EFI Type Auto ဆိုင်ကယ်များ တစ်လတစ်ကြိမ်ခန့် Air Cleaner ပုံမှန်စစ်ဆေးသင့်

1310

မန္တလေး၊ သြဂုတ် ၂၂

ပြည်တွင်း၌ စီးနင်းနေသော ဆိုင် ကယ်များတွင် ဆီအသုံးပြုသည့် အပိုင်း၌ ကာပရိုက်တာ Type  နှင့် EFI Type ဟူ၍ နှစ်မျိုးနှစ်စားရှိရာ EFI Type ဆိုင်ကယ်များ အနေဖြင့် Air Cleaner စစ်ဆေးခြင်းကို တစ်လတစ်ကြိမ်ခန့် ပုံမှန်လုပ်ဆောင်သင့်ကြောင်း မန္တလေးမြို့ခံ ဝါရင့်ဝပ်ရှော့ဆရာများက အကြံပြု ကြသည်။

”EFI Type ဆိုင်ကယ်တွေ အနေနဲ့ Air Cleaner စစ်ဆေးတာကို တစ်လတစ်ကြိမ်လုပ်သင့်တယ်၊ အများစုက ဆီမှားထည့်မိရင် ပလပ်လေးပဲ လဲလိုက်ကြတာများတယ်၊ အဲဒီယူဆချက်က မပြည့်စုံဘူးဖြစ်နေတယ်၊ ဆီမှားထည့်မိပြီဆိုရင် Pump ဆေးရမယ်၊ ဒါမှ ပလပ် မကြာခဏလဲရတဲ့ပြဿနာ နည်းသွားမယ်၊ ထို့အတူပဲ  Air Cleaner လည်း တစ်လတစ်ကြိမ် စစ်ဆေးမှသာ ဆီနဲ့လေလိုက်တာမှန်ပြီး စက်သံမှန်စေမယ်၊ စက်သံမှန်မှ အင် ဂျင်ဆွဲအား ကောင်းပါမယ်”ဟု မန္တလေးမြို့ခံ ဝါရင့် ဝပ်ရှော့ဆရာ  ဦးစိုးသိန်းက ပြောကြားသည်။

EFI Type ဆိုင်ကယ်များတွင် အသုံးပြုသော ပန့်စနစ်သည် လေနှင့်ဆီကို အချိုးကျရှူရှိုက်ပြီး မီး ပေါက်ကွဲအားကိုပေး၍ စက်အင်ဂျင်လည်ပတ်စေခြင်းဖြစ်ရာ Air Cleaner တွင်ဖုန်မှုန့်များထူထပ်စွာ ကပ်နေပါက လေရှူရှိုက်နှုန်း မမှန်သဖြင့် စက်သံမမှန်ဖြစ်ကာ အင်ဂျင်ဆွဲအား လျော့ကျစေမည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

”Air Cleaner ဆိုတာ လေကိုရှူတာရော၊ ပြန်ထုတ်တာရော လုပ်တယ်၊ လေကိုရှူပါများတော့ ဖုန်က အမြဲဝင်တယ်၊ ဖုန်တွေများ လာရင် လေကို ကောင်းကောင်း မရှူနိုင်တော့ဘူး၊ EFI Type ဆီ တွန်းပို့တဲ့နေရာမှာ ပန့်ကို သုံးကြ တယ်၊ ပန့်က ဆီနဲ့လေကို သူ့အချိုးကျ Auto တွန်းပို့နေတာ၊ Air Cleaner ကနေ လေပုံမှန်မရှူနိုင်ရင်ပန့်မှာ အချိုးကျမမှန်တော့ဘဲ စက်သံမငြိမ်တာတွေ ဖြစ်ပေါ်စေပါတယ်၊ အထူးသဖြင့် Highway သွားနေကျသူတွေဆိုရင် Air Cleaner ကို တစ်လတစ်ခါ ပုံမှန်စစ် ဆေးသင့်ပါတယ်”ဟု မန္တလေးမြို့  ‘Auto Click Service Center ‘ မှ တာဝန်ခံ ကိုဇော်ဝမ်းက ဆိုသည်။

ယင်းသို့Air Cleaner စစ်ဆေးခမှာ ကျပ်တစ်ထောင်ခန့်သာ ကျသင့်မည်ဖြစ်ပြီး တစ်လတစ်ကြိမ် ပုံမှန်မစစ်ဘေးဘဲ လကြာရှည်စွာ သုံးစွဲနေပါက ပန့်ကိုထိခိုက်နိုင်သဖြင့် မလိုလားအပ်သော ကုန်ကျစရိတ်များ ဖြစ်ပေါ်လာနိုင်သောကြောင့် EFI Type ဆိုင်ကယ်တိုင်း Air Cleaner၊ ပန့်နှင့် အင်ဂျင်ဝိုင် တို့ကို ပုံမှန်စစ်ဆေးသင့်ကြောင်း မန္တလေးမြို့ရှိ ကျွမ်းကျင် ဝပ်ရှော့ ဆရာများထံမှ စုံစမ်းသိရသည်။

”Air Cleaner ပုံမှန်မစစ်ရင် ပန့်စနစ်မှာပါ ထိခိုက်နိုင်တယ်၊ Air Cleaner လည်းမစစ်၊ ပန့်လည်း မဆေးတာကြာလို့ ပန့်တစ်ခုလုံး လဲရပြီဆိုရင် ပန့်တစ်လုံးကို လေးသောင်းအထက်မှာ ရှိတယ်၊ Air Cleaner ရော လဲရပြီဆိုရင် ငါးသောင်းဝန်းကျင် ကုန်ကျနိုင်တယ်၊ ဒါကြောင့် လစဉ်ပုံမှန်စစ်ဆေးတာက ကုန်ကျစရိတ် သက်သာနိုင်ပါ တယ်”ဟု မန္တလေးမြို့ ‘နယူး စကိုင်း ဆိုင်ကယ်အပိုပစ္စည်းဆိုင်’ပိုင်ရှင် ဦးမောင်မောင်ခကဆိုသည်။

မြန်မာနိုင်ငံ၌ စီးနင်းအသုံး ပြုနေသည့် ဆိုင်ကယ်အများစုတွင် ထိုင်း Click၊ Scoopy၊ အိန္ဒိယ FZ စသော ဆိုင်ကယ်များသာ EFI Type ဖြင့် ထုတ်လုပ်ထားကြပြီး တရုတ်ဆိုင်ကယ်အများစုမှာမူ ရိုးရိုး ကာပရိုက်တာType  သာ ဖြစ် သည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here