောက်တိုဘာလအတွင်း တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့၍ ဘာမင်ဂမ်တရားရုံးတွင် အမှုရင်ဆိုင်နေရကြောင်း The Guardian သတင်းစာက နိုဝင်ဘာ ၂၄ ရက်တွင် ဖော်ပြသည်။

မန်ယူအပါအဝင် ထိပ်သီးကလပ်များ၏ စိတ်ဝင်စားခြင်း ခံနေရသော အသက် ၂၅ နှစ်အရွယ် ဂရီးလစ်ရှ်သည် လွန်ခဲ့သည့် မတ် ၂၉ ရက် နံနက်ပိုင်းက Dickens Heath ဒေသတွင် ပေါင် ရှစ်သောင်းတန် Range Rover ကားကို မောင်းနှင်လာစဉ် ရပ်ထားသော အခြား ကားသုံးစီးခန့်ကို ဝင်တိုက်မိခဲ့သည်။

အဆိုပါကာလသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်မားလာ၍ ဗြိတိန်တစ်ဝန်း အသွားအလာ ကန့်သတ်ထားသည့် ခြောက်ရက်မြောက်နေ့ဖြစ်ပြီး အင်္ဂလန်လက်ရွေးစင် ဂရီးလစ်ရှ်သည် ပြည်သူများအား နေအိမ်တွင်ပင် တတ်နိုင်သမျှနေထိုင်ကာ NHS ၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာရန် Twitter မှတစ်ဆင့် ဗီဒီယိုဖိုင်ဖြင့် အသိပညာပေးမှု ပြုလုပ်ခဲ့ပြီးနောက် ၂၄ နာရီ မပြည့်မီမှာပင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၎င်းသည် အောက်တိုဘာ ၁၈ ရက်ကလည်း အက်စတွန်ဗီလာအသင်း၏ လေ့ကျင့်ရေးကွင်းအနီးရှိ M42 လမ်းမပေါ်တွင် ကားကို အဆင်အခြင်မဲ့စွာ မောင်းနှင်ခဲ့သေးကြောင်း ဘာမင်ဂမ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဘာမင်ဂမ်တရားရုံးတွင် ယနေ့ပြုလုပ်သည့် ကြားနာမှုသို့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ငါးပွဲကစားထားသော ဂရီးလစ်ရှ်ကိုယ်တိုင် မတက်ရောက်ဘဲ ၎င်း၏ ရှေ့နေ ဘယ်ရီဝါဘာတန်သာ တက်ရောက်ထုချေခဲ့သည်။

အက်စတွန်ဗီလာ အကယ်ဒမီထွက် ဂရီးလစ်ရှ်သည် ၂၀၁၈ ခုနှစ်အတွင်းကလည်း ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် လိုင်စင်တွင် ခြောက်မှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရဖူးသည်။

ယခုတစ်ကြိမ်တွင်မူ ၎င်းအနေဖြင့် လိုင်စင်ပါ ပိတ်သိမ်းခံရဖွယ်ရှိနေပြီး လာမည့် ဒီဇင်ဘာ ၁၅ ရက်တွင် အပြီးသတ်အမိန့် ချမှတ်သွားမည်ဖြစ်ရာ ဂရီးလစ်ရှ်သည် ကိုယ်စားလှယ်ဖြင့် တက်ရောက်နိုင်တော့မည် မဟုတ်ဘဲ ကိုယ်တိုင်တက်ရောက်ရမည် ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် အက်စတွန်ဗီလာအသင်းနှင့် ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့သော ဂရီးလစ်ရှ်သည် ဘာမင်ဂမ်အခြေစိုက် ကလပ်အတွက် ပြိုင်ပွဲစုံ ၁၉၄ ပွဲကစားကာ ဂိုး သုံးဆယ်ဂိုး သွင်းယူထားသည်။

ဘာသာပြန်-ခွန်ဝဏ္ဏ
Ref:guardian

LEAVE A REPLY

Please enter your comment!
Please enter your name here