Glory Automotive Training School မှ Principal  ဦးကျော်စိုးမိုးနှင့် တွေ့ဆုံခြင်း

801

ယနေ့ မြန်မာနိုင်ငံမှာသာမက ကမ္ဘာတစ်ဝန်းလုံးမှာပါ မော်တော်ကားအစီးအရေ တစ်နေ့တခြား တိုးတက်များပြားလာလျက်ရှိသလို မြန်မာ နိုင်ငံတွင်လည်း အဆင့်မြင့်နည်းပညာရပ်များပါဝင်သော မိုဒယ်မြင့်ကားများစွာ အသုံးပြုလျက်ရှိလာကြသည်။ ထို့ကြောင့် မော်တော်ကား စက်ရုံကြီးများ၊ ဆားဗစ်စင်တာများ၊ ကားနှင့်ပတ်သက်သော လုပ်ငန်းခွင်များတွင် မော်တော်ကားပိုင်းဆိုင်ရာ ကျွမ်းကျင်သူပညာရှင် အမြောက်အမြားလည်း လိုအပ်လာမည် ဖြစ်သည်။ ထို့ကြောင့် ယင်းလုပ်ငန်းများတွင် ကျွမ်းကျင်စွာလုပ်ကိုင်နိုင်ရန် လုပ်သားများကို မွေးထုတ်ပေးနေသည့် Glory Automotive Training School မှ Principal ဦးကျော်စိုးမိုးနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သမျှကို ပြန်လည်ကောက်နုတ်ဖော်ပြအပ်ပါသည်။

Automobile    : သင်တန်းကျောင်း ဖွင့်လှစ်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကို အရင်ဆုံး ပြောပြပေးပါ …

U.K.S.M         : ဒီကနေ့ခေတ် မြန်မာမှာတင်မက ကမ္ဘာတစ်ဝန်းလုံးမှာ မော်တော်ကားအစီးရေဟာ တစ်နေ့တခြား တိုးတက်များပြားလာပါတယ်။ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အဆင့်မြင့်နည်းပညာရပ်တွေပါဝင်တဲ့ မိုဒယ်မြင့်ကားတွေကို အသုံးပြုလာကြပါတယ်။ ဒါကြောင့် မော်တော်ကား စက်ရုံကြီးတွေ၊ ဆားဗစ်စင်တာတွေနဲ့ ကားနဲ့စပ်ဆက်နေတဲ့ လုပ်ငန်းခွင်တွေမှာ မော်တော်ကားပိုင်းဆိုင်ရာ ကျွမ်းကျင်သူပညာရှင်အမြောက်အမြား လိုအပ်လာတာ တွေ့ရပါတယ်။ ဒီလုပ်ငန်းတွေအတွက် ကျွမ်းကျင်ပညာရှင်တွေ မွေးထုတ်ပေးဖို့ရည်ရွယ်ပြီး Glory ရဲ့ Automotive Training School ကို ၂ဝ၁၄ ခုနှစ်က စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။

Automobile    : မော်တော်ကားနည်းပညာ ဒီပလိုမာသင်တန်းကျောင်းမှာ သင်ကြားပေးနေတဲ့ သင်တန်းတွေ အကြောင်း ရှင်းပြပေးပါ …

U.K.S.M         : ဂျပန်နိုင်ငံဘက်က လွှဲပြောင်းပေးအပ်တဲ့ နည်းပညာအတိုင်း Third Class နဲ့ Second Class ဆိုပြီး သင်တန်းနှစ်မျိုး ရှိပါတယ်။ ဂျပန်နိုင်ငံ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာနက သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးတာဖြစ်ပါတယ်။ စာတွေ့ ၄ဝ ရာခိုင်နှုန်း၊ လက်တွေ့ ၆ဝ ရာခိုင်နှုန်း စနစ်ဖြစ်ပြီး လက်တွေ့ကျွမ်းကျင်မှုကို ဦးစားပေးသင်ကြားပေးတဲ့ သင်တန်းဖြစ်ပါတယ်။

Automobile    : သင်တန်းအမျိုးအစားအလိုက် သင်ကြားပေးမယ့် အကြောင်းအရာတွေကို ရှင်းပြပေးပါ …

U.K.S.M         : Diploma in Automotive Engineering (Third Class) သင်တန်းကို တက္ကသိုလ်ဝင်တန်း အောင်မြင်သူတွေ တက်နိုင်ပါတယ်။ ကျရှုံးထားသူဆိုရင် မော်တော်ကားနဲ့ ဆက်စပ်တဲ့ အခြေခံအကြောင်းအရာ တစ်လသင်တန်းတက်ရပါတယ်။ Third Class သင်တန်းမှာ အင်ဂျင်၊ ဂီယာဘောက်စ်နဲ့ သက်ဆိုင်တဲ့ပညာရပ်တွေအတွက် စာတွေ့၊ လက်တွေ့ ခြောက်လ သင်ကြားပေးပါတယ်။ ဒုတိယအဆင့်အနေနဲ့ ကားတံခါး၊ မှန်၊ ဘီး စတဲ့ သမားရိုးကျ ကားတွေအကြောင်း၊ Gas Tester နဲ့ တခြားသင်ကြားမှုအတွက် လိုအပ်တဲ့ Special Tools ၊ Measuring Tools နဲ့ Electrical Multimeter (Analog & Digital) တွေအသုံးပြုပြီး သင်ကြားပေးပါတယ်။

Automobile    : သင်တန်းကြေးနဲ့ သင်တန်းကာလကို ဘယ်လိုသတ်မှတ်ထားပါသလဲ …

U.K.S.M         : Diploma in Automotive Engineering သင်တန်းက ကျပ်သိန်းနှစ်ဆယ်ဖြစ်ပြီး သင်တန်းကာလ တစ်နှစ် ဖြစ်ပါတယ်။ Advanced Diploma in Automotive Engineering သင်တန်းကလည်း သင်တန်းကြေး ကျပ်သိန်းနှစ်ဆယ်ဖြစ်ပြီး သင်တန်းကာလ ခြောက်လ ဖြစ်ပါတယ်။

Automobile    : သင်တန်းသားတွေကို လုပ်ငန်းခွင်ဝင်နိုင်အောင် ဆောင်ရွက်ပေးတာရှိပါသလား …

U.K.S.M         : စာတွေ့၊ လက်တွေ့ အောင်မြင်တဲ့သူတွေကို ဒီပလိုမာအောင်လက်မှတ်အပြင် လုပ်ငန်းခွင် ဝင်နိုင်အောင်လည်း ဆောင်ရွက်ပေးပါတယ်။ ဂျပန်မှာဆက်ပြီး ပညာသင်ချင်တဲ့သူတွေကိုလည်း ကူညီဆောင်ရွက်ပေးပါတယ်။ လက်ရှိ ပြည်တွင်းက ကားစက်ရုံတွေ၊ ဆားဗစ်စင်တာကြီးတွေမှာ လုပ်ငန်းခွင်ဝင်နေသူတွေရှိသလို တချို့ကလည်း ကိုယ်ပိုင်ဆားဗစ်စင်တာဖွင့်ပြီး လုပ်ငန်းလုပ်ကိုင်နေကြတာလည်း ရှိပါတယ်။ တန်းခွဲတိုင်းမှာ ပထမရတဲ့သူတွေကို Glory အနေနဲ့ ဂျပန်နိုင်ငံ လုပ်ငန်းခွင်လေ့လာရေးခရီးကို စရိတ်ငြိမ်း ပို့ဆောင်ပေးနေသလို ပြည်တွင်းက ကားကုမ္ပဏီနဲ့ ပူးပေါင်းပြီး သင်ကြားပေးတဲ့ Scholarship အစီအစဉ်လည်း ရှိပါတယ်။

Automobile    : Glory အနေနဲ့ အသစ်ဖွင့်ဖို့ ဆောင်ရွက်နေတဲ့ သင်တန်းအမျိုးအစားကို ပြောပြပေးပါ…

U.K.S.M         : Diploma in Automotive Customizing သင်တန်းကို ဖွင့်လှစ်ဖို့ ဆောင်ရွက်နေပါတယ်။ မော်တော်ယာဉ်ကိုယ်ထည် ပြုပြင်ထိန်းသိမ်းမှုပညာရပ်ဖြစ်ပြီး သက်တမ်းကြောင့်ဖြစ်ဖြစ်၊ ထိခိုက်မှုကြောင့်ဖြစ်ဖြစ် ပျက်စီးသွားတဲ့ မော်တော်ကားကိုယ်ထည်ကို မူလပုံစံအတိုင်းဖြစ်အောင်၊ ပိုမိုလှပတဲ့ဒီဇိုင်း ဖန်တီးတတ်အောင် သင်ကြားပို့ချပေးတဲ့ ပညာရပ်ဖြစ်ပါတယ်။ မော်တော်ယာဉ်ကိုယ်ထည်ရဲ့ High Tensile Strength Steel သံပြားကို နောက်ဆုံးပေါ် Stud Welding နည်းနဲ့ ပြန်လည်ပြုပြင်ပုံဖော်ခြင်း၊ မော်တော်ယာဉ်ကိုယ်ထည်ကို ဆေးမှုတ်ရန် Colour Code နဲ့ Chart များ သုံးပြီး ဆေးရောင်စပ်ခြင်း၊ ယာဉ်ကိုယ်ထည်ကို ဆေးမမှုတ်ခင် အဆင့်ဆင့် ပြင်ဆင်မှုများပြုလုပ်ခြင်း၊ ဆေးမှုတ်ခြင်း စတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ခေတ်မီစက်ကိရိယာ၊ နည်းပညာရပ်အမျိုးမျိုးနဲ့ သင်ကြားပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ကားဘော်ဒီ၊ ဆေးပိုင်းအတွက် လက်ရှိအစိုးရမှာရော ပုဂ္ဂလိကမှာပါ မရှိသေးတဲ့ သင်တန်းအမျိုးအစားဖြစ်လို့ နိုင်ငံအတွက် တကယ့်ကို အကျိုးရှိမှာ ဖြစ်ပါတယ်။

Glory သင်တန်းကျောင်းကို ဆက်သွယ်ချင်တယ်ဆိုရင်တော့ …

အခန်းအမှတ်-၃/၄၊ သုံးလွှာ၊ ဗိုလ်မြတ်ထွန်းတာဝါ၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်း ထောင့်၊ ဗိုလ်တထောင်မြို့နယ်။ ဖုန်း ဝ၉-၅၁၆၇၈၁၇။

ဆန်းသစ်အောင် တွေ့ဆုံမေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here