Easy Rider Motorbike ကုမ္ပဏီမှ ၀န်ထမ်းပေါင်း ၁၂၀ ကျော်အတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများထောက်ပံ့

94

 

မန္တ​လေး၊ ​မေ ၁၆

ထိုင်းနှင့် ဗီယက်နမ်နိုင်ငံထုတ် Honda ဆိုင်ကယ်များ အဓိကဖြန့်ချိလျက်ရှိသော Easy Rider Motorbike ကုမ္ပဏီမှ ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ မြိတ်၊ မြ၀တီ စသော ရုံးခွဲများရှိ ၀န်ထမ်းပေါင်း ၁၂၀ ကျော်အတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ထုပ်နှင့် စားသောက်ဖွယ်ရာများကို မေ ၁၆ ရက်က ထောက်ပံ့ပေးခဲ့ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

“Covid-19 စဖြစ်ချိန် ဧပြီ ၄ ရက်ကတည်းက ကျွန်တော်တို့ကုမ္ပဏီရဲ့ ရုံးခွဲဆိုင်ကယ်အရောင်းပြခန်းတွေအားလုံးကို ပိတ်ထားတာ ဒီနေ့ပဲ ပြန်ဖွင့်ပါတယ်၊ ပိတ်ထားတဲ့ကာလတစ်လျှောက်လုံး ဧပြီလရော၊ မေလရော ၀န်ထမ်းတွေကို လစာအပြည့်ပေးထားသလို အခု ပြန်ဖွင့်ချိန်မှာလည်း လစာအပြည့်အပြင် လစာတစ်လစာ ဘောနပ်စ်အဖြစ် ပေးဖြစ်တယ်၊ ပြီးတော့ Covid-19 ကာလ စား၀တ်နေရေးကျပ်တည်းနေကြချိန် ထောက်ပံ့ကြေးအဖြစ် ဆန် ၂၄ ပြည်တစ်အိတ်၊ ပဲဆီ နှစ်ပိဿာ၊ ခေါက်ဆွဲခြောက်ထုပ် အထုပ် သုံးဆယ်၊ ကြက်ဥအလုံး သုံးဆယ်တို့ကို တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် ထောက်ပံ့ပေးဖြစ်ပါတယ်” ဟု Easy Rider Motorbike ကုမ္ပဏီ၏ Managing Director ဦးတင်ကျော်နန္ဒက ပြောကြားသည်။

ထိုသို့ထောက်ပံ့ရာတွင် ဆိုင်ကယ်အရောင်းပြခန်းများရှိ ၀န်ထမ်းများအားလုံးနှင့် ဆိုင်ကယ်တင်သွင်းရာနှင့် ဖြန့်ချိရေးလုပ်ငန်းများတွင် လုပ်ကိုင်သော ၀န်ထမ်းများအားလုံး ပါ၀င်ကာ Easy Rider Motorbike ကုမ္ပဏီ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် နဂါး Lady ကုမ္ပဏီ၏ ၀န်ထမ်းများအားလုံးပါ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ထုပ်များကို ထောက်ပံ့ပေးခဲ့ကြောင်း ယင်းကုမ္ပဏီမှ ထပ်မံသိရသည်။

“နဂါး Lady ကုမ္ပဏီကတော့ ဂျပန်ကားမျိုးစုံ၊ အမေရိကန်ကားတွေနဲ့ Sokon ၊ Sojan စတဲ့ ကားမျိုးစုံရောင်းဖြစ်တယ်၊ Easy Rider ကတော့ ဆိုင်ကယ်မျိုးစုံ ရောင်းတာပေါ့၊ Covid-19 ကာလ အများစု စိတ်ညစ်မှုတွေဖြစ်ကြတဲ့အချိန်မှာ ၀န်ထမ်းတွေအတွက် အခုလို လုပ်ငန်းခွင်ပြန်၀င်တဲ့အခါ စိတ်ဓာတ်မကျအောင်၊ စိတ်မညစ်အောင် ပျော်ပျော်ရွှင်ရွှင်အလုပ်တွေ ပြန်လုပ်နိုင်အောင်လို့ အခုလိုကူညီထောက်ပံ့ပေးဖြစ်တာပါ” ဟု Easy Rider Motorbike ကုမ္ပဏီ၏ Managing Director ဦးတင်ကျော်နန္ဒက ထပ်မံဆိုသည်။

Easy Rider Motorbike ကုမ္ပဏီကို ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် မန္တလေး၊ ပုသိမ်၊ မြိတ်၊ ရန်ကုန်တို့တွင် ရုံးခွဲများဖွင့်လှစ်ထားကာ မြန်မာနိုင်ငံတွင် ထိုင်းနှင့် ဗီယက်နမ်ဆိုင်ကယ်များ အစီးရေအများဆုံး တင်သွင်းဖြန့်ချိရောင်းချပေးနေသော ကုမ္ပဏီလည်းဖြစ်သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here