Golden Labrador  ခွေးငယ်လေး ကားထိုင်ခုံပေါ် လုံခြုံရေးခါးပတ်ပတ်၍ ထိုင်နေသည့်ဓာတ်ပုံ လူမှုကွန်ရက်စာမျက်နှာတွင် ရေပန်းစားလျက်ရှိ

872

 

Golden Labrador  အမျိုးအစား ရှစ်ပတ်သားအရွယ် အိမ်မွေးခွေးမလေး Kaia သည် ၎င်းပိုင်ရှင်၏ကားရှေ့ခန်း ခရီးသည်ထိုင်ခုံတွင် လုံခြုံရေးခါးပတ်ကိုပတ်ကာ ခြေထောက်မြှောက်လျက်ထိုင်နေသည့် ဓာတ်ပုံသည် Twitter လူမှုကွန်ရက် စာမျက်နှာတွင် အတော်လေး ရေပန်းစားနေပြီး Like သန်းနှင့်ချီ ရရှိခဲ့ကြောင်း မတ် ၂၄ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

အဆိုပါခွေးလေး Kaia သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Clovis အနီးတစ်ဝိုက်တွင် ၎င်းပိုင်ရှင်ဖြစ်သူ၏ ကားပေါ်၌ လုံခြုံရေး ခါးပတ်ပတ်ပြီး လိုက်ပါစီးနင်းလာပုံကို  လျှပ်တပြက် ဓာတ်ပုံအရိုက်ခံခဲ့ရခြင်းဖြစ်သည်။ ဓာတ်ပုံတွင် လုံခြုံရေးခါးပတ်ပတ်ပြီး ခြေထောက်လေး နှစ်ချောင်း တစ်ညီတည်းထောင်ကာ ချစ်စဖွယ်ထိုင်နေသည့် Kaia သည် ကားရှေ့လေကာမှန်တည့်တည့်ကိုသာ ခပ်တည်တည် ကြည့်နေခဲ့သော်လည်း ပိုင်ရှင်ဖြစ်သူ အမျိုးသား မှာ သူ၏ခွေးလေးကို ချစ်စနိုး ပြုံးကြည့်နေခဲ့သည်။ အဆိုပါဓာတ်ပုံကို Kaia ပိုင်ရှင်၏ ညီမဖြစ်သူ Alyssa Rendon က Twitter တွင် Safety First ဆိုသည့် စာသားဖြင့် တွဲတင်ခဲ့ဖြင်းဖြစ်ပြီး ”ဒီပုံကို ကျွန်တော့် ညီမက လျှပ်တပြက် ရိုက်လိုက်တာပါ၊ ဒါပေမဲ့ ဒီပုံဟာ လူအများကြီး မြင်သင့်တယ်လို့ ခံစားမိလို့ အခုလိုတင်တာပါ” ဆိုသည့် စာသားလည်း ပါဝင်သည်။

ကားရှေ့ခန်းခရီးသည်ထိုင်ခုံ တွင် ခွေးလေး Kaia လုံခြုံရေး ခါးပတ်ပတ်ထားသည့် အဆိုပါဓာတ်ပုံသည် တစ်ပတ်မပြည့်သေးခင်မှာပင် Like ပေါင်း ၁ ဒသမ ၃ သန်းကျော်နှင့် ထပ်ဆင့်ဝေမျှသူပေါင်း လေးသိန်းကျော် ရရှိခဲ့သည်။ ထိုကဲ့သို့ Like ၊ သို့မဟုတ် တုံ့ပြန်မှုပေးကြသူများတွင် နာမည်ကျော်အနုပညာရှင်များပင် ပါဝင်ရာ နာမည်ကျော်မိုဒယ်မင်းသမီး Paris Hilton က ”အရမ်းချစ်စရာကောင်းတာပဲ” ဟု Alyssa ထံသို့ သီးသန့်စာတိုပို့ ပြောကြားခဲ့ကာ Amber Turnip က ”အို …ဘုရားရေ” ဟု အာမေဋိတ်စကားလုံး ရေးသားဖော်ပြခဲ့သည်။ ယခုဆိုလျှင် ချစ်စရာ ခွေးငယ်လေး Kaia ကို Safety First Puppy ဟု အမည်ပေးထားသည့် သူ၏ကိုယ်ပိုင် Instagram ဖွင့်ပေးလိုက်ပြီဖြစ်ကာ ထိုစာမျက်နှာတွင် ပိုင်ရှင်ဖြစ်သူက Kaia ၏ ချစ်စရာဓာတ်ပုံလေးများကို ရာပေါင်းများစွာသော Follower များထံသို့ ဝေမျှပေး လျက်ရှိသည်။

Ref : Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here