Kalay Volunteer များနှင့်ပူးပေါင်း၍ သယ်ယူပို့ဆောင်ရေးနှင့် လူမှုရေးလုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်း

242

 

က​လေး၊ ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် Covid-19 ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ စသည့် ရောဂါဖြစ်ပွားမှုများအား ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် Kalay Volunteer များနှင့်ပူးပေါင်း၍ သယ်ယူပို့ဆောင်ရေးနှင့် လူမှုရေးလုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းမှုကို ဇွန် ၁၅ ရက်က ကလေးမြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

“အခုဆို သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျွန်တော်တို့တစ်တွေ စတင်လုပ်ဆောင်နေကြတယ်၊ အဲဒီလိုလုပ်ဆောင်တဲ့အခါ လောလောဆယ်မှာ ကိုယ်နဲ့အချိတ်အဆက်ရှိတဲ့ လူမှုရေးအသင်းတွေပဲ တစ်ပိုင်တစ်နိုင်လုပ်ဆောင်နေကြတယ်ပေါ့၊ တချို့လူမှုရေးအသင်းတွေမှာကျ ကားရှိတယ်၊ တချို့လူမှုရေးအသင်းတွေမှာကျ ကားမရှိဘူး၊ အဲဒီလိုတွေဖြစ်တော့ တကယ့်အရေးအကြောင်းဆို ကိုယ့်မြို့အတွက် ဝိုင်း၀န်းလုပ်ဆောင်နိုင်အောင်လို့ ဒီနေ့ လူမှုကူညီရေးအသင်းအများစုကိုဖိတ်ပြီး ဝိုင်း၀န်းဆွေးနွေးကြတယ်ပေါ့၊ အဓိကကတော့ လူမှုကူညီရေးကားရှိတဲ့အသင်းရော၊ ကားမရှိတဲ့အသင်းတွေရော တစ်သင်းနဲ့တစ်သင်းချိတ်ဆက်ပြီး ဝိုင်း၀န်းကူညီလို့ရအောင် ဆွေးနွေးဖြစ်ကြတာပါ” ဟု Kalay Volunteer အဖွဲ့မှ အဖွဲ့၀င် ကိုကြည်သာငြိမ်းက ပြောကြားသည်။

ကလေးမြို့တွင် ယခု Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း လုပ်ဆောင်ရာ၌လည်း လေယာဉ်ကွင်း၊ ကားကြီးကွင်းတို့မှ Facility Quarantine ထားရာနေရာများနှင့် ကျေးလက်ဒေသများသို့ ပို့ဆောင်ရာတွင် ကူညီပေးကြသည့် လူမှုရေးအသင်းအချို့၌ မော်တော်ယာဉ်မရှိသည့်အတွက် များစွာအခက်အခဲဖြစ်ရကြောင်း၊ ထို့ကြောင့် ကလေးမြို့ပေါ်ရှိ လူမှုကူညီရေးအသင်းများ၊ နာရေးကူညီမှုအသင်းများ တစ်သင်းနှင့်တစ်သင်းချိတ်ဆက်၍ မြို့လူထုအတွက် အပြန်အလှန်ကူညီပေးနိုင်ရန်နှင့် Information များ မျှဝေနိုင်ရန် ယခုကဲ့သို့ ကျင်းပခြင်းဖြစ်ကြောင်း အဆိုပါပွဲကို ဦးဆောင်ခဲ့သည့် Kalay Volunteer အဖွဲ့မှ သိရသည်။

“အခုပွဲမှာဆို အသင်းတွေတိုင်းရဲ့ နာမည်၊ ဖုန်းနံပါတ်တွေကအစ ကောက်ယူထားလိုက်တယ်၊ အသင်းတွေကိုလည်း အရေးအကြောင်းဆို ချင်းရော၊ ဗမာရော ခွဲခြားမှုမပြုဘဲ တိုင်းရင်းသားအချင်းချင်း အကူအညီပေးနိုင်ဖို့၊ သတင်းအချက်အလက်တစ်ခုခုရရင်လည်း အသင်းတွေချိတ်ဆက်ပြီး ဝိုင်း၀န်း Sharing လုပ်နိုင်ဖို့ ဆွေးနွေးဖြစ်ကြတယ်၊ ပြီးတော့ အသင်းတွေရဲ့ လက်ရှိရင်ဆိုင်နေရတဲ့အခက်အခဲကိုလည်း တင်ပြခိုင်းတဲ့အတွက် တင်ပြချက်တွေစုစည်းပြီး နောက်ပိုင်း သက်ဆိုင်ရာဌာနတွေကို တင်ပြဖို့ရှိတယ်၊ Covid-19 ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်လို အစိုးရရဲ့လုပ်ငန်းစဉ်တွေမှာ လူမှုရေးအသင်းတွေက ကူညီပေးသလို လူမှုရေးအသင်းတွေရဲ့လိုအပ်ချက်တွေကိုလည်း အစိုးရပိုင်းက ကူညီပေးဖို့လိုတယ်” ဟု Kalay Volunteer အဖွဲ့မှ ကိုကြည်သာငြိမ်းက ထပ်မံဆိုသည်။

ယခု Covid-19 ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါအပါအ၀င် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် လူမှုရေးအသင်းများ မအားလပ်ချိန်တွင် ယာဉ်တိုက်မှုအပါအ၀င် အခြားအရေးပေါ်ကိစ္စရပ်များ ပေါ်ပေါက်ပါက အသင်းအချင်းချင်းချိတ်ဆက်၍ ဝိုင်း၀န်းကူညီပေးနိုင်လျှင် မြို့လူထုအတွက် ပို၍အကျိုးများစေမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ကျင်းပသော အခမ်းအနားသို့ ကလေးမြို့ပေါ်ရှိ လူမှုကူညီရေးအသင်းပေါင်း ခုနစ်ဆယ်နီးပါး တက်ရောက်ခဲ့ကြပြီး လူဦးရေ ရှစ်ဆယ်ကျော်တက်ရောက်ခဲ့ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာစိုးမိုးထွေး စသည့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here