EFI Type ဆိုင်ကယ်များဆီတိုင်ကီထဲတွင် အနည်းဆုံး ဆီတစ်လီတာ အထက်ရှိမှသာစီးနင်းသင့်

1362

မန္တလေး၊ဧပြီ

EFI Type (PGM-FI) နည်းပညာသုံးဆိုင်ကယ်များဖြစ်သော Honda Click, Scoopy i စသောဆိုင်ကယ်များအနေဖြင့် ဆီတိုင်ကီထဲတွင် အနည်းဆုံး ဆီတစ်လီတာအထက် ရှိမှသာ ဆိုင်ကယ်အား စီးနင်းသင့် ကြောင်း Technical ပညာရှင်တစ်ဦးဖြစ်သူ ဆရာကျော်ဇင်ကောင်း(မုံ ရွာ) က အကြံပြုပြောကြားသည်။             ”မြန်မာနိုင်ငံက ဆီတွေကဆီ သန့်မှု အားနည်းတဲ့အတွက် ဆိုင်ကယ်စီးတာကြာလာတာနဲ့အမျှ ဆီတိုင်ကီထဲမှာ အမှုန်အမွှားတွေအများကြီးရှိနေနိုင်ပါတယ်၊ EFI နည်းပညာသုံး ဘယ်ဆိုင်ကယ်မဆို ဆီတိုင်ကီထဲမှာ အနည်းဆုံး ဆီတစ်လီတာ လက်ကျန်ထားပြီးမှသာစီးသင့်တယ်၊ ဆီတစ်လီတာလောက် ပဲကျန်တော့တာနဲ့ ဆီထပ်ဖြည့်တာမျိုးလုပ်သင့်တယ်၊ဘာကြောင့် လဲဆိုရင် ဆီအရမ်းနည်းရင် စီးနေရင်း လမ်းမှာတုန်ခါတာနဲ့ အမျှ ဆီထဲက အမှုန်အမွှားတွေကထလာမယ်၊ အဲဒီအမှုန်အမွှားတွေက ဆီစက်၊ ပန့်မော်တာတို့ Injector တို့မှာ ချေးတင်တာများလာပြီဆိုရင် ဆီလိုက်မမှန်တာတွေကတဆင့် ရုန်းအားဆွဲအားတွေမှာ ကျစေနိုင်တယ်”ဟု ၎င်းကအကြံပြုသည်။

ဆီများသည် ဆီတိုင်ကီထဲမှတဆင့်ဆီစက်၊ပန့်မော်တာနှင့် Injector သို့ ရောက်ရှိပြီး Injector မှ ဆီဖြန်းပေးကာအမှုန်အမွှားများမှတဆင့် ချေးတင်မှုများလာပါက အင်ဂျင်ရုန်းအားဆွဲအားများ ကျဆင်းစေနိုင်သည့်အပြင် ပန့်မော်တာလည်း ကြာရှည်မခံခြင်းကြောင့် အသစ်တစ်လုံးလဲလှယ်ရပါက Honda ဆိုင်ကယ်များဖြစ်ပါက အနည်းဆုံး ကျပ်ငါးသောင်းခန့်ကုန်ကျနိုင်ကြောင်း၊ ထို့ကြောင့် ဆီတိုင်ကီထဲတွင် အမှုန်အမွှားများ အမြဲထနေခြင်းမရှိအောင် အနည်းဆုံး ဆီတစ်လီတာအောက်ထိ မစီးနင်းသင့်ကြောင်း မန္တလေးမြို့ ရွှေနဒီ EFI ဆိုင်ကယ် Service Center မှ ကိုဇော်ဝင်းကလည်း အကြံပြုသည်။

”အမှုန်အမွှားဆိုတာ ဆီတိုင်ကီအောက်ခြေမှာ အနည်ထိုင်နေတတ်တယ်၊ဆီများရင် အမှုန်အမွှားတွေ ထလာတာမျိုးမရှိဘူး၊ ဆီနည်းရင် နည်းသလို အမှုန်အမွှားတွေက ထလာတယ်၊ ဒါကြောင့် EFI ဆိုင်ကယ်တွေအကုန်လုံး အနည်းဆုံး ဆီတစ်လီတာလောက် ကျန်တဲ့အထိပဲ စီးသင့်တယ်၊ဆီကိုလည်း အောက်တိန်း 95 ပဲ ထည့်စီးစေချင်တယ်”ဟု ကိုဇော်ဝင်းက ဆက်လက်ပြောဆိုသည်။

EFI ဆိုင်ကယ်တိုင်း ဆီသန့်မှုနှင့် ဆီလိုက်မှန်ကန်မှု၊ လေဝင်လေထွက်ကောင်းမွန်မှသာအင်ဂျင်ရုန်းအားဆွဲအားကောင်းမွန်စေမည်ဖြစ်ပြီး အိတ်ဇောပိုက်မှလည်း ဆီအနံ့ထွက်မှုကင်းဝေးစေမည်ဖြစ်ကြောင်း ဆရာကျော်ဇင်ကောင်း(မုံရွာ) ကထပ်မံပြောကြားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

 

LEAVE A REPLY

Please enter your comment!
Please enter your name here