KTM Rider များ စုပေါင်း၍  ကလောမြို့သို့ Orange Ride ခရီးစဉ်  ထွက်မည်

690

မန္တလေး၊ မေ

မန္တလေးမြို့အပါအဝင် မုံရွာ၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ တောင်ကြီး စသော မြို့ပေါင်းစုံမှ KTM Rider များစုပေါင်း၍ ကလောမြို့သို့ထွက်မည့် Orange Ride ခရီးစဉ်ကို လာမည့် ဇွန် ၉ ရက်နှင့် ၁ဝ ရက်တို့တွင် သွားရောက်မည်ဖြစ်ပြီး ဒေသန္တရဗဟုသုတနှင့် နယ်မြေလေ့လာရေးတို့ ပြုလုပ်ကြမည်ဖြစ်ကြောင်း မန္တလေးမြို့ KTM ကုမ္ပဏီမှ သိရသည်။

ယခင်က KTM Rider များ စုပေါင်း၍ စစ်ကိုင်း၊ မင်းကွန်း၊ မုံရွာ စသည့် မန္တလေးမြို့အနီးရှိ မြို့များသို့ နေ့ချင်းပြန်ခရီးထွက်ခဲ့ပြီး ယခုအခါ KTM Rider များ စုပေါင်းတောင်းဆိုလာမှုကြောင့် တစ်ညအိပ် နှစ် ရက်ခရီးစဉ်အဖြစ် ကလောမြို့သို့ သွားကြမည်ဖြစ်ကြောင်း သိရသည်။

”ကလောမြို့ကို သွားရင် အရင်တစ်ကြိမ်နဲ့မတူတဲ့အချက်က ကလောမြို့မှာ ဆိုင်ကယ် Rider တွေ သွားချင်တဲ့နေရာကို လမ်းကြောင်းပြပြီး အခမဲ့လိုက်ပို့ပေးတဲ့ Ride Behind the Kalaw ဆိုတဲ့ အဖွဲ့ရှိတယ်၊ သူတို့က ဟိုတယ်၊ စျေးဆိုင် စတဲ့ Service မျိုးစုံပေးတယ်၊ သူတို့ကလည်း ဆိုင်ကယ် Crazy တွေဆိုတော့ ဆိုင်ကယ်အဖွဲ့တွေဆိုရင် အခမဲ့ လိုက်ကူညီပေးတယ်၊ ဒါကြောင့် သူတို့အဖွဲ့နဲ့ပေါင်းပြီး ကလောမြို့ရောက်ရင် အထင်ကရနေရာတွေ၊ လည်ပတ်လို့ကောင်းမယ့်နေရာတွေကို သွားရောက်လည်ပတ်ကြမှာ ဖြစ်ပါတယ်”ဟု မန္တလေးမြို့ ‘KTM ဆိုင်ကယ်အရောင်းပြခန်း’ Marketing မန်နေဂျာတစ်ဦးဖြစ်သူ ကိုအာကာမင်းက ပြောသည်။

မန္တလေးမြို့မှ ကလောမြို့သို့ ဇွန် ၉ ရက်၊ နံနက် ၉ နာရီတွင် စတင်ထွက်ခွာကြမည်ဖြစ်ပြီး ကလောမြို့သို့ရောက်ရှိပါက ခေတ္တနား၍ မြို့တွင်းသို့ လည်ပတ်ကြမည်ဖြစ်ကာ ဇွန် ၁ဝ ရက် ရောက်မှသာ Ride Behind the Kalaw အဖွဲ့နှင့်ပူးပေါင်း၍ ကလောမြို့ တောင်တန်းများပေါ်သို့ ဒေသန္တရ လေ့လာရေးခရီး ထွက်ကြမည်ဖြစ်ကြောင်း၊ ယင်းသို့ လည်ပတ်ရာတွင် Ride Behind the Kalaw အဖွဲ့မှ လမ်းကြောင်းပြသ လိုက်ပို့ပေးခြင်း အပါအဝင် မှတ်တမ်းတင်ဓာတ်ပုံများ၊ ဗီဒီယိုများရိုက်ကူးခြင်းနှင့် Group အလှဓာတ်ပုံရိုက်ခြင်း၊ KTM Rider များကို ဒေသထွက်ကော်ဖီ အပါအဝင် သီးနှံစိုက်ခင်းများအကြောင်း ရှင်းပြခြင်း၊ အဂင်္လိပ်ခေတ်က ဆောက်လုပ်ထားသော ရှေးဟောင်းအဆောက်အအုံများ လိုက်လံပြသခြင်း စသည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း မန္တလေးမြို့ KTM ဆိုင်ကယ်ကုမ္ပဏီမှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here