Histroic Moments

1233

Road Toll ဆိုတာ နိုင်ငံတစ်နိုင်ငံ၊ ဒါမှမဟုတ် ပြည်နယ်တစ်ခုက ကုန်းလမ်း၊ ရေလမ်းတွေကို ခရီးသည်တွေနဲ့ ကုန်သည်တွေ ဖြတ်သန်းသွားလာတဲ့အခါ သက်ဆိုင်ရာအာဏာပိုင်တွေကို ပေးရတဲ့ လမ်းအသုံးပြုခကို ခေါ်တာ ဖြစ်ပါတယ်။ ရှေးရောမအင်ပါယာလက်ထက်မှာ ကုန်သည်တွေဟာ ကုန်စည်သယ်ဖို့အတွက် သီးခြားသတ်မှတ် ထားတဲ့ လမ်းတွေကို အသုံးပြုရတဲ့ Straßenzwang ဆိုတဲ့ဥပဒေကို ကျင့်သုံးခဲ့ပါတယ်။ လမ်းအသုံးပြုခ ကောက်ခံထားတဲ့ အာဏာပိုင်တွေဘက်က အဲဒီကုန်သည်တွေ ကို လမ်းကြောင်းတစ်လျှောက် လုံခြုံရေး ဆောင်ရွက်ပေးတယ်လို့ ဆိုပါတယ်။ လမ်းအသုံးပြုခကောက်ခံတဲ့ အစဉ်အလာဟာ အလယ်ခေတ်တွေမှာ တဖြည်းဖြည်းကျယ်ပြန့်လာပြီး နောက်ပိုင်းမှာ နိုင်ငံတစ်နိုင်ငံအတွက် အရေးပါတဲ့ငွေရှာဖွေရေးလုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

 

လမ်းအသုံးပြုခကို တံတားတွေ၊ မြို့အဝင်ဂိတ်တွေလို အဓိကကျတဲ့ နေရာမျိုးတွေမှာ ကောက်ခံပါတယ်။ ဥရောပဒေသမှာ လမ်းအသုံးပြုခ ကောက်ခံမှုဟာ ဂျာမန်လူမျိုးစုတွေ ကျင့်သုံးခဲ့ကြတဲ့ တောင်ဖြတ်လမ်း အသုံးပြုလိုတဲ့ ခရီးသွားတွေကို လမ်းခကောက်ခံတဲ့ စနစ်မျိုးကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး အထူးသဖြင့် ရှေးရောမ အင်ပါယာခေတ်ကစခဲ့တဲ့ လမ်းအသုံးပြုခ ကောက်ခံတဲ့စနစ်ဟာ အလယ်ခေတ်ကာလတစ်လျှောက် တဖြည်းဖြည်းတွင်ကျယ်လာခဲ့တာ ဖြစ်ပါတယ်။ လမ်းမကြီးတစ်လျှောက် လမ်းအသုံးပြုခကောက်ခံတဲ့ ဂိတ်လေးတွေ တည်ဆောက်ခဲ့ရာမှာ ဂျာမနီနိုင်ငံထဲက လမ်းမတွေတစ်လျှောက်မှာ လည်း လမ်းအသုံးပြုခကောက်ခံတဲ့ ဂိတ်ကလေးတွေ အများအပြားတွေ့ လာရပါတယ်။ ၁၈ ရာစု အစောပိုင်း ကစပြီး သြစတြီးယားနိုင်ငံ၊ ဗီယန် နာမြို့ကိုဝင်ရင် လမ်းအသုံးပြုခ သတ်မှတ်ကောက်ခံပါတယ်။ နောက်ထပ် ပုံစံတစ်မျိုးကတော့ ကျောက်ခင်းလမ်းလိုလမ်းမတွေမှာ လမ်းပြုပြင်မွမ်းမံဖို့ ငွေကြေးရရှိအောင် ကောက်ခံတဲ့ Pflasterzoll ပုံစံဖြစ်ပါတယ်။

 

 

အလယ်ခေတ်မှာတော့ လမ်းအသုံးပြုကြေးတွေကို မြို့နယ်တွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ ရဲတိုက်တွေနဲ့ ကျေးရွာတွေမှာ လှည့်လည်သွားလာနေတဲ့ လက်နက်ကိုင်အဖွဲ့တွေက ရံဖန်ရံခါ ကောက်ခံတတ်ပြီး မိုက်ကြေးခွဲတဲ့ သဘောဆန်ပါတယ်။ ဒီအလေ့အထကတော့ အင်အားကောင်းတဲ့ ဓားပြဂိုဏ်းတွေပေါတဲ့ Normans နဲ့ Vikings လူမျိုးတွေခေတ်မှာ ကျင့်သုံးခဲ့တဲ့ အလေ့အထပါ။ အဲဒီလိုပေးရတဲ့ အခကြေးငွေကို Danegeld လို့ခေါ်ပြီး အဂင်္လန်မှာတော့ Danegeld ကြေးအဖြစ် ၉ ရာစုလောက်က ငွေသားပေါင် သုံးသောင်းလောက်ကို အခကြေးငွေအဖြစ် ပေးရပါတယ်။ ဒီကနေ့ ခေတ်မှာတော့ တစ်ကမ္ဘာလုံးမှာ လမ်းအသုံးပြုခကို တွင်တွင်ကျယ်ကျယ် ကောက်ခံနေပြီဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here