ရန်ကုန်၊ စက်တင်ဘာ ၂၅
IME Foundation နှင့် IME International Co., Ltd. တို့မှ Covid-19 ရောဂါ ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ Mobile Swab Van အဖြစ်အသုံးပြုရန် Foton Light Truck သုံးစီးငှားရမ်းခြင်းနှင့် အတူ Mobile Swab Van နောက်ခန်းတည်ဆောက်ခြင်းအတွက် အလှူငွေ ကျပ်သိန်းခြောက်ဆယ်ကို အဆိုပါ ဌာနသို့ We Love Yangon မှတစ်ဆင့် စက်တင်ဘာ ၂၄ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
“Covid-19 ရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် တက်တက်ကြွကြွလုပ်ဆောင်ပေးနေတဲ့ We Love Yangon အဖွဲ့အနေနဲ့ ပုံသေအထိုင်မဟုတ်ဘဲ လိုတဲ့နေရာတွေမှာ ယာယီသဘောအထိုင်ချပြီး နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူနိုင်တဲ့ Mobile Swab Van တွေလုပ်ဖို့ ကျွန်တော်တို့တစ်ဦးတည်းကိုယ်စားလှယ်အနေနဲ့တင်သွင်းနေတဲ့ FOTON အမှတ်တံဆိပ် Light Truck ကားလေးတွေကို ရောဂါကာကွယ်တိုက်ဖျက်မှုတွေလုပ်နေတဲ့ကာလမှာ ပေးသုံးဖို့ ကမ်းလှမ်းလာပါတယ်၊ ကျွန်တော်တို့ဘက်ကလည်း ဝမ်းပန်းတသာပဲ Covid-19 ရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းတွေပြီးတဲ့အထိ FOTON Light Truck သုံးစီးကို ပေးသုံးပြီး ကုသိုလ်ယူခဲ့ပါတယ်၊ ဒါ့ပြင် အခု Mobile Swab Van ဆိုတာ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးမှာ ထိထိရောက်ရောက်ဖြစ်မယ့်အရာလို့ ယူဆတဲ့အတွက် ကျွန်တော်တို့ Group က ဖွဲ့စည်းတည်ထောင်ထားတဲ့ IME Foundation ကိုတင်ပြပြီး အများရဲ့သဘောတူညီချက်နဲ့ Foton Light Truck ကားနောက်မှာဆင်ရမယ့် အခန်းအတွက်ပါ တစ်စီးကိုတပ်ဆင်ခ သိန်း နှစ်ဆယ်နှုန်းနဲ့ ကား သုံးစီးစာ သိန်း ခြောက်ဆယ်ကိုပါ ထပ်ဆောင်းလှူဒါန်းဖြစ်ခဲ့ပါတယ်”ဟု IME International Co., Ltd. ၏ Chief Operating Officer ဒေါက်တာညီညီလတ်က ပြောသည်။
IME International အနေဖြင့် ယခု Covid-19 ကပ်ရောဂါဘေးအတွက် လှူဒါန်းခြင်းသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ဒုတိယအကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ပြီး ပြီးခဲ့သည့် Covid-19 ပထမလှိုင်းစတင်ခဲ့သည့် အချိန်ကလည်း BAIC Group ၊ Foton Motor တို့နှင့် ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝနိကြီးဌာနသို့ အမေရိကန်ဒေါ်လာ ၄၃,၀၀၀ တန်ဖိုးရှိသည့် Negative Pressure Ambulance ယာဥ်နှစ်စီးကို ဇူလိုင်လအတွင်းက လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် ယခု Covid-19 ကပ်ရောဂါ ဒုတိယလှိုင်းတွင် ကူးစက်မှုနှုန်းမြင့်တက်လျက်ရှိပြီး Covid-19 ကူးစက်ခံရပြီးနောက် သေဆုံးမှုနှုန်းသည်လည်း ဆက်တိုက် ဖြစ်ပေါ်နေကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၂၄ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ Covid-19 ရောဂါပိုး ကူးစက်ခံရသူ ၈,၃၄၄ ဦးရှိပြီး သေဆုံးသူ ဦးရေ ၁၅၀ အထိ ရှိပြီဖြစ်သည်။
ကိုဖြိုး