Foot Rest လို့ခေါ်တဲ့ Dead Pedal ခြေနင်းပြားအကြောင်း တစေ့တစောင်း

1275

မော်တော်ကားတစ်စီးမှာ Foot Rest လို့ ခေါ်ကြတဲ့ Dead Pedal ခြေနင်းပြားဟာ ကားမောင်းသူအနေနဲ့ ကားမောင်းနှင်နေချိန်မှာ သူ့ရဲ့ ဘယ်ခြေထောက်ကိုတင်ဖို့ ထည့်သွင်းပေးထားတဲ့ မရွေ့လျားနိုင်တဲ့ ရော်ဘာပြား၊ ဒါမှမဟုတ် သတ္တုပြား ဖြစ်ပါတယ်။ Dead Pedal တွေဟာ ကားမှာ ဘာလုပ်ဆောင်ချက်မှမရှိပေမဲ့ ကားမောင်းသူအတွက် သက်သောင့်သက်သာရှိစေတဲ့ အရာဖြစ်တာကြောင့် ကားအတော်များများမှာ ထည့်သွင်းတပ်ဆင်ကြပါတယ်။ Manual ဂီယာသုံးကားတွေမှာဆိုရင် Dead Pedal ကို Clutch အသုံးပြုရတာ ချောမွေ့လွယ်ကူစေဖို့အတွက် ထည့်သွင်းပေးထားသလို Auto ဂီယာသုံးကားတွေမှာဆိုရင်လည်း ခြေထောက်ညောင်းသက်သာအောင် တင်ထားလို့ရတာကြောင့် Dead Pedal က အသုံးဝင်ပါတယ်။ တကယ်လို့ ကားတစ်စီးမှာ Dead Pedal မပါခဲ့ဘူးဆိုရင်လည်း စျေးကွက်ထဲမှာ ဝယ်ယူတပ်ဆင်အသုံးပြုနိုင်ပါတယ်။

မော်တော်ကားခြေနင်းပြားတွေရဲ့ ကနဦးဒီဇိုင်းမှာတော့ Dead Pedal ဆိုတာ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ပါဘူး။ ၁၉ဝ၈ ခုနှစ် ဝန်းကျင်က မူလလက်ဟောင်း Ford Model T  လို ကားတွေမှာဆိုရင် Dead Pedal တွေ မပါဝင်ဘဲ Upright Pedal System ကို အသုံးပြုပါတယ်။ ခြေထောက်တင်ဖို့နေရာထားပေးခြင်းအားဖြင့် Clutch ၊ ဒါမှမဟုတ် ဘရိတ်ကို မှားယွင်းလုပ်ဆောင်မှုမရှိစေဖို့ Dead Pedal ကို ဖန်တီးအသုံးပြုခဲ့ကြတာဖြစ်ပြီး Auto ဂီယာကားအများစုမှာ Dead Pedal တပ်ဆင်ပေးလေ့ရှိပေမဲ့ ၁၉၉၈ မိုဒယ် Ford Focus လို ကားတွေမှာတော့ Dead Pedal မပါဝင်ပါဘူး။

Dead Pedal တွေဟာ လုပ်ဆောင်ချက်နှစ်ရပ်ကို အဓိကလုပ်ဆောင်ပါတယ်။ ပထမတစ်ချက်က ကားမောင်းသူအတွက် ခြေထောက်အညောင်းသက်သာစေဖို့ ဘယ်ခြေထောက်တင်စရာအဖြစ် အသုံးပြုနိုင်ခြင်းဖြစ်ပြီး နောက်တစ်ချက်ကတော့ Manual ဂီယာသုံးကားတွေမှာ Flywheel နဲ့ Disc တွေ အချိန်မတိုင်မီ ပွန်းစားသွားစေနိုင်တဲ့ Half Clutch လို့ခေါ်တဲ့ ယာဉ်မောင်းနှင်စဉ်အချိန်အတွင်း အန္တရာယ်များတဲ့အပြုအမူမျိုး ပြုလုပ်ခြင်းကို ရှောင်ကြဉ်နိုင်ဖို့ ထောက်ကူပေးတာပဲ ဖြစ်ပါတယ်။ ကားမောင်းသူရဲ့ ဘယ်ခြေထောက်ကို Dead Pedal ရဲ့ ခပ်စောင်းစောင်း မျက်နှာပြင်မှာ တင်ထားခြင်းအားဖြင့်လည်း ကားမောင်းသူအနေနဲ့ မောင်းနှင်ချိန်မှာ ဘရိတ် ကို အမှတ်တမဲ့မနင်းမိစေဖို့ အထောက်အကူပြုတာကြောင့် ကားတစ်စီးလုံး ကို ကောင်းကောင်းထိန်းချုပ်မောင်းနှင်နိုင်စေပါတယ်။ Dead Pedal တွေ ကို သတ္တုပြားပုံစံ နဲ့ရော ရော်ဘာပြားပုံစံနဲ့ပါ တွေ့မြင်နိုင်ပြီး တချို့ကိုတော့ ကားကြမ်းခင်းကနေ မောက်တက်နေတဲ့ ပုံစံအဖြစ် တွေ့မြင်ရပါတယ်။ နောက်တစ်မျိုးကတော့ ပြိုင်ပွဲဝင် ကားတချို့မှာ တွေ့ရတဲ့ Dummy Pedal ခေါ် ခြေနင်းပြားအတုဖြစ်ပြီး ဘယ်လိုလုပ်ဆောင်ချက်မျိုးကိုမှ မလုပ်ပေးနိုင်ပေမဲ့ ကားခြေနင်းစနစ် Pedal System ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်တည်ရှိနေတာပဲ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here