KIA ရဲ့ ပထမဆုံး IVT  ဂီယာသစ်နဲ့ 2019 KIA Forte EX Sedan

1180

တောင်ကိုရီးယားကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ KIA ကနေ ၂ဝဝ၈ ခုနှစ်ကတည်းက ထုတ်လုပ်စျေးကွက်တင်ခဲ့တဲ့ Forte ကားမိုဒယ်ဟာ တန်ဖိုးသင့်အသေးစားကားစျေးကွက်မှာ နာမည်ရလာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ KIA ရဲ့ ရောင်းအားအကောင်းဆုံးမိုဒယ်လို့ဆိုရမယ့် Forte ဟာ ၂ဝ၁၈ ခုနှစ် IIHS ရဲ့ ထိပ်တန်းလုံခြုံရေးအဆင့်ကို ရရှိထားတဲ့ ကား ၁၅ စီးထဲမှာလည်း တစ်စီးအပါအဝင်ဖြစ်ပါတယ်။ သက်တမ်း ၁ဝ နှစ်ပြည့်မြောက်လာပြီဖြစ်တဲ့ Forte အတွက် တတိယမျိုးဆက်သစ်မိုဒယ်ကို ဖန်တီးပြီး ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ် မြောက်အမေရိကနိုင်ငံတကာကားပြပွဲ(ဒိထရွိုက်ကားပြပွဲ)မှာ ၂ဝ၁၉ မိုဒယ်သစ်အဖြစ် ပွဲထုတ်ပြသခဲ့ပါတယ်။၂ဝ၁၈ ခုနှစ်အတွင်းမှာ စျေးကွက်တင်ရောင်းချမယ့် 2019 KIA Forte ဆီဒန်ကားကို Trim Level သုံးမျိုးနဲ့ရရှိနိုင်ပြီး အဆင့်အမြင့်ဆုံးကတော့ Forte EX Trim ပဲ ဖြစ်ပါတယ်။

စက်စွမ်းရည်

Forte ကားသစ်မှာ ဒုတိယမျိုးဆက်မိုဒယ်ကိုပဲ ထပ်တိုးအဆင့်မြှင့်တင်ထားတဲ့ 2.0 Liter ဆလင်ဒါလေးလုံးထိုးအင်ဂျင်ကို တပ်ဆင်ထားပြီး မြင်းကောင်ရေ ၁၆၄ ကောင်အားအထိ ထုတ်လုပ်ပေးနိုင်တာကြောင့် အရင်မိုဒယ်နဲ့ သိပ်မကွာလှပါဘူး။ ဂီယာကိုတော့ အရင်လို Manual ဂီယာခြောက်ချက်အစား KIA ရဲ့ ပထမဆုံး CVT လို့ဆိုရမယ့် IVT (Intelligent Variable Transmission) Auto ဂီယာခြောက်ချက်ကို အသစ်တပ်ဆင်ပေးထားပါတယ်။ ကုမ္ပဏီရဲ့အဆိုအရ IVT  ဂီယာသစ်ဟာ သမားရိုးကျ CVT ဂီယာတွေကနေ တစ်မျိုးတစ်ဖုံ ခွဲထွက်နေပြီး ချောမွေ့ညင်သာစွာ အရှိန်မြှင့်တင်နိုင်တာကြောင့် ပျော်ရွှင်ပေါ့ပါးတဲ့ ပြိုင်ကားဆန်ဆန်မောင်းနှင်မှု အတွေ့အကြုံမျိုး ရရှိစေပါတယ်။ ဒါ့ပြင် စက်သံဆူညံမှု လျော့နည်းအောင်လည်း အထူးမွမ်းမံပေးထားပြီး အသစ်မွမ်းမံထားတဲ့ အင်ဂျင်နဲ့ IVT ဂီယာအသစ်ဟာလည်း ဆီစားနှုန်းကို ပိုသက်သာစေပါတယ်။ Trim Level အပေါ်မူတည်ပြီး ဆီစားနှုန်းကွဲပြားသွားရာမှာ စွမ်းဆောင်ရည်အကောင်းဆုံးလို့ဆိုရမယ့် Forte EX ကတော့ မြို့တွင်းမှာ တစ်ဂါလန် ၂၅ မိုင်၊ အဝေးပြေးလမ်းမှာ ၃၃ မိုင်နဲ့ စုစုပေါင်းဆိုရင် တစ်ဂါလန် ၂၈ မိုင်နှုန်းအထိ အသုံးပြုနိုင်တာကြောင့် ကျန်တဲ့ Trim Level နှစ်ခုထက် ဆီနည်းနည်းပိုစားပါတယ်။

တည်ဆောက်ပုံ

ကိုယ်ထည်အရွယ်အစားကြီးမားတဲ့ KIA မိုဒယ်တွေရဲ့ ခြေရာကို နင်းတယ်လို့ဆိုရမယ့် တံခါးလေးပေါက် ဆီဒန်ကားသစ် Forte ရဲ့ ကားကိုယ်ထည်ကို အဆင့်မြှင့်ဖန်တီးထားတဲ့ အရည်အသွေးမြင့်သံမဏိ ၅၄ ရာခိုင်နှုန်းနဲ့ တည်ဆောက်ထားတာကြောင့် အရင်မိုဒယ်ထက် ပိုပြီးတောင့်တင်းကြံ့ခိုင်ပါတယ်။ ကိုယ်ထည်ဒီဇိုင်း အပြင်အဆင်တချို့ကို အဆင့်မြင့်လှပတဲ့ KIA Stinger  မိုဒယ်ကနေ မှီငြမ်းထားတာကြောင့် ဆီဒန်ကားဖြစ်ပေမဲ့ အနောက်ပိုင်းခပ်လျှောလျှောပုံစံ Fastback ကိုယ်ထည်ဟန်နဲ့ ခပ်တိုတိုကားနောက်ဖုံးဒီဇိုင်းတို့ကို လက်ခံရရှိထားပါတယ်။ ဒါ့ပြင် အရင်မိုဒယ်တွေရဲ့ သွက်လက်ပေါ့ပါးတဲ့သွင်ပြင်ကို အမွေဆက်ခံထားတဲ့ Forte ကားသစ်မှာ Fastback ပုံစံ Stinger စပို့ဆီဒန်ကားရဲ့ ကြော့မော့လှပတဲ့ ဒီဇိုင်းအပြင်အဆင်တွေ ပေါင်းစပ်လိုက်တဲ့အခါ ကားကို ပိုပြီး အဆင့်မြင့်လှပတဲ့ ရုပ်ထွက်မျိုးရရှိစေပါတယ်။ ကားစက်ဖုံးပေါ်က အတွန့်အချိုးအကွေ့အဝိုက် ကောက်ကြောင်းတွေဟာ Forte ရဲ့ ကြံ့ခိုင်တောင့်တင်းတဲ့ ရုပ်ထွက်ကို ပိုပေါ်လွင်စေပြီး KIA ရဲ့ ပင်တိုင်နာမည်ကျော် ကျားနှာခေါင်း(Tiger Nose) ရှဲလ်(Grille)နဲ့ လှပတဲ့ ကားအရှေ့ဘက်စွန်းရဲ့ အောက်ဘက်ပိုင်းဒီဇိုင်းတို့လို သစ်လွင်တဲ့ ဒီဇိုင်းအပြင်အဆင်တွေနဲ့ ကားရှေ့မျက်နှာစာဟာ ထူးခြားဆန်းသစ်တဲ့အသွင်ကို ဆောင်ပါတယ်။ ကားရှေ့မျက်နှာစာမှာ စွမ်းအားပြည့်ဝဟန်ပေါက်တဲ့ ကားရှေ့မီးကြီးကလည်း အရင်လို ရှဲလ်နဲ့ တစ်ဆက်တည်းအနေအထား မဟုတ်တော့ဘဲ ကားရှေ့ဘီးခုံးတွေဆီ ဦးတည်ပြီး တဖြည်းဖြည်းသွယ်လျသွားပုံဟာ ကားကို ပြိုင်ကားဆန်ဆန် ဖျတ်လတ်ပေါ့ပါးတဲ့ရုပ်ထွက်မျိုး ရရှိစေပါတယ်။ ကားရှေ့ ဘေးနှစ်ဖက်က လေစုပ်ပေါက်တွေတင်မက နှင်းခွဲမီးတပ်ဆင်ထားတဲ့ အလယ်တည့်တည့်က လေစုပ်ပေါက်ဟာလည်း အရွယ်အစားပိုကြီးလာပြီး ကားရှေ့ဘမ်ပါကို ပိုပြီး သိသာပေါ်လွင်စေပါတယ်။ ကားဘေးဘက်ဒီဇိုင်းဟာ အရင်လို ရိုးရှင်းလှပပေမဲ့ ခပ်ပါးပါး မွမ်းမံပြောင်းလဲထားပါတယ်။ ကားဘေးဘက်က အလယ်ပိုင်းကောက်ကြောင်းတွေဟာ အရင်လို အရှေ့ဘက်ဘီးခုံးကနေ ကားနောက်ဖုံးဆီ လျှောဆင်းသွားတာ မဟုတ်တော့ဘဲ အရှေ့နဲ့အနောက် မျဉ်းဖြောင့်အနေအထားမျိုးကို တွေ့မြင်ရပါတယ်။ ကားအနောက်ဘက်ကတော့ Stinger နဲ့ သိပ်မဆင်သလို အရင် Forte မိုဒယ်တွေနဲ့လည်း သိသိသာသာ ကွဲပြားပါတယ်။ ကားနောက်မီးတွေဟာ ထူးခြားတဲ့ LED မီးအသွင်သစ်နဲ့ ပိုလှပပြီး ကားနောက်ဘမ်ပါအောက်ပိုင်းရဲ့ ဘေးတစ်ဖက်စီမှာ လေစုပ်ပေါက်ပုံစံ ဖန်တီးထားတဲ့ တြိဂံပုံစံ ဒီဇိုင်းအပြင်အဆင်သစ် ပါဝင်ပါတယ်။ ကားနောက်ဖုံးစွန်းမှာ အရွယ်အစားသေးငယ်တဲ့ လေပင့်အားထိန်း တောင်ပံငယ်ပါဝင်ပြီး ကားနောက်မီးနှစ်ခုကြားကို အလျားလိုက် မျဉ်းတစ်ကြောင်း သွယ်ဆက်ပေးထားပုံက Sportage SUV ကားတွေနဲ့တောင် ခပ်ဆင်ဆင်တူပါတယ်။ ကိုယ်ထည် အတိုင်းအတာအရဆိုရင် Forte ဟာ အရင်ထက် ပိုကျယ်ဝန်းသလို အလျားပိုရှည်ပြီး လက်မဝက်လောက် ပိုမြင့်ပါတယ်။

အတွင်းခန်း

KIA Forte ဆီဒန်ကားသစ်ရဲ့ ကိုယ်ထည်ကတင် အဆင့်မြင့်မြင့် သွက်လက်ပေါ့ပါးဟန်ပေါက်တာမဟုတ်ဘဲ အဆင့်မြှင့်တင် ဖန်တီးပေးထားတဲ့ ငါးယောက်စီးကား အတွင်းခန်းဟာလည်း အဆင့်မြင့်ဆီဒန်ကား၊ စျေးကွက်ဝင်ကားတွေနဲ့ အတော်လေးနီးစပ်တဲ့ အနေအထားမျိုးရှိပါတယ်။ အသေးစိတ်မွမ်းမံထားတဲ့ ကားအတွင်းခန်းဟာ အရင်ထက် ပိုကျယ်ဝန်းဟန်ပေါက်ပါတယ်။ Infotainment System နဲ့ တွဲဖက်အသုံးပြုတဲ့ ဖန်သားပြင်ဟာလည်း အရင်ထက်ပိုကြီးပြီး ဒက်ရှ်ဘုတ်ပေါ်မှာ အရင်ထက် ပိုမြင့်မြင့်တပ်ဆင်ထားပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ခေတ်မီသစ်လွင်တဲ့ ကားအတွင်းပိုင်းမှာ အသစ်မွမ်းမံထားတဲ့ စတီယာရင်က ငွေရောင် Lower Spoke ဟာ ကားကို ပိုအဆင့်မြင့်တဲ့ရုပ်ထွက်မျိုး ရရှိစေပါတယ်။ အလျားနဲ့အနံ ပိုတိုးလာပြီး ပိုလည်းမြင့်တာကြောင့် ကားအတွင်းခန်းကျယ်ဝန်းတဲ့ Forte ရဲ့ ပစ္စည်းထားစရာနေရာဟာ ၁၅ ဒသမ ၁ ကုဗပေ ဖြစ်လာပြီး သူ့လိုအတန်းအစားထဲက ပစ္စည်းထားစရာ နေရာအကျယ်ဆုံး ကားတွေထဲမှာ တစ်စီး အပါအဝင်လည်းဖြစ်ပါတယ်။

လုံခြုံရေး

မျိုးဆက်သစ် အောက်ခံထည် ပလက်ဖောင်းသစ်နဲ့ တည်ဆောက်ထားတဲ့Forte ကားသစ်မှာ KIA ထုတ် စျေးပိုကြီးတဲ့ ကားမိုဒယ်အများစုမှာပဲ တွေ့ရလေ့ရှိတဲ့ Advanced Driver Assistance System(ADAS) ပါဝင်တာက ကားရဲ့ လုံခြုံရေးပိုင်းအတွက် အထူးခြားဆုံးအချက်ပါပဲ။ ဒါ့ပြင် Blind-Spot Collision Warning နဲ့ Lane Keeping Assist System တို့လို ခေတ်သစ်လုံခြုံရေးနည်းပညာတွေ ပါဝင်ပြီး Forward Collision Avoidance Assist နဲ့ Smart Cruise Control တို့ကိုလည်း Option အဖြစ် ထပ်တိုးတပ်ဆင်နိုင်ပါတယ်။

စျေးနှုန်းနှင့် ပြိုင်ဘက်

၂ဝ၁၈ ခုနှစ် ဆောင်းဦးရာသီမှာ စျေးကွက်တင်ရောင်းချမယ့် ၂ဝ၁၉ မိုဒယ် KIA Forte ဆီဒန်ကားသစ်ရဲ့စျေးကို Trim Level အပေါ်မူတည်ပြီး အမေရိကန်ဒေါ်လာ ၁၆,၈ဝဝ နဲ့အထက် သတ်မှတ်ထားရာမှာ အဆင့်အမြင့်ဆုံး Forte EX Trim ကတော့ ဒေါ်လာ ၂၁,၇ဝဝ နဲ့အထက်ဖြစ်ပါတယ်။ ဆီဒန်ကားစျေးကွက်မှာ 2019 KIA Forte ဆီဒန် ကားသစ်ရဲ့ အဓိကပြိုင်ဘက်တွေက Toyota Corolla ၊ Honda Civic နဲ့ Volkswagen Jetta တို့ ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here