EFI ဆိုင်ကယ်များရပ်နားစဉ် သော့ပိတ်ပါက သော့အိမ်၏ ရှေ့အဖုံးကို ပါ လုံခြုံအောင်ပိတ်သင့်

844

မန္တလေး၊မတ်

EFI(PGM-FI) Type ဆိုင်ကယ် များဖြစ်သော Honda Click , Scoopy များနှင့် YAMAHA ကုမ္ပဏီထုတ် ဆိုင်ကယ်များအနေဖြင့် ရပ်နားစဉ်သော့ခတ်ပါက သော့အိမ်၏ ရှေ့အဖုံးကိုပါ လုံခြုံအောင် မဖြစ်မနေ ပိတ်သင့်ကြောင်း မန္တလေးမြို့ခံဝါရင့်ဝပ်ရှော့ဆရာများက အကြံပြုပြောကြားသည်။

”EFI Type ဆိုင်ကယ်တွေမှာ သော့ခတ်ပြီဆိုရင် အများစုက သော့ခတ်ရုံလေးပဲ ခတ်သွားကြတယ်၊ တစ်ချို့ကလည်း ဇက်သော့ခတ်တယ်၊ ဒါပေမယ့် ဇက်သော့ခတ်ရုံနဲ့မပြီးသေးပါဘူး၊ သော့အိမ် ရဲ့ ရှေ့အဖုံးကိုပါ လုံခြုံအောင် ပိတ်ဖို့လိုအပ်ပါတယ်၊ Honda Click မိုဒယ်မြင့်ဆိုင်ကယ်တွေကတော့ ဇက်သော့ခတ်လိုက်တာနဲ့ ရှေ့အဖုံးက Auto ပိတ်သွားတယ်၊ ဒါပေမယ့် တစ်ချို့ Scoopy ဆိုင်ကယ်တွေနဲ့ YAMAHA ကုမ္ပဏီ ထုတ်ဆိုင်ကယ်တွေမှာ ဇက်သော့ခတ်ပေမယ့်လို့ ရှေ့အဖုံးက Auto ပိတ်မသွားတာတွေရှိတယ်၊ အကောင်းဆုံးကတော့ EFI Type ဆိုင်ကယ်တွေမှမဟုတ်ဘူး ဘယ် ဆိုင်ကယ်မဆို ဇက်သော့ခတ်ရင် သော့အိမ်ရဲ့ ရှေ့အဖုံးပါလုံခြုံအောင်ခတ်စေချင်တယ်” ဟု မန္တလေးမြို့ ရွှေနဒီ EFI Service Center မှ ကိုဇော်ဝင်းကပြောကြား သည်။

EFI Type ဆိုင်ကယ်များအနေဖြင့် ဆိုင်ကယ်ရပ်နားစဉ် ဇက်သော့ခတ်ပြီး သော့အိမ်၏အရှေ့ဖုံးအား ပိတ်ထားပါကသော့တုဖြင့် အဆိုပါ အဖုံးအား အလွယ်တကူ ဖွင့်၍ မရနိုင်ကြောင်း၊ ထို့ပြင်အဆိုပါအဖုံးအတွင်းထည့်ထားသည့်သံလိုက်တုံးနှင့် သော့တံ၏ သံလိုက်တုံး တစ်ထပ်တည်းတူညီမှသာ ဖွင့်လှစ်ရနိုင်သည့်အတွက် ဆိုင်ကယ်ခိုးခံရမှုမှာ ကင်းဝေးစေရန် ဆိုင်ကယ်ရပ်နားတိုင်း သော့အုံ၏ ရှေ့ဖုံးအား ဂရုတစ်စိုက်ပိတ်သင့်ကြောင်း မန္တ လေးမြို့ခံ ဝါရင့်ဝပ်ရှော့ဆရာများက အကြံပြုပြောကြားသည်။

”သော့အုံရဲ့ ရှေ့ဖုံးအတွင်းထဲမှာ သံလိုက်တုံးလေးတွေမြုပ်ထားတာရှိတယ်၊ အဲဒီလိုပဲ သော့တံရဲ့အရင်းမှာလည်း သံလိုက်တုံးလေးတွေ မြှုပ်ထားတာရှိတယ်၊ အဲဒီရှေ့ သော့ဖုံးကိုဖွင့်တဲ့အချိန်ကျရင် သူ တို့သံလိုက်တုံးတွေဟာ ထပ်တူကျနေမှ ရှေ့ဖုံးကိုဖွင့်လို့ရတာ၊ ရှေ့ဖုံးသာပိတ်ထား Original သော့က လွဲပြီး ဘယ်သော့နဲ့မှဖွင့်လို့မရဘူး၊ ရှေ့ဖုံးဖွင့်လို့မရရင် သော့ခလောက် အိမ်ထဲထိ သော့တုနဲ့ ထိုးလို့လည်း မရတော့ဘူးပေါ့၊ အခုဆိုင်ကယ်ခိုးခံရတဲ့ ဆိုင်ကယ်တွေကိုကြည့်ရင် အဲဒီသော့အိမ်ရဲ့ ရှေ့အဖုံးလေးကို မပိတ်မိလို့ ခိုးခံရတာများတယ်”ဟု မန္တလေးမြို့ခံ ဝါရင့်ဝပ်ရှော့တစ်ဦးက ရှင်းပြသည်။

မည်သူမဆို ဆိုင်ကယ်ရပ်နားပါက ဇက်သော့အပြင်သော့အိမ်၏ ရှေ့ဖုံးကိုပါ ပိတ်ရန်လိုအပ်ပြီး မိမိ နေထိုင်သောနေရာနှင့်မျက်ကွယ်ရာတွင် မထားရန်လိုအပ်၍ သံကြိုး သော့၊Disc ဘရိတ်သော့ စသော လုံခြုံရေးကာကွယ်သည့် ပစ္စည်းများ ဆောင်၍ အမြဲတစေခတ်ရန် လိုအပ်ကြောင်း ဝပ်ရှော့ကျွမ်းကျင် သူများက ထပ်မံအကြံပြုသည်။

”ကိုယ်ကမိုဒယ်နိမ့်ဆိုင်ကယ် ဖြစ်နေလို့ သော့အိမ်ကမကောင်းတော့ဘူးဆိုရင်တော့ သံကြိုးသော့ဆောင်ထားတာပဲဖြစ်ဖြစ် ဆိုင်ကယ်ရှေ့ဘီးမှာ Disc ဘရိတ်သော့ တပ်ဆင်ထားတာပဲဖြစ်ဖြစ် တစ် နည်းနည်းနဲ့ ကာကွယ်ရေးပစ္စည်းဆောင်ထားသင့်ပါတယ်၊ သော့ကောင်းတဲ့သူတွေအနေနဲ့ ကတော့ သော့အိမ်ရဲ့ရှေ့ဖုံးကို ဂရုတစ်စိုက် ပိတ်မလား၊ ဆိုင်ကယ်ခိုးမှုအန္တရာယ် ဖိတ်ခေါ်မလားလို့ပဲ မေးရတော့မယ်”ဟု မန္တလေးမြို့ခံဝါရင့်ဝပ် ရှော့ဆရာ ကိုဇော်ဝင်းက ထပ်မံ ဆိုသည်။

‘ကျော်ကျော်အောင်(ကလေး)

LEAVE A REPLY

Please enter your comment!
Please enter your name here