Ducati က ရေပန်းအစားဆုံး စတုတ္ထမျိုးဆက် New Multistrada V 4 ဆိုင်ကယ် စတင်မိတ်ဆက်

70

ကမ္ဘာကျော် Brand တစ်ခုဖြစ်သော Ducati က ရေပန်းအစားဆုံး စတုတ္ထမျိုးဆက် Multistrada V 4 ဆိုင်ကယ်ကို နိုဝင်ဘာလဆန်းပိုင်းက www.ducati.com ဝက်ဘ်ဆိုက်နှင့် အခြားသော Social Media များမှတစ်ဆင့် မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

စတုတ္ထမျိုးဆက်အဖြစ် လာမည့် ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတကာဈေးကွက်၌ စတင်ဖြန့်ချိမည့် Ducati ၏ New Multistrada V 4 ဆိုင်ကယ်သည် V4 Granturismo အင်ဂျင်တပ်ဆင်ထားကာ Record Maintenance Intervals ပါဝင်၍ အဆင့်မြင့်လမ်းညွှန်စနစ်ကို အသုံးပြုနိုင်မည်ဖြစ်ပြီး အရှေ့အနောက် ရေဒါတပ်ဆင်ထားသည့် ကမ္ဘာ့ပထမဆုံးဆိုင်ကယ်ဖြစ်ကြောင်း၊ အဆိုပါဆိုင်ကယ်သည် Sport Type ဖြစ်ပြီး ကျစ်လျစ်သွယ်လျ၍ ပေါ့ပါးသောကိုယ်ထည်ရှိကာ Electronic MotoGP ပါဝင်သည့်အပြင် မည်သည့်လမ်းအနေအထားမဆို ကောင်းမွန်စွာမောင်းနှင်နိုင်မည့် Chassis ဖြင့် တည်ဆောက်ထားကြောင်း၊ Main Maintenance Intervals တွင် ကီလို ခြောက်သောင်းတိုင်း မှတ်တမ်းမှတ်ထားပေးသည့်အတွက် သက်သောင့်သက်သာနှင့် အန္တရာယ်ကင်းစွာမောင်းနှင်နိုင်ရန် ရေဒါစနစ်ဆီသို့ အချက်အလက်များပေးပို့ပြီး Map Navigator ကိုလည်း Dashboard မှ ကြည့်နိုင်မည်ဖြစ်ကြောင်း Ducati ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဒီဇိုင်းပိုင်းတွင်လည်း နည်းပညာနှင့် လိုက်လျောညီထွေရှိစွာ ဖန်တီးထားပြီး သွက်သွက်လက်လက်နှင့် အကြမ်းခံသည့်အသွင် ပုံဖော်ထားကာ Wheelbase ကို ဆိုင်ကယ်ဘော်ဒီနှင့် လိုက်လျောညီထွေမှုရှိအောင် သေသပ်စွာ ဖန်တီးပေးထားသည်ကို တွေ့ရသည်။ ထို့ပြင် လမ်းကြမ်းများတွင် မောင်းနှင်နိုင်စေရန် ပုံဖော်ထားပြီး ၂၂ လီတာဆံ့ ဆီတိုင်ကီနေရာ အပါအဝင် လမ်းကြမ်းပေါ်တွင် မတ်တတ်ရပ်မောင်းလျှင်ပင် အကောင်းဆုံးမောင်းနှင်နိုင်မည့် အနေအထားရအောင် ကူညီပေးမည့် ဒီဇိုင်းလည်းဖြစ်သည်။

အင်ဂျင်ကို ယခင်ထက် ပေါ့ပါးစေရန် 66.7 kg အနေအထားနှင့် မြင်းကောင်ရေအား 170 hp ထုတ်လုပ်နိုင်သကဲ့သို့ 10,500 Rpm နှင့် အမြင့်ဆုံး Torque မှာ 8750 Rpm တွင် 125 Nm ထုတ်လွှတ်နိုင်မည်ဖြစ်ကာ Semi-active Ducati Skyhook Suspension (DSS) Control System with Autoleveling Function လည်း ပါဝင်သည်။ ထို့ပြင် ထူးခြားမှုအနေဖြင့် မီးပွိုင့်ရောက်ချိန် ဆိုင်ကယ်ရပ်သည့်အခါ Rear Bank (အနောက်ဆလင်ဒါ နှစ်လုံး)လည်း ရပ်သွားပြီး ဆိုင်ကယ်မောင်းသူနှင့် လိုက်ပါစီးနင်းသူကို အပူချိန်လျော့သွားစေသကဲ့သို့ လောင်စာဆီသုံးစွဲမှုကိုလည်း လျော့နည်းစေမည်ဖြစ်ကာ အရောင်အနေဖြင့်လည်း ဆွဲဆောင်မှုရှိစေမည့် မီးခိုးရောင်နှင့် အနီရောင် အရောင်နှစ်မျိုး ထုတ်လုပ်ပေးထားကြောင်း Ducati က ထုတ်ပြန်သည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- Ducati

LEAVE A REPLY

Please enter your comment!
Please enter your name here