Ducati ဆိုင်ကယ်တိုင်းတွင် စီးနင်းသူ ပိုမိုလုံခြုံစေသည့် ရေဒါစနစ်ကို ၂ဝ၂ဝ ပြည့်နှစ်တွင် စတင်တပ်ဆင်ပေးမည်

586

အီတလီဆိုင်ကယ်ကုမ္ပဏီ Ducati  သည် ၎င်းတို့ ထုတ်လုပ်ရောင်းချသော ဆိုင်ကယ်တိုင်းတွင် စီးနင်းသူကို ပိုမိုလုံခြုံစိတ်ချရမှုရှိစေသည့် ရေဒါစနစ်အား လာမည့် ၂ဝ၂ဝ ပြည့်နှစ်၌ စတင်တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ဧပြီ ၂ဝ ရက်တွင် auto.ndtv သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြထားသည်။

စစ်ပွဲများတွင်သုံးစွဲသည့် ရန်သူ၏ ခြိမ်းခြောက်မှုများကို ကြိုတင်ထောက်လှမ်းပေးသော ရေဒါစနစ်နှင့် မတူညီသည့်  Ducati  ၏ Advanced Rider Assistance Systems(ARAS) မှာ အာရုံခံ ကိရိယာများနှင့် ရေဒါစနစ်တို့ ပေါင်းစပ်ထားခြင်းဖြစ်ပြီး ဆိုင်ကယ်၏ ရှေ့နှင့် နောက်ဘက်များတွင် တပ်ဆင်ထားခြင်း ဖြစ်သည်။ ဆိုင်ကယ်ရှေ့ဘက်တွင် တပ်ထားသည့် ရေဒါစနစ်သည် ဆိုင်ကယ်ဘီးလည်အားကို ထိန်းချုပ်နိုင်ကာ မိမိ အရှေ့မှ အခြားယာဉ်တစ်စီးနှင့် လုံလောက်သော အကွာအဝေးတွင် ရှိရန် သတ်မှတ်နိုင်သလို မျက်နှာချင်းဆိုင် မတော်တဆဖြစ်နိုင်မည့်ကိစ္စရပ်တိုင်းကိုလည်း မောင်းသူကို ကြိုတင်သတိပေးသွားမည်ဟု သိရသည်။

ဆိုင်ကယ်အနောက်ဘက် တွင် တပ်ထားသော ရေဒါစနစ်မှာ မောင်းသူမမြင်နိုင်သည့် နောက်ဘက် Blind Spot အရပ်မှ အခြားယာဉ်များကို ထောက်လှမ်းဖော်ပြပေးမည်ဖြစ်ကာ ပြင်းထန်သောအရှိန်ဖြင့် မိမိနောက်မှ ကပ်လိုက်လာမှုကိုလည်း ကြိုတင်သတိပေးသွားမည် ဖြစ်သည်။ မော်တော်ကားများတွင် သုံးစွဲသည့်  Driver Assistance System နှင့်ဆင်တူသော ARAS  ရေဒါစနစ်ကို Ducati သည် မီလန်တက္ကသိုလ်နှင့် ပူးပေါင်းတီထွင်ခဲ့ခြင်းဖြစ်ပြီး မူပိုင်ခွင့်မှတ်ပုံတင်ထားကာ လာမည့် ၂ဝ၂ဝ ပြည့်နှစ်မှစ၍ ၎င်းတို့ထုတ်လုပ်ရောင်းချသည့် ဆိုင်ကယ်တိုင်းတွင် တပ်ဆင်ပေးသွားမည်ဟု သိရသည်။ ဆိုင်ကယ်စီးသူတိုင်း ပိုမိုလုံခြုံမှုရှိစေမည့် ‘Safety Road Map 2025’ နည်းဗျူဟာ ချမှတ် အကောင်အထည်ဖော်နေသော Ducati သည် ၂ဝ၁၄ ခုနှစ် တွင် မတော်တဆမှုဖြစ်ပါက ၄၅ မီလီစက္ကန့်အတွင်း လေအိတ်ပွင့် စေသည့်ဂျာကင်ကို ပထမဆုံးထုတ်လုပ်ခဲ့သလို တည့်တည့်မောင်းချိန်တွင်သာ အသုံးဝင်သည့် ပုံမှန် ABS ဘရိတ်စနစ်အစား အချိုးအကွေ့များတွင်ပါ သုံးနိုင်သည့် ABS ဘရိတ်စနစ်ကိုလည်း တီထွင်ထားပြီး ဖြစ်သည်။

Ref : auto.ndtv.com

LEAVE A REPLY

Please enter your comment!
Please enter your name here