EFI  စနစ် ဆိုင်ကယ်များ ဆိုင်ကယ်လီဗာဆောင့်ဆွဲ၍ မောင်းနှင်ပါက  အင်ဂျင်ဆွဲအား  ကျဆင်းစေနိုင်

1793

EFI စနစ် ဆိုင်ကယ်များဖြစ်သော ထိုင်း Honda Click ၊ Scoopy စသော ဆိုင်ကယ်များကိုမောင်းနှင်ရာတွင် ဆိုင်ကယ်လီဗာဆောင့်၍ အမြဲလိုလို မောင်းနှင်မှုရှိပါက နှစ်အနည်းငယ်အတွင်း ဆိုင်ကယ်အင်ဂျင်ဆွဲအား ကျဆင်းစေနိုင်ကြောင်း မန္တလေးမြို့ခံဝါရင့်ဝပ်ရှော့ ဆရာများက အကြံပြုပြောကြားသည်။

 

”ဂီယာဘီးတွေက လီဗာဆောင့် ဆွဲလိုက်လည်း ဂီယာချိန်းတဲ့အခါ လီဗာပြန်လျှော့ရတာမို့ အင်ဂျင် သိပ် မထိခိုက်ဘူး၊ EFI Auto ဘီးတွေကျတော့ ဂီယာဘီးနဲ့ မတူဘူး၊ လီဗာ ဆောင့်ဆွဲလိုက်ရင် ဆွဲလိုက်သလို အင်ဂျင်ကနေ ထုတ်ပေးထားတဲ့ ကရိုင်းရှပ်နဲ့ ဆက်ထားတဲ့ ခြောက်လုံးဘောတို့၊ ဂါပနာရှုးတို့ ပတ်သားကြိုးတို့၊ ကရောင်းအုံထဲက ပင်နယံ တို့ကို ပျက်စီးစေနိုင်တယ်၊ ပျက်စီးစေနိုင်တယ်ဆိုတာ ချက်ချင်းကြီး ပျက်စီးသွားမှာ မဟုတ်ဘူး၊ အမြဲတမ်း လီဗာဆောင့်ဆွဲပြီး သွားပါများရင် ကျွန်တော်ရှေ့မှာ ပြောခဲ့တဲ့ အစိတ်အပိုင်းတွေ အထိနာလာမယ်၊ အထိနာပါများရင် ပျက်စီးမှုဖြစ်ပြီး နောက်ပိုင်းမှာ အင်ဂျင်အရုန်း၊ အဆွဲပါ ကျဆင်းစေနိုင်တယ်”ဟု မန္တလေးမြို့ ‘ရွှေနဒီ Service Center ‘ မှ ကိုဇော်ဝင်းက အကြံပြုသည်။

 

ထိုသို့ နှစ်အနည်းငယ်အတွင်း အင်ဂျင်ဆွဲအား ကျဆင်းပါက ယင်းဆိုင်ကယ်အား ပြန်ရောင်းချိန်တွင် ကာလတန်ကြေး ပေါက်စျေးထက် အနည်းငယ် လျော့ကျစေမည်ဖြစ်ပြီး အရှုံးပိုများစေမည်ဖြစ်ကြောင်း၊ ဆိုင်ကယ်တစ်စီး ပြန်ရောင်းရာတွင် ဝယ်/ရောင်းအများစုမှာ ကာဗာ၊ အင်ဂျင်ဆေး အပွန်းအစင်းထက် အင်ဂျင် ရုန်းအား၊ ဆွဲအားကို ပိုမို ဆန်းစစ်ကြသည့်အတွက် မိမိဆိုင်ကယ် ပြန်ရောင်းချိန်တွင် အရှုံးနည်းစေလိုပါက ယခုကတည်းက လီဗာ ဆွဲရာ၌ သတိထားရမည်ဖြစ်ကြောင်း မန္တလေးမြို့ခံ ဝါရင့်ဝပ်ရှော့ဆရာများက ထပ်မံ အကြံပြုသည်။

 

”ဘယ်သူမဆို ဆိုင်ကယ်တစ်စီး စီးတာကြာလာရင် ပိုကောင်းတဲ့ နောက်ထပ်အသစ်တစ်စီး ထပ်ဝယ် ကြမှာပဲ၊ မန္တလေးမြို့ခံအများစုကတော့ ထပ်ဝယ်ပြီဆိုရင် အရင်စီးနေတဲ့ အဟောင်းဘီးကို ပြန်ရောင်းတာ များတယ်၊ ပြန်ရောင်းပြီဆိုတာ နဲ့ ဘယ်သူမဆို စျေးကောင်းရချင်တာပဲလေ၊ ကိုယ်က အခုကတည်းက လီဗာဆွဲတဲ့အချိန်ကအစ သတိနဲ့ မဆွဲဘူး၊ ဆိုင်ကယ်ကို ဂရုမစိုက်ဘူးဆိုရင် ပြန်ရောင်းတဲ့အချိန် သူများထက် ပိုရှုံးမှာပဲ၊ အကောင်းဆုံးကတော့ EFI ဆိုရင် လီဗာဆွဲတာကအစ ဆောင့်ဆွဲတာမျိုး မဟုတ်ဘဲနဲ့ ဖြည်းဖြည်းချင်း ဆွဲဖို့လိုတယ်။ တချို့က Auto ဘီးဆိုရင် ဂီယာချိန်းစရာမလိုတဲ့အတွက် လီဗာကို စိတ်ကြိုက်ကစားလို့ရတယ် ထင်နေကြတယ်”ဟု မန္တလေးမြို့ခံ ဝါရင့်ဝပ်ရှော့ဆရာတစ်ဦးက ရှင်းပြသည်။

လက်ရှိ ပြည်တွင်းစျေးကွက် အတွင်း တရုတ်ဆိုင်ကယ် Brand များတွင် EFI စနစ်ဖြင့် ထုတ်လုပ် ခြင်းမရှိသေးဘဲ ထိုင်းနှင့် ဂျပန်နိုင်ငံထုတ် Honda ၊ YAMAHA စသော ဆိုင်ကယ် Brand များသာ EFI စနစ်ဖြင့် ထုတ်လုပ်မှုရှိသေးကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here