မန္တလေး၊ နိုဝင်ဘာ ၂၉
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှ ယခု ၂၀၂၀ ပြည့်နှစ်အထိ တစ်နှစ်တာကာလအတွင်း အော်ဒါအရေအတွက် ၂၄ ဆ မြင့်တက်လာသော Grab Food သည် ၎င်းတို့နှင့် လက်တွဲလုပ်ကိုင်သော မိတ်ဖက်အစားအသောက်ပို့ဆောင်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိစေရန် သင်တန်းများ ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။
Grab Food ဝန်ဆောင်မှုဖြင့် Grab သည် မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့တွင် မိတ်ဖက်အစားအသောက်ပို့ဆောင်သူဦးရေ တစ်ထောင်ကျော်ကို အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် အခွင့်အလမ်းများ အဆက်မပြတ် ပိုမိုပေးအပ်နိုင်ခဲ့သည့်အပြင် ၎င်းတို့အား အစားအသောက် ကိုင်တွယ်ထိန်းသိမ်းရေး၊ သန့်ရှင်းမှုရှိစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးတို့အတွက် သင်တန်းများ ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် Grab Food မိတ်ဖက်အစားအသောက် ပို့ဆောင်သူတိုင်းသည် Grab Food အော်ဒါပို့ဆောင်နေသည့် လမ်းကြောင်းတစ်ခုစီအတွက် တစ်ကိုယ်ရေထိခိုက်မှုအာမခံ အကာအကွယ်ပေးအပ်ထားပြီးဖြစ်ကာ စားသောက်ဆိုင်များ၊ ဝယ်ယူစားသုံးသူများအနေဖြင့်လည်း ငွေပေးချေမှုလွယ်ကူစေရန် Grab က CB Bank နှင့်ပူးပေါင်း၍ ငွေပေးချေမှု နည်းပညာအသစ်တစ်ခုကို စတင်အသုံးပြုနေပြီဖြစ်ကြောင်း Grab Food က ထုတ်ပြန်သည်။
ငွေပေးချေမှု နည်းပညာလုပ်ဆောင်ချက်အသစ်ဖြင့် Grab Food မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်များသည် ၎င်းတို့၏ Grab Application အတွင်း ရောင်းရငွေများကို ၂၄ နာရီထက် နောက်မကျစေဘဲ အလိုအလျောက် လက်ခံရရှိနိုင်မည်ဖြစ်သည်။ Grab ပလက်ဖောင်းအသုံးပြုသူအားလုံးအတွက် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးတို့တွင် စိတ်ချယုံကြည်နိုင်ရန် လုပ်ဆောင်နေသကဲ့သို့ မိတ်ဖက်အစားအသောက်ပို့ဆောင်သူများလည်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရန် အထူးအရေးကြီးသဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးသင်တန်းများကို ထပ်မံပို့ချရန် စီစဉ်နေကြောင်း Grab Food မှ ထပ်မံသိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ-Grabfood