အိန္ဒိယနိုင်ငံမှတင်သွင်းသည့် ကမ္ဘာကျော် သြစတြီးယား အမှတ်တံဆိပ်ဖြစ်သော KTM ဆိုင်ကယ်မှ လာမည့် စက်တင်ဘာ ၁၇ ရက်တွင် Orange Ride အထိမ်းအမှတ်အဖြစ် မုံရွာမြို့သို့ KTM Rider များ စုပေါင်း၍ သွားရောက်လည်ပတ်ကြမည်ဖြစ်ပြီး မန္တလေး-မုံရွာ ငါးနာရီကြာ မောင်းနှင်မှုအစီအစဉ်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
” KTM ရဲ့ Orange Ride အထိမ်းအမှတ်အနေနဲ့ မန္တလေးက KTM Rider တွေ စုပေါင်းပြီး မုံရွာကို အလည်အပတ်ရယ်၊ မုံရွာမှာရှိ နေတဲ့ KTM Rider အသစ်တွေရယ် တွေ့ဆုံပွဲတစ်ရပ် လုပ်သွားပါမယ်၊ အဲဒီလို အပျော်တမ်းသွားရင်းနဲ့ KTM ရဲ့ မြန်နှုန်းစွမ်းရည်ဘယ်လောက်ရှိလဲဆိုတာ သိရှိနိုင်အောင်လို့ မန္တလေး-မုံရွာကို အသွား နှစ်နာရီခွဲ၊ အပြန်မောင်းချိန် နှစ်နာရီခွဲနဲ့ အသွားအပြန်မောင်းချိန် ငါးနာရီပဲ သတ်မှတ်ထားပါတယ်၊ အမြန်မောင်းပြိုင်ပွဲ မဟုတ်ပေမဲ့ KTM ရဲ့ စွမ်းဆောင်ရည်ကို ပြသလိုတဲ့အနေနဲ့ မောင်းချိန်ကို ကန့်သတ်ထားတာ ဖြစ်ပါတယ်”ဟု မန္တလေးမြို့ ‘ KTM ဆိုင်ကယ်ကုမ္ပဏီ’ Marketing Manager ကိုအာကာမင်း က ပြောကြားသည်။
စက်တင်ဘာ ၁၇ ရက် နံနက်ရှစ်နာရီတွင် မန္တလေးမြို့ KTM Showroom မှ KTM Rider များ စုပေါင်း၍ မုံရွာမြို့သို့ စတင်ထွက်ခွာကြမည်ဖြစ်ပြီး မုံရွာမြို့သို့ရောက်လျှင် နံနက်စာဖြင့်ဧည့်ခံ၍ KTM Rider အသစ်များနှင့် တွေ့ဆုံပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့နောက် မုံရွာမြို့ရှိ တန်ခိုးကြီးဘုရားများသို့ သွားရောက်လည်ပတ်၍ KTM Rider များအချင်းချင်း ဆိုင်ကယ်ဗဟုသုတများ မျှဝေခြင်း၊ စီးပွားရေး အကြံဥာဏ်များ ဖလှယ်ခြင်းတို့ပါ လုပ်ဆောင်နိုင်ရန် ယင်းသို့ ကျင်းပရခြင်းဖြစ်ကြောင်း မန္တလေးမြို့ KTM ဆိုင်ကယ်ကုမ္ပဏီမှ သိရသည်။
” Rider တွေ အတွက်လည်း ဆိုင်ကယ်ဆီ ထည့်ပေးတာရော၊ နံနက်စာရော၊ နေ့လယ်စာရော ကုမ္ပဏီဘက်က ထောက်ပံ့ပေးထားပါတယ်၊ အဲဒီလိုပဲ ဘုရားဖူးရောပါတော့ ကုသိုလ်လည်းရ မိတ်ဆွေလည်းတိုး အရေးကြုံရင် ကြုံသလို အချင်းချင်း ကူညီရိုင်းပင်းနိုင်အောင်လို့ အခုလိုလုပ်ဖြစ်တာပါ၊ အဓိက ကတော့ ခရီးသွားတာဟာ စာအုပ်ဖတ်တာနဲ့ ညီမျှသလို လူငယ်တွေ ရဲ့ အတွေးအမြင်တွေ ကျယ်လာစေတာကြောင့် အခုလို Orange Ride အဖြစ် စီစဉ်ရတာပါ”ဟု ယင်းကုမ္ပဏီမှ ကိုအာကာမင်းက ထပ်မံဆိုသည်။
ယင်းသို့ Orange Ride အထိမ်းအမှတ်တွင် လိုက်ပါလိုသော KTM Rider များအနေဖြင့် ဆိုင်ကယ်နံပါတ်ပြား၊ နောက်ကြည့်မှန်၊ လက်အိတ်၊ ဆိုင်ကယ်ဦးထုပ်၊ ဘွတ်ဖိနပ်စသောဆိုင်ကယ်စီးဝတ် စုံပြည့် ပုံစံဖြင့် မောင်းနှင်ကြရန် ကြိုတင်အသိပေးထားပြီး ယင်းနေ့တွင် မုံရွာမြို့၌ KTM ဆိုင်ကယ်တိုင်း လက်ခအခမဲ့ ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)