ပန်းပွင့်ဒီဇိုင်းတွေ၊ ကဗျာဆန်ဆန် စုတ်ချက်တွေနဲ့ ဖန်တီးရေးဆွဲရတဲ့ ထရပ်ကားပန်းချီဆိုတာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယနဲ့ တခြား တောင်အာရှနိုင်ငံတွေကနေ မြစ်ဖျားခံခဲ့တဲ့ အနုပညာတစ်ရပ်ပါ။ အဲဒီလို အနုပညာလက်ရာတွေနဲ့ ဖန်တီးထားတဲ့ ထရပ်ကားတွေကို Jingle Track လို့ခေါ်ပါတယ်။ Jingle Track အသုံးအနှုန်းဟာ အမေရိကန်စစ်သုံး ဗန်းစကားကနေ ဆင်းသက်လာတာပါ။ ထရပ်ကားတွေမှာ အလှဆင်ထားတဲ့ ချိန်းကြိုးလေးတွေက ကားမောင်းတဲ့အခါ ဘမ်ပါနဲ့ရိုက်မိပြီး အသံမျိုးစုံထွက်နေတတ်တာကို တင်စားခေါ်ဝေါ်တာလို့ ဆိုပါတယ်။
ထရပ်ကားတစ်စီးကို ဒေါ်လာထောင်ပေါင်းများစွာ အကုန်အကျခံပြီး အလှဆင်လေ့ရှိပါတယ်။ များသောအားဖြင့် အိုးပစ်အိမ်ပစ် စီးပွားရှာ ထွက်ရတဲ့ ထရပ်ကားမောင်းသူတွေအနေနဲ့ ကိုယ့်အိမ်ကို လွမ်းတဲ့စိတ်နဲ့ အလှဆင်ကြတာပါ။ ကျောက်စီပန်းထိုးလို ပုံသဏ္ဌာန်အမျိုးမျိုး၊ ပန်းချီ အမျိုးမျိုး၊ လက်ရေးလက်သားအမျိုးမျိုးတို့ကို ကားတွေရဲ့ ရှေ့နောက် နေရာလွတ်တွေမှာ ရေးဆွဲအလှဆင်ကြသလို ထရပ်ကားတံခါးတွေမှာလည်း သစ်ထွင်းလက်ရာတွေနဲ့ အလှဆင်လေ့ရှိပါတယ်။ သမိုင်းနောက်ခံ မြင်ကွင်းတွေ၊ ကဗျာစာသားတွေကို ရေးဆွဲထားတာလည်း တွေ့ရတတ်ပြီး သူရဲကောင်းတွေ၊ နိုင်ငံရေးသမားတွေရဲ့ပုံကို ထည့်ဆွဲတာမျိုးလည်း တွေ့ ရပါတယ်။ ချိန်းကြိုးတွေနဲ့ လည်ဆွဲဘယက်ပုံစံ တန်ဆာဆင်ပစ္စည်းတွေကိုတော့ ရှေ့ဘမ်ပါရှေ့မှာ ချိတ်ဆွဲတပ်ဆင်ကြပါတယ်။ ထရပ်ကား အနုပညာနဲ့ပတ်သက်ပြီး Rawalpindi ၊ Swat ၊ Peshawar ၊ Quetta နဲ့ Lahore တို့က နာမည်ကြီးတယ်ဆိုပေမဲ့ တကယ့် အဓိကအကျဆုံး မြို့ကတော့ Karachi မြို့တော်ဖြစ်ပါတယ်။ Rawalpindi နဲ့ Islamabad တို့က ထရပ်ကားတွေကို ပလတ်စတစ်နဲ့ အလှဆင်ကြပေမဲ့ Balochistan နဲ့ Peshawar တို့မှာတော့ သစ်သားနဲ့ပဲအလှဆင်လေ့ရှိပါတယ်။ Sindh ပြည်နယ်မှာတော့ ကုလားအုတ်အရိုးတွေနဲ့ ဒီဇိုင်းဖန်တီးထားပြီး အနီရောင်လွှမ်းနေတဲ့ ထရပ်ကားတွေကို တွေ့ရမှာပါ။
ခေတ်တွေ၊ စနစ်တွေရဲ့ ပြောင်းလဲမှုအောက်မှာ ထရပ်ကားအနုပညာဟာ ပုံစံမျိုးစုံနဲ့ တဖြည်းဖြည်း ကျယ်ပြန့်လာပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ ထရပ်ကားအနုပညာနဲ့ ဖန်တီးထားပြီး The Foxy Shahzadi လို့ အမည် ပေးထားတဲ့ ၁၉၇၄ ခုနှစ်မိုဒယ် VW Beetle ကားတစ်စီးဟာ ပါကစ္စတန်ကနေ ပြင်သစ်အထိ ၂၅ ရက်ကြာခရီးကို မောင်းနှင်သွားလာခဲ့ပါတယ်။ ပါကစ္စတန်ထရပ်ကားတွေရဲ့ အနုပညာစွမ်းရည် ပြောင်မြောက် လွန်းလှတာမို့ ဖက်ရှင်ဒီဇိုင်နာတွေကတောင် စိတ်ဝင်စားခဲ့ကြပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ ကမ္ဘာကျော်အီတလီဖက်ရှင်ကုမ္ပဏီ Dolce & Gabbana က ထရပ်ကားအနုပညာအပေါ် အခြေခံတဲ့ဒီဇိုင်းတွေကို ဖန်တီးခဲ့ပါတယ်။ နောက်ပိုင်းမှာ တောင်အာရှရဲ့ ထရပ်ကားအနုပညာဟာ အမျိုးသမီးဝတ် ဖက်ရှင်တွေမှာတင်မကဘဲ အမျိုးသားဝတ်ဖက်ရှင် ဒီဇိုင်းတွေကိုပါ လွှမ်းမိုးလာတဲ့အထိ အောင်မြင်ခဲ့ပါတယ်။