Exotic Car(Vision Mercedes-Maybach 6 Cabriolet)

569

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပခဲ့တဲ့ Monterey Car Week 2017 ပြပွဲမှာ အဆင့်အတန်းမြင့် ဇိမ်ခံကားတွေပဲ ထုတ်လုပ်နေတဲ့ ဂျာမန်ကားကုမ္ပဏီကြီး Mercedes-Maybach က ထူးထူးခြားခြား အနာဂတ်ရှေ့ပြေး ကားအမျိုးအစား Vision Mercedes-Maybach 6 Cabriolet ကို မိတ်ဆက်ပြသခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အလား တူပြပွဲမှာပဲ မိတ်ဆက်ပေးခဲ့တဲ့ Maybach 6 Luxury Coupe နဲ့ အနည်းငယ်ဆင်တူသလိုရှိပေမဲ့ Vision Mercedes-Maybach 6 Cabriolet မှာ ထူးခြားချက်အများအပြား ပါဝင်နေပါတယ်။ အရှည် ၅ ဒသမ ၇ မီတာ၊ ဗြက် ၂ ဒသမ ၁ မီတာရှိတဲ့ Vision Mercedes-Maybach 6 Cabriolet ဟာ အမိုးဖွင့်မောင်းလို့ရသလို ခရိုမီယမ်ရှေ့ဘမ်ပါရှဲလ်၊ စပုတ်တံ ၂၄ ချောင်းပါ အလွိုင်းဘီးခွေတွေ တပ်ပေးထားပြီး လျှပ်စစ်စွမ်းအင် သုံးစွဲမောင်းနှင်ရမှာ ဖြစ်ပါတယ်။ အရှေ့ဝင်ရိုးနဲ့ အနောက်ဝင်ရိုးတွေမှာ လျှပ်စစ်မိုတာနှစ်လုံးစီ တပ်ထားတာကြောင့် Vision Mercedes-Maybach 6 Cabriolet ဟာ မြင်းကောင်ရေအား ၇၄ဝ အထိ ထုတ်ပေးနိုင်ပြီး တစ်နာရီ ၆၂ မိုင် အမြန်နှုန်းရဖို့ လေးစက္ကန့်အောက်သာ ကြာမြင့်ပါတယ်။ တစ်ကြိမ်အားအပြည့်သွင်းပြီးရင် မိုင် ၃၁ဝ အကွာအဝေးကို ဆက်တိုက်မောင်းနှင်နိုင်ပါတယ်။ DC Fast Charger အသုံးပြုပြီး ငါးမိနစ်အားသွင်းလိုက်ရင် Vision Mercedes-Maybach 6 Cabriolet ဟာ နောက်ထပ် မိုင်ခြောက်ဆယ်ခရီးကို ဆက်လက် ခရီးနှင်နိုင်ပါလိမ့်မယ်။ Vision Mercedes-Maybach 6 Cabriolet ရဲ့ နောက်ဖင်ပိုင်းက ရွက်သဘေၤာကုန်းပတ်နဲ့ ဆင်တူအောင် ဖင်လျှောဒီဇိုင်းအသစ်နဲ့ ဖန်တီး ထားသလို ကားအတွင်းပိုင်းကြမ်းပြင်ကို သစ်သားခင်းပေးထားတာက ရွက်သဘေၤာတစ်စီးထဲရောက်နေသလိုမျိုး ခံစားစေရမှာပါ။

 

လူနှစ်ယောက်ပဲ စီးနင်းနိုင်တဲ့ Vision Mercedes-Maybach 6 Cabriolet ရဲ့ အတွင်းပိုင်းကို ပုံဆောင်ခဲအကွက် ဖော်ထားတဲ့ ဖြူဖြူဖွေးဖွေး Nappa သားရေအုပ်ပြီး ဖန်တီးပေးထားပါတယ်။ ကားဒက်ရှ် ဘုတ်နေရာကို အတတ်နိုင်ဆုံးနေရာချုံ့ထားတာကြောင့် လေပေါက် သုံးပေါက်နဲ့ အချက်ပြဒိုင်ခွက်နှစ်ခုပဲ မြင်တွေ့ရမှာပါ။ အပူချိန် ချိန်ညိခြင်း၊ ရေဒီယိုဖွင့်ခြင်းနဲ့ တခြားလုပ်ဆောင်ချက်တွေအတွက် Concierge အသံထိန်းချုပ်စနစ်နဲ့ ခိုင်းစေလို့ရအောင် ဖန်တီးထားပြီး အချက်အလက် တွေကြည့်ရှုဖို့ ရှေ့လေကာမှန်ပေါ်မှာ Heads-up Display စနစ် ပါဝင်ပါလိမ့်မယ်။ ထိုင်ခုံ နှစ်ခုကြားမှာ အပြာရောင် Fiber Optic အကန့်ကို မြင်တွေ့ရ မှာပါ။ Vision Mercedes-Maybach 6 Cabriolet ကားဘောနတ်က ကြီးမားရှည်လျားပေမဲ့ ပုံမှန်လို အပေါ်လှန် တင်ရတာမျိုး မဟုတ်ပါဘူး။ အလယ်တည့်တည့်ကနေ ဘေးတစ်ဖက်တစ်ချက်စီကို ဖွင့်ရတာဖြစ်လို့ ဘောနတ်ဖွင့်ထားချိန်မှာ အတောင်ပံပုံစံမျိုး တွေ့ရမှာပါ။ ကားဘောနတ်အောက်မှာ အင်ဂျင်မပါလို့ အဲဒီနေရာကို ပစ္စည်းထားသိုရာအဖြစ် ပြုလုပ်ထားပြီး ညစာစားပွဲ ကျင်းပဖို့ ပန်းကန်၊ ဇွန်း၊ ခက်ရင်း၊ ဓား၊ ပုလင်းတွေ ထားစရာအကန့်လေးတွေပါသလို ထီးနှစ်ချောင်း၊ ဘီး တပ်ခရီးဆောင်အိတ်တွေလည်း ထားလို့ရပါတယ်။ နောက်ထပ်ထူးခြားမှုက အဖွင့်/အပိတ်လုပ်လို့ရတဲ့ ကားခေါင်မိုးပြားကို ရွှေသတ္တုအစစ်နဲ့ ချုပ်လုပ်ထားတာပါပဲ။ အနာဂတ်လျှပ်စစ်ကားတွေထဲမှာ အမြင့်ဆုံးဇိမ်ခံအဆင့် အတန်းရှိအောင် ထူးခြားတဲ့နည်းပညာ၊ စိတ်ကူးဒီဇိုင်းတွေနဲ့ ပုံဖော်ဖန်တီးထားတဲ့ Vision Mercedes-Maybach 6 Cabriolet ဟာ ရှေ့ပြေးနမူနာ ပုံစံအဆင့်ပဲရှိသေးပြီး အမှန်တကယ် ထုတ်လုပ်ရောင်းချဖို့ ကုမ္ပဏီတာဝန်ရှိသူတွေက မဆုံးဖြတ်ရသေးပါဘူး။ တကယ်တမ်း ထုတ်လုပ်မယ်ဆိုရင် Vision Mercedes-Maybach 6 Cabriolet ရဲ့ စျေးနှုန်းက ပေါင်စတာ လင် ၂၆ဝ,ဝဝဝ အထက်မှာ ရှိပါလိမ့်မယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here