Dual-Purpose ဆိုင်ကယ်များနှင့် အခြေခံ Off-Road မောင်းနှင်နည်းများ အပိုင်း(၁ဝ)

1211

Lawrence Peace

(၆) အကွေ့တွေမှာ ရှေ့ဘီးနဲ့မြေပြင်ကို ကောင်းမွန်စွာ ထိတွေ့နေပါစေ။

အကွေ့တွေမှာ ရှေ့ဘီးဆီကို အလေးချိန်ပိုလိုက်စေခြင်းက ကွေ့ရတာကို ပိုပြီးလွယ်ကူစေပါတယ်။ ဥပမာ ဘယ်ဘက်ကိုကွေ့မယ်ဆိုရင် ဆီတိုင်ကီအရင်းနားထိရောက်အောင် ရွှေ့ထိုင်လိုက်ပြီး ဘယ်ခြေထောက်ကို ကားထုတ်လိုက်ပြီးကွေ့တဲ့ပုံစံမျိုးပါ။ ဘယ်ခြေထောက်က လိုအပ်ရင် မြေပြင်ပေါ်လည်း လှမ်းထောက်လို့ရတဲ့ပုံစံပေါ့။ အကွေ့က သိပ်ကျဉ်းနေမယ်ဆိုရင် ထုတ်ထားတဲ့ခြေထောက်နဲ့ မြေပြင်ပေါ်လှမ်းထောက်ပြီး ကွေ့ လို့ ရနိုင်တာပေါ့။ ညာဘက်ကို ကွေ့မယ်ဆိုရင်လည်း အဲဒီအတိုင်းပါပဲ။ ခန္ဓာကိုယ်ကို အရှေ့ဘက်ကိုတိုးထိုင်၊ ညာခြေထောက်ကို ကားထုတ် အဆင်သင့်လုပ်ထားပြီး ကွေ့နိုင်ပါတယ်။ ခန္ဓာကိုယ်ကို ရှေ့ဘီးဆီ ပို့ထားတာကြောင့်လည်း နောက်ဘီးမှာ အလေးချိန်သက်ရောက်မှု နည်းလာပြီး အလွယ်တကူ Slide ဆွဲ ကွေ့နိုင်စေပါတယ်။ Dual-Purpose ဆိုင်ကယ်ပဲဖြစ်ဖြစ်၊ Off-Road စစ်စစ် Dirt Bike တွေပဲဖြစ်ဖြစ် ဆီတိုင်ကီ အရင်းနားအထိ ထိုင်ခုံတွေရှည်ကြတာ သတိပြုမိမှာပါ။ ဒီလို ပြုလုပ်ထားတာဟာ လိုအပ်ရင် အဲဒီနေရာတွေအထိ တက်ထိုင်လို့ရအောင် ပြုလုပ်ထားတာပါ။ Motocross Dirt Bike တွေဆို ဆီတိုင်ကီ အဖုံးနေရာအထိ တက်ထိုင်လို့ရအောင် ပြုလုပ်ထားပါတယ်။

 

(၇) ကုန်းအတက်တွေကို မတ်တတ်ရပ် ရှေ့ဘက်ကိုနည်းနည်းယိုင်ပြီး မောင်းတက်ပါ။

တောင်ကုန်းတွေက သိပ်မတ်နေရင် အရှိန်ယူပြီးတက်ပါ။ Dual-Purpose ဆိုင်ကယ်တွေက ပျမ်းမျှ 250 CC ကနေ 450 CC အထိရှိကြတဲ့အတွက် RPM Range တစ်ခုကို ထိန်းထားသင့်ပါတယ်။ ဆိုလိုတာက ဂီယာနံပါတ်နှစ်လောက်နဲ့ RPMကို 6000 ကနေ 8000 အတွင်း ရှိနေအောင် လီဗာပုတ်ထားပြီး အရှိန်ယူတက်တာကိုပြောတာပါ။ ပြီးတော့ မတ်တတ်ရပ်ပြီး ခန္ဓာကိုယ်ကို ရှေ့ဘီးဘက်ကိုယိုင်ပြီး အလေးချိန်ပိုထားပါ။ နောက်ဘီးကို လွတ်လပ်စွာလည်ပတ်စေပြီး RPM အမြင့်နဲ့ ယက်ပြီး တက်သွားပါစေ။ ခန္ဓာကိုယ်ကို အရှေ့ဘက်ကို ယိုင်ထားတဲ့အတွက် နောက်ဘီးမှာ အလေးချိန်ပေါ့သွားပါတယ်။ အဲဒီအခါမှာ နောက်ဘီးက ယက်ပြီး တက်နိုင်သွားတာပါ။ နောက်ဘီးက RPM အမြင့်နဲ့လည်ပတ်နေပြီး စလစ်ဖြစ်တဲ့အခါလည်း ဖြစ်ပါတယ်။ နောက်ဘီးက ယက်လိုက်၊ စလစ်ဖြစ်လိုက်နဲ့ပဲ Grip ရပြီး တက်သွားနိုင်ပါတယ်။ ဒီလို Technique ဟာ မြေသားအမာတွေ၊ ကျောက်ခဲလေးတွေများတဲ့ အတက်တွေအတွက် အလွန်ပဲသင့်တော်ပါတယ်။ ဖုန်ထုများတဲ့ အတက်တွေအတွက် ထိုင်ခုံမှာပဲထိုင်ချထားပြီး ဂီယာနံပါတ်တစ်နဲ့ ရုန်းတက်တာပဲ သင့်တော်ပါတယ်။ အထက်ကဖော်ပြထားတဲ့ Technique အတိုင်း တက်မယ်ဆိုရင်တော့ နောက်ဘီးက ဖုန်ထုထဲမှာ စလစ်ဖြစ် ချော်ထွက်နေပြီး Grip မရဘဲ ဆိုင်ကယ် လဲကျသွားနိုင်ပါတယ်။

 

(၈) ကုန်းအဆင်းတွေမှာ မတ်တတ်ရပ် နောက်ဘီးဆီကို ယိုင်ထားပြီး ဂီယာကြီးနဲ့ဆင်းပါ။

အဆင်းတွေမှာတော့ အရမ်းသတိထားရပါတယ်။ အဆင်းမှာ မှောက်ရင်၊ လဲရင် မလွယ်ပါဘူး။ လူလည်းအထိနာသလို ဆိုင်ကယ်လည်း အထိနာပါတယ်။ လူနဲ့ဆိုင်ကယ်လည်း လုံးထွေးကျသွားနိုင်ပြီး အန္တရာယ်အလွန်များပါတယ်။ အဆင်းတွေမှာတော့ ဂီယာနံပါတ်နှစ်လောက်နဲ့ မတ်တတ်ရပ် အနောက်ဘက်ကိုယိုင်ထားပြီး လက်ကိုင်တွေကို အပေါ်ဘက် မဆွဲထားပြီး ဆင်းသင့်ပါတယ်။ ရှေ့ဘရိတ်နဲ့နောက်ဘရိတ်ကို မျှသုံးနိုင်ပါတယ်။ ခန္ဓာကိုယ်က အနောက်ဘက်ကိုယိုင်ထားတဲ့အပြင် လက်တွေကလည်း လက်ကိုင်ကို မဆွဲထားတဲ့အတွက် ရှေ့ဘီးကိုပိုပေါ့ပါးစေပြီး အဆင်းမှာ တွေ့ ရမယ့် ကျောက်တုံးကျောက်ခဲတွေကို အသာလေးပဲ နင်းဖြတ်သွားနိုင်ပါတယ်။ ရှေ့ဘီးက ကျောက်တုံးတွေနဲ့ တိုက်မိမယ်။ ဒါပေမဲ့ ရှေ့ဘီးပေါ်မှာ အလေးချိန်မရှိတဲ့အတွက် ဘီးကအသာလေးပဲ တိုက်မိတဲ့ကျောက်တုံးပေါ်ကိုလိမ့်တက်ပြီး ဖြတ်ကျော်သွားနိုင်တာပါ။ ဒါမှမဟုတ် ရိုးရိုးပဲ ထိုင်ပြီးဆင်းမယ်ဆိုရင်တော့ ရှေ့ဘီးက အလေးချိန်ထမ်းထားရတဲ့အတွက် ရုတ်တရက် ကျောက်တုံးတစ်ခုနဲ့တိုက်မိမယ်ဆိုရင် မဖြတ်ကျော်နိုင်တော့ဘဲ ခေါင်းစိုက်ကျွမ်းပစ်ပြီး လဲကျသွားနိုင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်…

 

 

 

 

 

အကွေ့တွေမှာ ဆီတိုင်ကီရှေ့နားကို တိုးထိုင်ပြီး ကွေ့သင့်ပါတယ်။ ရှေ့ဘီးမှာ အလေးချိန်ပိုထားတာကြောင့် စလစ်ဖြစ်ဖို့ အခွင့်အရေးနည်းပါးသွားပြီး ထိထိမိမိ ကွေ့နိုင်စေပါတယ်။ နောက်ဘီးကို ပေါ့ပါးစေတာကြောင့် Slide ဆွဲနိုင်သလို ထုတ်ထားတဲ့ ခြေထောက်တစ်ဖက်ကလည်း လိုအပ်ရင် မြေပြင်ပေါ်လှမ်းထောက်နိုင်ပါတယ်။

 

 

 

 

 

ကုန်းတက်တွေကို ပုံထဲကအတိုင်းပဲ ရှေ့ဘီးဘက်ကို အလေးချိန်ပိုထားပြီး တက်သင့်ပါတယ်။ နောက်ဘီးက စလစ်ဖြစ်လိုက်၊ မြေစာတွေကို ယက်ထုတ်လိုက်၊ Grip ရလိုက်နဲ့ တက်သွားနိုင်ပါတယ်။ ဂီယာကြီးသုံးပြီး RPM 5000 အထက်တော့ ထိန်းထားဖို့ လိုအပ်ပါတယ်။ ပုံကတော့ Hill Climbing ပြိုင်ပွဲမှာ Professional Rider တွေက အလွန်မြင့်တဲ့ တောင်ကုန်းတွေကို တက်နိုင်ဖို့ အထူးပြုလုပ်ထားတဲ့ Dirt Bike တွေနဲ့ မောင်းတက်နေတဲ့ပုံပဲ ဖြစ်ပါတယ်။

 

 

 

 

ကုန်းအဆင်းတွေကို ပုံပါအတိုင်းပဲ ခန္ဓာကိုယ်ကို အနောက်ဘက်ကိုယိုင် နောက်ဘီးမှာ အလေးချိန်ပိုထားပြီး ရှေဘီးကိုဆွဲမထားတဲ့ အနေအထားနဲ့ ဆင်းသင့်ပါတယ်။ ဂီယာနံပါတ်နှစ်လောက်ထားပြီး ဘီးတွေကို လည်ပတ်မှုရှိပါစေ။ အရှိန်များလာရင် နောက်ဘရိတ်ကို ဖမ်းလိုက်၊ လွှတ်လိုက်ပုံစံနဲ့ သုံးသင့်ပါတယ်။

 

စာဖတ်ပရိသတ်များ မော်တော်ဆိုင်ကယ်ဗဟုသုတတွေနဲ့ ပြည့်စုံကြပါစေ …

LEAVE A REPLY

Please enter your comment!
Please enter your name here