LiFan မှ  ၂ဝ၁၇  မိုဒယ် Vintage ဆိုင်ကယ်သစ်  ပြည်တွင်းစျေးကွက်၌  စတင်ဖြန့်ချိ

1082

တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များတွင် နာမည်ရ Brand တစ်ခုဖြစ်သော LiFan ဆိုင်ကယ်ကုမ္ပဏီမှ ၂ဝ၁၇ မိုဒယ် Vintage ဆိုင်ကယ် အမျိုးအစားသစ်ကို သြဂုတ်လကုန်ပိုင်း၌ မန္တလေးအပါအဝင် ပြည်တွင်း စျေးကွက်သို့ စတင် ဖြန့်ချိလိုက်ကြောင်း သိရသည်။

 

”အခု Vintage ဆိုင်ကယ်က ထိုင်းနဲ့ ဗီယက်နမ်မှာ အတော်လေးနာမည်ရနေတဲ့ ဘီးအမျိုးအစား ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာတော့ အခုမှ စသွင်းတာပါ၊ အရင်တုန်းက လူကြိုက်များခဲ့တဲ့ Super Cub ဆိုင်ကယ်ပုံစံထက် ပိုသာလွန်တဲ့ Cafe Style နဲ့ပေါင်းပြီး Vintage ဆိုင်ကယ်အမျိုးအစားဆိုပြီး ထုတ်လုပ် လိုက်တာပါ၊ အင်ဂျင်ပါဝါက 110 CC ဖြစ်လို့ ဆီစားသက်သာမယ်၊ အင်ဂျင်ရုန်းအား၊ ဆွဲအားကောင်းမယ်၊ အင်ဂျင်သံ ငြိမ်ပါမယ်၊ အဓိကကတော့ ဘယ် Brand မှ မဝင်သေးတဲ့ဒီဇိုင်းနဲ့ ဖန်စီပုံစံ ကြိုက်နှစ်သက်သူတွေ အတွက် ရည်ရွယ်ပြီး သွင်းလိုက်တာပါ”ဟု မန္တလေးမြို့ ‘ LiFan ဆိုင်ကယ် ကုမ္ပဏီ’မှ အရောင်းမန်နေဂျာ ကို အောင်ကျော်ဦးက ပြောသည်။

 

တရုတ်ဆိုင်ကယ်ကုမ္ပဏီ LiFan မှတင်သွင်းလာသည့် ၂ဝ၁၇ မိုဒယ်သစ် Vintage ဆိုင်ကယ် အမျိုးအစားတွင် ကာဗာများကို ABS နည်းပညာနှင့်ထုတ်လုပ်ထားသည့်အပြင် ကာဗာကုန်ကြမ်းကိုလည်း Recycle လုပ်ထားသော ပလတ်စတစ် အသုံးပြုထားခြင်း မဟုတ်ဘဲ ပလတ်စတစ်ကုန်ကြမ်း အသစ်ကို အသုံးပြုထားသည့်အတွက် ကာဗာများမှာ သေသေသပ်သပ် ရှိစေမည်ဖြစ်ကြောင်း၊ ဒိုင်ခွက်မှာ လက်တံပါရှိသော ရိုးရိုးဒိုင်ခွက် ဖြစ်သော်လည်း အချက်ပြဘေးမီးများမှာ LED မီးသီးများ တပ်ဆင်ပေးထားသည့်အပြင် နောက်ကြည့်မှန်ကိုလည်း ဖန်စီသုံးအဝိုင်းပုံစံအသုံးပြုထားကြောင်း LiFan ဆိုင်ကယ် ကုမ္ပဏီမှ သိရသည်။

 

” Vintage မှာ ထူးခြားတာက ဆိုင်ကယ်သော့ကို ဒိုင်ခွက်နားမှာ တပ်ဆင်ရတာ မဟုတ်ပါဘူး၊ ဆိုင်ကယ်မောင်းတဲ့သူထိုင်တဲ့ အောက်က ဘေးကာဗာနှစ်ဖက်ရဲ့ ဘယ်ဘက်ကာဗာမှာ ထိုးပြီးဖွင့်မှ ဆိုင်ကယ်စက်နှိုးလို့ ရတယ်၊ ညာဘက် ဘေးကာဗာခြမ်းထဲမှာဆိုလည်း ခွ(ဂွ)ထုပ် ထည့်ပေးထားတဲ့အတွက် ဆိုင်ကယ် တစ်ခုခုဖြစ်တဲ့အခါတွေမှာ အရေးပေါ်ပြင်ဆင်ပေးနိုင်မယ်၊ နောက်မီးခွက်နဲ့ ဆိုင်ကယ်နောက်ခြမ်း ဆိုလည်း Cafe စတိုင်လ် ဖန်စီပုံစံ ပုံသွင်းထားတာဖြစ်လို့ လူငယ်တိုင်း အကြိုက်တွေ့မယ်လို့ ယုံကြည်တယ်”ဟု ယင်းကုမ္ပဏီမှ ကိုအောင်ကျော်ဦးက ထပ်မံပြောဆိုသည်။

 

LiFan ကုမ္ပဏီထုတ် Vintage ဆိုင်ကယ်အမျိုးအစားတွင် နောက်ကယ်ရီယာခုံ၌ ဆိုဖာတပ်ဆင်ပေး ထားပြီး Telescopic ဖောက်များပါ တပ်ဆင်အသုံးပြုထားသည့်အတွက် ငြိမ့်ညောင်းမှု ရှိစေမည် ဖြစ်ကြောင်း၊ ဆိုင်ကယ်ဦးထုပ်အပါအဝင် အလေးချိန်ပေါ့ပါးသော ပစ္စည်းငယ်များ ချိတ်ရန်အတွက် ချိတ်သုံးချိတ် ထည့်သွင်းပေးထားကြောင်း အဆိုပါကုမ္ပဏီမှ ထပ်မံ သိရသည်။

 

အဆိုပါ Vintage ဆိုင်ကယ်အမျိုးအစားတွင် အဝါ၊ အစိမ်း၊ ခဲ ရောင်၊ ဖြူပြာ စသောအရောင်လေး ရောင်ဖြင့် ထွက်ရှိပြီး အင်ဂျင် တစ်နှစ် အာမခံ၊ သို့မဟုတ် ကီလို ခြောက်သောင်း အာမခံပေးထားကာ သြဂုတ်လကုန်ပိုင်း၌ မန္တလေး စျေးကွက်တွင် ကျပ် ၈၃ဝ,ဝဝဝ ဖြင့်စတင် ရောင်းချလျက်ရှိသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here